Professional Authors

ဒေါက်တာမာတင်တဲ့လား မကြားချင်ဘူးကွယ်-ကိုကိုတွန့်

ဒေါက်တာမာတင်တဲ့လား မကြားချင်ဘူးကွယ်

     နံနက်ခင်းတစ်ခုတွင် ညာဖြန်းဝါးတီး ဆရာဂျီးဦးတွန့် ဟိုက်တီးလက်ဖက်ရည်ဆိုင်ထဲ ပလာတာတစ်ချပ်နှင့် လက်ဖက်ရည်တစ်ခွက် တီးပြီး သကာလ သူ့အတွက် ပိုက်ဆံရှင်းမည့်သူ ဒကာကို မျှော်နေခိုက် မောင်အူကြောင်တစ်ယောက် ခေါင်းငိုက်စိုက်ဖြင့် ကံဆိုးစွာ

ဝင်လာသည်ကို တွေ့လိုက်ရလေ၏။

    တစ်နေ့လုပ်တစ်နေ့ပြောင် မောင်အူကြောင်ဟူသည်ကား ညဏ်ပညာထက်မြက်သော

သားဖြစ်သူ ဆေးကျောင်းသားတစ်ယောက်ကြောင့် ခေတ်ဟောင်း အဆိုတော်ကြီး ကိုမင်းနောင်၏ “ဂျင်မလေး ဂျမ်းပမာ ” သနားချင့်စဖွယ် ချာချာလည်နေရသူဖြစ်သည်။ ထို့ပြင်တစ်ရပ်ကွက်တည်းနေ ညဏ်များလှသော ဦးတွန့်၏ လှိမ့်ချင်သလိုလှိမ့်၍ရသော အချဉ်တုံး သံပရာသီးကြီးလည်း ဖြစ်ခဲ့လေ၏။

    “ ထိုင်လေကွဲ့ မောင်အူကြောင်၊ မင်းမှာလည်း မျက်နှာမရွှင်မလန်းနဲ့ ဘာတွေများ အခက်ကြမ်း ကြုံရသလဲ။ ရင်ဖွင့်စရာ၊ တိုင်ပင်စရာရှိရင် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ဘွင်းဘွင်းသာ ပြောချလိုက် ”

    ဦးတွန့်သည် လက်ဖက်ရည်တစ်ခွက်၊ ပလာတာတစ်ချပ် အလကားမတ်တင်း ဖရီးဝါးရခြင်း အလို့ငှာ မောင်အူကြောင်၏ အခက်အခဲများကို ဆရာဂျီးလုပ်ကူညီပေးရန် ဖော်လန်ဖားလိုက်လေ၏။

    “ ဒီကောင်ကြောင့် ခက်ပါတယ် ဆရာတွန့်ရယ်၊ ကိုယ့်လို ပညာမဲ့မှာစိုးလို့ ကြိုးစားပြီး  ကျောင်းထားပေးနေရတာကို သူတို့ကိုယ် သူတို့ ဟန်းနီးမွန်းတွေ၊ ပစ်ကနစ်တွေများ ထွက်တယ်များ အောက်မေ့နေလား မသိပါဘူး။ ကြက်တူရွေးကတော်တော် မယ်တော်က ကဲဆိုတာလို ပညာသင်တာက တော်တော် ပကာသနတွေက များလွန်းလှပါတယ်ဗျာ။ ကျောင်းသွားဖို့ ဆိုင်ကယ်၊ ဒီနေ့နာမည်ကြီး တံဆိပ်အ၀တ်အစား၊ အသုံးအဆောင်ပစ္စည်း၊ ကျူရှင်၊ ကွန်ပျူတာ၊ တစ်ခုပြီးတစ်ခု လိုက်လို့ကို မဆုံးနိုင်အောင်ပါပဲလားဗျာ ”

    လူစင်စစ်မှ ဒဏ်ရာရထားသော သားကောင်တစ်ကောင်အဖြစ်သို့ ဘ၀ပြောင်းလဲသွားသော မောင်အူကြောင်၏ ခိုညည်းချင်းကို နားဆင်ပြီးသကာလ၊ ဆရာတွန့်သည် သူတတ်ထားသမျှ၊ မှတ်ထားသမျှ ပညာစွမ်းပြရတော့မည့်အသွင် ခွင်တွေ့ပြီအထင်ဖြင့်

ပါးစပ်ထဲမှ ကွမ်းကို ဗျစ်ခနဲ ထွေးထုတ်လိုက်ရင်း ဆရာဂျီးလေသံဖြင့် . . .

    “ မရှိတာထက် မသိတာခက်ဆိုတာ အဲဒါပြောတာပေါ့ကွာ။ ဒီလိုကိစ္စမျိုးတွေဟာ ခုခေတ်မှာမှ ပေါ်လာတဲ့အထူးအဆန်းတွေ မဟုတ်ဘူး၊ မင်းရဲ့သားတစ်ယောက်တည်းကိုမှ ရွေးပြီး ဖြစ်လာတဲ့ရောဂါလည်း မဟုတ်ဘူး။ ဟိုရှေးပဝေသဏီကတည်းက ဒါမျိုးတွေဆိုတာ ဖြစ်တည်လာခဲ့တာ၊ အမျိုးသားပညာရေးဝန် ဆရာကြီး ဦးဖိုးကျားတို့ လက်ထက်မှာကတည်းက သွားတာလာတာ၊ အ၀တ်အစားပြိုင်တာ၊ အထက်တန်းကျကျ နေထိုင်ကြတာ၊ ကုန်ကုန်ပြောရရင် စီးတဲ့ဖိနပ်ကအစ ပြိုင်ကြတဲ့ကောလိပ်ကျောင်းသား မောင်သောင်းတို့လို လူမျိုးတွေဆိုတာ တစ်လှေကြီးပဲ။ ဒါပေမဲ့ အမှားနဲ့အမှန်ကို ခွဲခြားတတ်လာပြီး ပြုချင်ပြင်ချင်စိတ်ရှီ၊ မိဘကိုလည်း စာနာသနားစိတ်လည်း ရှိတဲ့ ကောလိပ်ကျောင်းသား မောင်သောင်းလိုလူက ဆရာကြီး ဦးဖိုးကျားလို လူနဲ့တွေ့တော့ အကျွတ်တရားရလွယ်နိုင်ပေမယ့် ပင်ကိုဓာတ်ခံကိုက မသိတတ်တဲ့ ကလေးမျိုးကျတော့ လွယ်လွယ်နဲ့ မကျွတ်နိုင်ဘူးပေပ။ ဒီနေရာမှာ အရင်တုန်းက ပညာရှင်များ မပြီးနိုင် မစီးနိုင် ငြင်းကြခုံကြ ဆွေးနွေးခဲ့ကြတဲ့ “ ဗီဇနဲ့ ပတ်ဝန်းကျင် ” ဆိုတဲ့ ပြဿနာကြီးကို ပြန်လည်စဉ်းစားသုံးသပ်ကြမယ် ဆိုရင် . . .။ ”

    ဆရာတွန့်သည် မောင်အူကြောင်နှင့် ဘေးနားက လူများပါ အထင်ကြီးလာစေရန် ကြီးကြီးကျယ်ကျယ် ဖြီးဖြန်းရန် ကြံလိုက်စဉ်မှာပင် မောင်အူကြောင်သည် ခေါင်းကို တွင်တွင်ခါယမ်းလိုက်ရင်း ဒဏ်ရာရထားသော ခိုတစ်ကောင်အဖြစ်မှ ကျွမ်းကျင်သော ဆလိုက်ရှင်ဘောလီဘောသမားအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပြန်သည်။

    “ အဲဒါတွေ နားထားလိုက်စမ်းပါဗျာ။ အဲဒါတွေက ပညာရှင်တွေ အလုပ်ပါ။ ကျွန်တော်က ပညာရှင်မှ မဟုတ်တာ၊ ကျွန်တော် မသိချင်ပါဘူး။ ပြောချင်တာက ဒီကောင်တွေ လောလောလတ်လတ် အရူးအမူးဖြစ်နေကြတဲ့ ရောဂါအကြောင်းပါ။ အိမ်ကကောင်ပေါ့ဗျာ။

ခု ဒေါက်တာမာတင်မှ ဒေါက်တာမာတင်ဖြစ်နေတယ်။ အိပ်မက်ထဲမှာတောင် ဒေါက်တာမာတင်ဖြစ်နေသလား မသိပါဘူး။ ဒေါက်တာမာတင်မှ မရရင်ဘဲ စာမေးပွဲ မဖြေချင်တော့သလိုလို၊ စာမေးပွဲကျတော့မလိုလိုဘဲ ”

    မောင်အူကြောင်၏စကားကြောင့် ဦးတွန့်သည် ပညာရှိ ငါးခူပြုံးလေး ပြုံးလိုက်ရင်း ဒါလေးများ ၀ါဆေး စား ဆိုသည့်သဘောဖြင့် အလွယ်တကူ ဖြေရှင်းပေးလိုက်သည်မှာ . . .

    “ ဖြစ်မှ ဖြစ်ရပလေ မောင်အူကြောင်ရယ်၊ ငါ့မှာဖြင့် ဘာများလဲလို့၊ မင်းက ငါးသာ မျှားချင်ပြီး  တီကိုင်ရမှာ ကြောက်တဲ့သူလို ရေကူးတော့ တတ်ချင်ပြီး ရေထဲမဆင်းရဲတဲ့သူလိုဘဲ။ ရေထဲ လက်တွေ့မဆင်းပဲနဲ့တော့ ဘယ်လိုမှ ရေကူးမတတ်နိုင်ဘူး မောင်အူကြောင်။ကလေးတောင်းဆိုတာ သဘာဝကျပါတယ်။ သူ တကယ်တတ်ချင်၊ သင်ချင်ရှာလို့ အသင်အပြကောင်းတဲ့ သူတို့မေဂျာဆရာ ဒေါက်တာမာတင်ဆီမှာ ကျူရှင်တတ်ချင်တယ်ပြောတာနေမှာပေါ့။ မင်းက မိဘဆိုတော့ ကလေးဆန္ဒလိုက်လျောပေးရမှာပ။ ဒါမျိုးတွေဆိုတာကခေတ်ကိုလွန်ဆန်လို့ မရဘူးလေ။ သိတယ် မဟုတ်လား။ ဒီနေ့ခေတ်က အိုင်တီခေတ်ကနေ အီးခေတ်ကိုတောင် ရောက်တော့မှာ မင်းတို့၊ ငါတို့ဟာ မကြာခင်အချိန်လေးမှာ မျက်စိစုံမှိတ်သွားကြရတော့မှာ။ အနာဂတ်ကို သူတို့လက်ထဲ လွှဲအပ်ခဲံရတော့မှာ။ ယုံကြည်စိတ်ချစွာ အပ်ထားနိုင်ခဲ့ဖို့ ဒီကောင်တွေ ပညာကောင်းကောင်းတတ်ဖို့ လိုတယ်။ ပညာတွေ ပြည့်စုံထားဖို့ လိုတယ်။ မညံ့ခဲ့ဖို့ လိုတယ်။ သူတို့လေးတွေ ပညာတကယ်သင်ချင်၊ တတ်ချင်ကြတယ်ဆိုတာ ကိစ္စဆိုးတွေ မဟုတ်၊ ကိစ္စကောင်းတွေသာ ဖြစ်တ်ယ။ ဒါနဲ့နေပါဦးဒေါက်တာမာတင်ဆိုတာ တော်တော်နာမည်ကြီးတယ်နော်။ ပညာတွေလည်း စွယ်စုံတတ်ပုံ ရတယ်။ အရပ်ထဲက

ကလေးတစ်ချို့လည်း ဒေါက်တာမာတင်၊ ဒေါက်တာမာတင်နဲ့ ပြောနေသံကြားရတယ်။ အဲဒါဒေါက်တာမာတင်က ဘယ်မှာ ကျူရှင်ပေးနေသတဲ့လဲ ”

    မောင်အူကြောင်သည် နဂိုကတည်းက သူ့သားကြောင့် စိတ်ရှုပ်နေရသည့်အထဲ ဦးတွန့်၏ကတို့ဆိပ်မှာ မှို့အိတ်ဖွင့်လိုက်သည့် ဆရာဂျီးလေသံတွေကို နားမခံနိုင်တော့သည့်အဆုံး၊ ဦးတွန့်မျက်နှာကို အော်ဂလီဆန်စွာ စေ့စေ့စိုက်ကြည့်လိုကရင်း . . .

    “ ထွီ ဘာမှနားမလည်၊ ဘာမှမတတ်ဘဲ ဆရာဂျီးလုပ်ပြီး ဖြီးစတတ်တွေ အုပ်မနေနဲ့။ ဒေါက်တာမာတင်ဆိုတာ ခင်ဗှားထင်သလို ကျူရှင်ဆရာမဟုတ်ဘူး။ ဒီနေ့ကျောင်းသားလူငယ်တွေကြား ရေပန်းစားနေတဲ့ နိုင်ငံခြားမိတ် တစ်သိန်း၊ တစ်သိန်းခွဲပေးရတဲံ

ကွင်းထိုးဖိနပ်ဗျ သိရဲ့လား၊ ဟင်း၊ ဒါနဲ့များ ဘာမှလဲ မသိဘဲနဲ့ နေရာတကာ ဆရာဂျီး လုပ်ချင်သေးတယ် ”

    ဆိုပြီး လက်ဖက်ရည်ဆိုင်ထဲက ရှူးရှူးရှဲရှဲနဲ့ ထသွားတော့သည်။ ဘေးနားပတ်ဝန်းကျင် စားပွဲဝိုင်းက လူတွေကလည်း ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်နေရသလို စိတ်ဝင်တစားနဲ့ ၀ိုင်းအုံကြည့်နေကြ၊ အကဲခတ်နေကြသည်။ နေရာတကာ လူစွာလုပ်ပြီး သူသိသူတတ်ညာဖြန်းဝါးတီး ဆရာဂျီးဦးတွန့် အဲဒီနေ့က ဟိုက်တီး လက်ဖက်ရည်ဆိုင်ထဲမှာ အရှက်ကွဲ အကျိုးနည်းသွားသည်။ အတော်လည်း သိက္ခာကျသွားသည်။ မောင်အူကြောင်၏မလှန်နိုင်အောင် ချက်ကျကျ ထိုးနှက်ချက်တွေ ကြောင့်တော့ မဟုတ်။ ဒီလိုကိစ္စမျိုးတွေက အပွဲပွဲနွှဲလာခဲံတဲံ ဦးတွန့်အတွက် အရေထူနေပြီ။ အရှက်ကွဲသွားရသည့်အကြောင်းက သောက်ပြီးသည့် လက်ဖက်ရည်ဖိုးကို လက်ငင်းမရှင်းနိုင်သည့်အပြင် ပိုပြီးဆိုသည်မှာ သူ့အတွက် ကံဆိုးသူတစ်ယောက်ယောက်က င်ပြီး ရှင်းသွားစေဖို့ ကြံရွယ်ထားကာမှ သူ့အတွက်သာမကမောင်အူကြောင်အတွက်ပါ ပေါင်းပြီး သူ့အကြွေးစာရင်းထဲ ဆွဲသွင်း အမှတ်ခံလိုက်ရလို့ပင် ဖြစ်ပါတော့သတည်း။

                                            ကိုကိုတွန့်

                                            အတွဲ(27) အမှတ်(၃) 2011 မတ်လ

                                            ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း

In: ဝတ္ထု Posted By: Date: Aug 29, 2011
Comment #1

He..he..
mike de.

doctors tway ko kyauk par de shin.
pyin nyar shin g tway ko kyauk par de.

commentinfo By: ei lay at Dec 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment