Professional Authors

သို့ …. ချစ်ရပါသော ကို ..

ဟင်း …. ငယ် ဘယ်နှစ်ကြိမ် မြောက်မှန်းမသိသော သက်ပြင်းရှည်ကြီးကို ချမိသည် …. ဟုတ်သည်လေ … ဒီချိန်ဆို သူ ရှိနေမည်မှန်း ငယ် သိသည်ပဲ … ပြီးတော့ … ငယ်လဲ အားနေသည်လေ … အဲဒိထက်ပိုဆိုးတာက .. ငယ် သူ့ ကို အစိမ်းလိုက် လွမ်းနေခြင်းဖြစ်သည် … ။ သို့သော် … ကွန်နက်ရှင်က ယုတ်မာသည် … ။ ထုံးစံအတိုင်း ကွန်နက်ရှင် ကျနေသဖြင့် … ငယ့်မှာ ကွန်ပျူတာရှေ့ ငုတ်တုတ်ထိုင်၍ လွမ်းနေရသည် … သူရှိနေသော နေရာက ငယ်နဲ့အဝေးကြီးလည်းမဟုတ် … လမ်းလျှောက်သွားလျှင်ပင် ဆယ်မိနစ်အတွင်းရောက်နိုင်သည် … သို့သော် … အချိန် … အချိန်က ညရှစ်နာရီခန့်ရှိနေပြီ … ။ ငယ် သွားဖို့ ဘယ်လိုမှ မဖြစ်နိုင် … ။ အဲ … ငယ်တွေးလိုက်ပြီးမှ သူ့ကို အားနာသွားပြန်သည် … ကို့နား ရှိရဖို့ဆို ငယ် ဘာပဲ လုပ်ရလုပ်ရ လုပ်မိတော့မယ် လို့ ပြောခဲ့ဖူးတာမှ မကြာသေး .. ။ အခု သေမတတ်လွမ်းနေပါလျက် … မဝေးလှသော အကွာအဝေး တစ်ခု အတွင်းမှာ ရှိနေပါလျှက်နှင့် … ငယ် အချိန်ကို လွှဲချမိနေသည် … ။ အိုး … မိငယ် … နင်ဟာ အတော်မုန်းဖို့ကောင်းတဲ့မိန်းမပါလား … ။

 

မတတ်နိုင် … ငယ် တက်မလာရင်တော့ ကွန်ကျနေလို့ ဆိုတာ သူ သိလိမ့်မည် … ။ ဒါဆို … သူ ငယ့်ဆီ ဖုန်းဆက်လိမ့်မည်လား … ငယ် မျှော်လင့်ချက် ရေးရေးလေး ထားမိသည် …။ သို့သော် … ငယ်ချစ်သော ကိုသည် ငယ့်ဆီ အရေးကြီး ကိစ္စ မရှိပဲ ဖုန်းဆက်လေ့မရှိ … ငယ်ကသာ သူ့ အသံကြားချင်လှ၍ အကြောင်းမရှိအကြောင်းရှာ ဖုန်းဆက်လေ့ရှိသူ … ။ ငယ် ထိုအကျင့်ကို ပြင်ရန်ကြိုးစားနေပါသည် … ။ ကို က အလုပ် တစ်ဖက်နဲ့မလား … ငယ်ဖုန်းဆက်သောအချိန် ကို အလုပ်ရှုပ်နေလျှင် .. သို့မဟုတ် ငယ့်နဲ့ ဖုန်းပြောနေဖို့ အခြေအနေ မပေးလျှင် … သူ စိတ်ရှုပ်သွားမှာ .. ငယ် ကြောက်ပါသည် … ။ ဘယ်သူ့မှ ဂရုမစိုက်တတ်သော ငယ်သည် … ထိုလူတစ်ဦး စိတ်အနှောင့်ယှက်ဖြစ်မှာကိုတော့ သေမတတ်ကြောက်လေသည် … ။ ကိုယ့်ကိုယ်ကိုလဲ အံ့သြ၍မဆုံး … ။ သူ့အား အဘယ်ကြောင့် ထိုမျှ ချစ်မိသွားသနည်း .. ငယ်ကိုယ်တိုင် စဉ်းစား၍ မရသေးပါ … ။ အို .. ဘာကြောင့်ဖြစ်ဖြစ်လေ … လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ အကြောင်းပြချက် များစွာ မလိုဘူး မလား … ။ အကြောင်းပြချက် တစ်ခုခု ရှိနေပြီဆိုလျှင် .. ဒါ သန့်စင်သော အချစ် မဟုတ်တော့ … ။ သမီးရည်းစားများ ပြောလေ့ရှိကြသည်မဟုတ်လား … မေ့ မျက်လုံး လှလှလေးကို ချစ်တာ တို့ .. မောင့်နှုတ်ခမ်းပါးလေးကို ချစ်တာ တို့ … ကဲ .. အာ့ဆို အဲ့မျက်လုံးကြီးတွေ နှုတ်ခမ်းကြီးတွေ မရှိတော့ရင် မချစ်တော့ဘူးပေါ့ … အဲ့လို သဘောကြီး ဖြစ်မနေဘူးလား … ။ ငယ်က တော့ ကို့ကို ငယ့် ကို မို့လို့ ချစ်တာဖြစ်သည် … ငယ်လဲ ငယ့်ကို စူးစိုက်ကြည့်တတ်သော ကို့ ပေမှေး မျက်လုံးလေးကို ချစ်ပါသည် … ငယ့် ဆံပင်များကို ထိုးဖွ ဆော့ကစားတတ်သော … ငယ့် နှာတံ တစ်လျှောက် တို့ထိကျီစယ်တတ်သော ကို့ လက်ချောင်း ရှည်သွယ်သွယ်လေးများကိုလဲ ချစ်ပါသည် … သို့သော် … ထို အရာများ မရှိလဲ ငယ် ကို့ကို ချစ်မည်သာ … ငယ် သူ့ကို ချစ်ခဲ့သည်မှာ အကြောင်းပြချက် မရှိဘူး မဟုတ်လား …. ။

 

ငယ့် ဖုန်း ပြားပြားလေး ထံမှ ၀သ်သင်း တမ်ပ်တေးရှင်း ၏ ယူတိုးပီးယား သီချင်းသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည် … တော်ပြီ .. သွားမကိုင်တော့ .. ဒါ ကို့ ဖုန်းသံမဟုတ် … ကိုဖုန်းလာလျှင် … အမ်တူးအမ်ဆိုသော တရုတ်မလေး နှစ်ယောက်၏ ‘Oh my pretty pretty boy i love you .. like i never ever loved no one before you … ‘ ဆိုသော သီချင်းသံ ကြားရပေလိမ့်မည် … ။ အဲ … ကို အလုပ်က ဖုန်းနဲ့ မဟုတ်ပဲ .. တခြားဆီကရောဆက်တာ မဖြစ်နိုင်ဘူးလား …။ မျှော်လင့်ချက် တစ်မျှင်ထဲဖြင့် .. မကိုင်တော့ဘူးလုပ်ထားသော ဖုန်းဆီသို့ ငယ် ပြေးသွားမိသည် … ။ မဟုတ် … ကို ဆက်တာ မဟုတ်ပါ … ငယ့်သူငယ်ချင်း မျက်ခွက်က ပြူးပြူးကြီး ဖုန်း စခရင်မှာ ပေါ်နေသည် …။

ဟဲလို ဟု ထူးလိုက်သံက နဲနဲများ မာသွားလားမသိ … သူငယ်ချင်းမလေး ပြောစရာရှိတာ ခပ်သွက်သွက်ပြောပြီး ဖုန်းချသွားသည် … ဆောရီးဟာ .. ငါစောင့်နေတာ နင့်ဖုန်းမဟုတ်ဘူး …. ။

 

ကိုးနာရီ ကျော်နေပြီ … ငယ် ကွန်ပျူတာရှေ့ ထိုင်၍ ဖုန်းစောင့်နေတုန်းပင်ဖြစ်သည် … ဟို တလောကတော့ သူသည် ညကိုးနာရီလောက် … ငယ့်ကို လွမ်းလို့ ဆိုပြီး ဖုန်းဆက်ဖူးသည် … သူ အလုပ်ရှုပ်ပြီး ဖုန်းမချသွားခင်အချိန်ထိ … နင့်ကို လွမ်းလိုက်တာ ငယ်လေးရာ ဟူသော စကားကို တတွတ်တွတ် ရွတ်နေခဲ့သည် … ။ထိုရက်များဆီက ငယ်သည် စာမေးပွဲဖြေရန်အတွက် အသည်းအသန် စာကျက်နေရချိန်ဖြစ်သည် … သူ့ဖုန်းလာတော့လဲ ငယ် စာအုပ်ရှေ့ချ၍ ဖုန်းထိုင်ပြောနေခြင်းဖြစ်သည် … ။ မျက်စိထဲတွင် စာတွေသာ မြင်နေသည် … နားမှာကြားနေရတာက လွမ်းတယ် ဆိုတာတွေချည်းသာ … ။ ထိုညက ငယ် တော်တော်နဲ့ အိပ်မပျော် … အိပ်ပျော်သွားတော့လဲ အိပ်မက်ထဲထိ ကိုက လွမ်းတယ်ဟု လာပြောနေပြန်သေးသည် … ။ အဲဒိနေ့က ငယ် ကြည်ကြည်နူးနူးလေး ဖြစ်သွားသည်ကိုတော့ ၀န်ခံသည် …။ ကို့ဖုန်းဆက်လျှင် ငယ့်ကို လွမ်းတယ် ဟူသော စကား ကြားရခဲလှသည်လေ … ။ ငယ် ထမင်းစားပြီးပြီလား မေးမည် … နေကောင်းလားမေးမည် … အဆင်ပြေလားမေးမည် … ငယ့်ကို မှာစရာရှိတာမှာမည်၊ပြောစရာရှိတာပြောမည် … ငယ် ဘာမှာဦးမလဲ မေးမည် … ပြီးလျှင် ငယ် အင်မတိအင်မတန် မုန်းတီးသော ဖုန်းချသွားသည့် အသံကိုကြားရမည် … ဒါ ကို့နဲ့ ဖုန်းပြောတဲ့ ပရိုဆီဂျာ ပဲလေ … ။ အင်း … တခါတလေလဲ … ငယ် မမေးရပဲနဲ့ ငယ့်ကို လွမ်းတယ်လို့ ကြားရတာ ပျော်ဖို့တော့ ကောင်းသား … ။ လူတိုင်းသည် ရှားပါးသော အရာများကိုမှ တန်ဖိုးထားတတ်ကြသည်မဟုတ်ပါလား …. ထို့ကြောင့် ငယ်သည်လဲ ကို့ပြောသော ချစ်တယ် ဟူသော စကားနှင့် လွမ်းတယ် ဟူသော စကားကို အလွန်တန်ဖိုးထားလေသည် … ။

 

ကိုးနာရီ ခွဲသွားပြီ … ကို့ ဖုန်းမလာသေး … သူ ငယ့်ကိုများစောင့်နေလား … ဒါမှမဟုတ် .. ဂိမ်းများဆော့နေလားမသိ … ဒီချိန်က ကို့ အလုပ်ဆင်းချိန်မဟုတ်သေးသည်ကိုတော့ ငယ်သိသည် … ။ ငယ် ကွန်ပျူတာ ပိတ်လိုက်သည် … ကွန်ပျူတာဖွင့်ထားပြီး တက်မလာသော ကွန်နရှင်ကို ထိုင်စောင့်နေရတာ ကို့ဖုန်းစောင့်ရတာထက်ပင်ပန်းသည် … ။ ငယ် ဖုန်းလေးယူ၍ အခန်းထဲ ၀င်ခဲ့သည် … မေကြီးက .. အစောကြီး အိပ်တော့မလို့လား တဲ့ … ဟင့်အင်း .. စာအုပ်ဖတ်ဦးမယ်လို့ …။ အမှောင်ထဲ ချောင်ထဲ တွင် ငုတ်တုတ်ထိုင်၍ ဖုန်းစောင့်ရတာထက် စာအုပ်ဖတ်ချင်ဟန်ဆောင်ရင်း ဖုန်းစောင့်ရတာက ပိုစိတ်သက်သာသည်မဟုတ်လား …. ။ ဂျူးစာအုပ်ဖတ်မည် ဟု စဉ်းစားလိုက်တော့ .. ကို့ကို သတိရသွားပြန်သည် … ကို က ဂျူးကို ငယ့်လောက် တမ်းတမ်းစွဲမကြိုက် … ကို ဖတ်လေ့ရှိသည်က လူနေ့ စာအုပ်တွေ တဲ့ … ကိုပြောဖူးသည် … တာရာမင်းဝေ ရေးတဲ့ပုံနဲ့ ဆင်လို့ ကြိုက်တာဟုလည်းပြောဖူးသည် …။ ငယ် တာရာမင်းဝေစာအုပ်များ ဖတ်ဖူးသော်လည်း .. လူနေ မဖတ်ဖူး .. ငယ် ဖတ်ကြည့်ဖို့ လိုက်ရှာပါသေးသည် … ဘယ်လို တိုက်ဆိုင်မှုမျိုးလဲတော့ မသိ … ကို လူနေ ကြိုက်သည်ဟု ပြောသည့်ရက်ကတည်းက … စာအုပ်ဆိုင်များတွင် လူနေ့ စာအုပ် ရှာမတွေ့တော့သည်က ထူးဆန်းလှသည် … ။ ကိုများ အကုန် သိမ်းကြုံးဝယ်လေသလား … ဒါတော့ မဖြစ်တန်ရာ … ။

 

ဟိုတွေး ဒီတွေးနဲ့ ဆယ်နာရီထိုးသွားပြီ … ဒီချိန်ဆိုရင်တော့ ငယ်တက်မလာတော့တာ ကို သိလိမ့်မည်ထင်သည် … ။ ဒါဆို ခနနေရင်များ ဖုန်းဆက်မလား မသိ … ခေါင်းအုံးပေါ် အသာချထားသော စာအုပ်ကို ကောက်ကိုင်လိုက်သည် … ချစ်သူရေးတဲ့ ကျမရဲ့ ညတွေ တဲ့ … အင်း … ဟုတ်သည် … ဒီညလဲ ချစ်သူရေးတဲ့ ကျမရဲ့ ညပါပဲ … ကိုရေးတဲ့ ငယ့်ရဲ့ ညတွေပေါ့ … ။ အဲ့ ဇာတ်လမ်းထဲက ရတနာ ဆိုသည့် ကောင်မလေး၏ ကာရိုက်တာက ငယ်နဲ့ အတော်ဆင်သည် … အထူးသဖြင့် … သူ့ ချစ်သူကို ချစ်တဲ့ပုံစံ … ပြီးတော့ ရတနာလဲ သ၀န်တိုတတ်သည် … ငယ်လဲသ၀န်တိုတတ်သည် … မတူတာ တစ်ခုကတော့ ရတနာက ထူးချွန်ထက်မြက်သည် … ငယ် .. ငယ်ကတော့ သိပ်မထူးခြားလှတဲ့ သာမန် ကျောင်းသူ တစ်ယောက်သာ … ။ ထို ဇာတ်လမ်းထဲကလိုများ မိမိချစ်သူကို အပြီးထားခဲ့ပြီး အခြားတစ်နေရသို့ ထွက်သွားရလျှင် … ချစ်သူနှင့် ပြန်မတွေ့ရတော့ဘူး ဟု သေချာလျှင် … ငယ်ဆိုရင်တော့ ထို အခြေအနေကို လက်ခံနိုင်ရန် အင်အားရှိမည် မဟုတ်ပါ … ကိုနဲ့အတူနေရဖို့ ကြိုးစားမိမည် ဖြစ်သည် … သို့မဟုတ် .. ကို့ကို ငယ်နဲ့ အတူ လိုက်ခဲ့စေမည် … ။ ရတနာကတော့ အတော်သတ္တိရှိသည့် မိန်းကလေး … နေသန့် ကို ချန်ထားခဲ့၍ မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည် … အတော် အသည်းမာတဲ့မိန်းမ … ။

 

ဆယ့်နှစ်နာရီ … ကို ဖုန်းမဆက်တော့ဟု သေချာသွားသည့် အချိန်တစ်ခုဖြစ်သည် … ။ ငယ် အိပ်သင့်နေပြီ … သို့သော် … ကို ဟိုတနေ့ကလို ငယ့်ကို လွမ်းလို့ ဆိုပြီး ဖုန်းဆက်ရင် ဘယ်လိုလုပ်မလဲ … ။ ငယ် အိပ်ပျော်သွား၍ ဖုန်းသံ မကြားလိုက်မှာ ကြောက်သည် … ။ ဖုန်းနဲ့ အလန်းမ်ပေးနေကျ ဆိုပေမယ့် … မသေချာသော အလုပ်ကို မလုပ်နိုင်ပါ … ငယ် အိပ်ရင်းနဲ့ ကို့ဖုန်းကို မစောင့်နိုင်ပါ … မအိပ်ပဲစောင့်မည် … ခု ဆယ့်နှစ်နာရီ … တစ်နာရီခွဲထိစောင့်မည် … ထို အချိန်သည် .. ကို ကဗျာရေးတတ်သော အချိန်ဖြစ်သည် … ကို ကဗျာရေးရင်းနဲ့ ငယ့်ကို လွမ်းလို့ ဆိုပြီး ဖုန်းထ မဆက်ဟု မည်သူ အာမခံနိုင်ပါသနည်း … ။ ငယ့် ကို သည် မထင်မှတ်ထားတဲ့ အဖြစ်အပျက်လေးတွေနဲ့ ငယ့်ကို ပျော်ရွှင်စေတတ်သူမလား … ။ စောင့်ပါမည် … ။ ငယ် မီးမှိတ်၍ အခန်းထောင့်လေးတွင် ငြိမ်ငြိမ်လေး ထိုင်နေရင်း ကို့ကို လွမ်းသည့်စိတ်က မတရားဆိုးရွား လာသည် …။ ငယ် နောင်တ ရနေသည် .. ။ ကို အလုပ်မှာ ရှိနေမည်ဟု သေချာနေသော အချိန်တုန်းက ငယ် ဘာလို့ ဖုန်းမဆက်မိတာပါလိမ့် … ။ ထိုအချိန်တုန်းက ဖုန်းဆက်မိလျှင် အနည်းဆုံး ကို့ အသံလေးတော့ ကြားနိုင်မည် မဟုတ်လား … ကို အလုပ်ရှုပ်နေဦးတော့ … ငယ်ရေ .. ကို မအားသေးဘူး … ဆိုတဲ့ အသံလေးပဲ ဖြစ်ဖြစ် ကြားလိုက်ရလျှင် … ငယ် စိတ်ချမ်းသာမည် ထင်ပါသည် … ။ မိငယ် … နင် အတော်အသုံးမကျတဲ့မိန်းမ … ကိုယ့်အပြစ်နဲ့ကိုယ်ပဲ … ခံပေါ့ … နင့် သနားမယ့်လူမရှိဘူး … ။

 

တစ်နာရီ ထိုးသွားသည် … ငယ့် ဖုန်းလေးက တုတ်တုတ်မျှ မလှုပ် … တစ်နာရီခွဲလျှင်လည်း ငယ်အိပ်ဖြစ်မည်မဟုတ်မှန်း ကိုယ့်ကိုယ်ကို သိနေသည် … တစ်နာရီခွဲသွားလျှင် နှစ်နာရီထိုးရင် အိပ်တော့မယ် ဟု တွေးမည် .. နှစ်နာရီထိုးလျှင် နှစ်နာရီခွဲ သုံးနာရီ သုံးနာရီခွဲ … ။ ထိုသို့ဖြင့်ပင် ဒီညကို ငယ် အိပ်ဖြစ်တော့မည်မဟုတ်မှန်း သေချာသွားသည် … ။ မတတ်နိုင် … သူ ဆက်ဆက်မဆက်ဆက် စောင့်ရမည်က ငယ့် တာဝန်မဟုတ်လား … ။ အဲ .. မဟုတ် .. တာဝန်နှင့် ၀တ္တရား အရ ငယ် ဖုန်းထိုင်စောင့်နေခြင်းမဟုတ်ပါ … သူ့ အသံကြားချင်ရုံ သက်သက် … သူ့ ကို လွမ်းရုံ သက်သက်ကြောင့်သာ … ။ ချစ်သူများသည် စိတ်ချင်း ဆက်နေသည်ဟု ဆိုကြသည်မဟုတ်လား … ငယ်လွမ်းသလို သူလဲ လွမ်းရင်လွမ်းနေလိမ့်မည် … ထိုအခါ .. ည နှစ်နာရီ သုံးနာရီလဲ ငယ့်ဆီ ဖုန်းမဆက်ဟု မပြောနိုင်ပါ … ။ မျှော်လင့်ချက် တစ်မျှင်လေးပဲရှိရှိ .. ငယ် ဆုပ်ကိုင်ထားမည်သာဖြစ်သည် … တညတလေ မအိပ်ရလို့တော့လဲ သေမသွားနိုင်ဘူး မလား … စာမေးပွဲ ဖြေနေတဲ့ရက်တွေတုန်းကလဲ မိုးလင်းပေါက်စာကျက်လိုက်ရတဲ့ ညတွေ ရှိတာပဲ … တစ်ရက်လောက်ပိုပြီး မအိပ်လိုက်ရတာနဲ့ ငယ် ဆိုးဆိုးရွားရွားကြီး ဖြစ်မသွားနိုင်ပါ …. ။

 

ငယ် မလာမည့် ဖုန်းကို စောင့်ဆဲဖြစ်သည် … ။ နောက်တစ်နေ့ အွန်လိုင်းပေါ်မှာ .. ဒါမှမဟုတ် ဖုန်းထဲမှာ … ဒါမှမဟုတ် လူချင်းတွေ့ဖြစ်သည့်အခါ .. ညတုန်းက မအိပ်ဖြစ်ဟု ပြောမိလျှင် ၊ အိပ်ရေးပျက်သဖြင့် နီရဲကျိန်းစပ်နေသော ငယ့်မျက်လုံးများကို တွေ့လျှင် … ကိုဆူလိမ့်ဦးမည် … ။ ငယ် သိပါသည် … ။ ကိုရေ … ဆူကာမှ ဆူရော … ငယ် ဖုန်းစောင့်ဦးမယ်နော် … ငယ်က ကို့ကို လွမ်းနေတာကိုး ….. ။ ။

In: ဝတ္ထု Posted By: Date: Oct 9, 2011
Comment #1

ငယ်က ကို့ကို လွမ်းနေတာကိုး ….. ။ ။

သိပ်ဟုတ်တာပေါ့ ငယ်လေးရေ……ပိုလွမ်းမိတဲ့သူက အသိဆုံးနော်…..။

commentinfo By: ကေသရီ at Oct 10, 2011
Comment #2

ကောင်းတယ်ဗျာ အရေးအသား။ အားပေးသွားပါတယ်။

commentinfo By: ChIr0N at Oct 12, 2011
Comment #3

ဟုတ် …
အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် … 🙂

commentinfo By: Nge Lay at Oct 12, 2011
Comment #4

ငယ်ရေ အဖြစ်အပျက်ခြင်း တူလိုက်တာ 🙂

commentinfo By: raingirl at Oct 20, 2011
Comment #5

🙂

commentinfo By: Nge Lay at Nov 20, 2011
Comment #6

ကောင်းတယ်…အားပေးတယ်နော်…ဆက်ရေး

commentinfo By: အောင်အောင် at Aug 20, 2012
Comment #7

ei ka dot ya bu.
a yann ta ti ya yin msg poh like dar be.

commentinfo By: ei lay at Aug 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment