Professional Authors

နိုင်ငံကြီးသား ပီသသူတိုင်း ဥပဒေကို လေးစားလိုက်နာကြသည် ဆိုလား

►►►

တစ်ခုသောနံနက်၌ ကျွန်ုပ်ငဟိန်းသည် အိမ်တွင်ရှိသောထမင်းကြော်ကိုမစားဘဲ နွားပျင်းသေးပေါက်၊ လူပျင်းတီးသောက်ဟူသော စကားအရ မိဘပိုက်ဆံဖြုန်းတီးရာလည်းရောက်၊ ဗဟုသုတလည်းတိုးပွားစေရန်အလို့ငှာ လမ်းထိပ်လက်ဖက်ရည်ဆိုင်ကလေးတွင် ဂျာနယ်တစ်စောင်၊ကျဆိမ့်တစ်ခွက်၊ဆေးလိပ်တစ်ပွဲ၊အကြမ်းတစ်အိုးဖြင့် ဒူးတနှန့်နှန့်ရှိနေစဉ်သကာလ တစ်ခုသော စာမျက်နှာအရောက်တွင် မျက်လုံးများပြူးကျယ်သွားရလေသည်။

 

                                              ►►►

မှန်ပေ၏။ စာကြောင်းများအား တစ်ကြောင်းပြီးတစ်ကြောင်း အလောတကြီးဖတ်ကြည့်မိနေသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလွန်းလှသောကြောင့်တည်း။ ပို၍ထူးခြားလှသည်မှာ ကျွန်ုပ်ငဟိန်း အလွန်လေးစားလိုက်နာသော တရားဥပဒေဖြင့် ဆက်စပ်နေ၍ဖြစ်ပေသည်။ ဤတွင် ကျွန်ုပ်အကြောင်းအနည်းငယ် ကြော်ငြာဝင်လို၏။ ကျွန်ုပ်သည် ဥပဒေအထက်တွင်မည်သူမျှမရှိ ဟုဆိုသော၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမ္မတကြီး ဘဘဦးသိန်းစိန်နှင့် တရားဥပဒေစိုးမိုးရေးဆိုတာ အလွန်အရေးကြီးတယ် ဟုဆိုသော ဒီမိုကရေစီလွှတ်တော်အမတ်ကြီး ကြီးကြီးဒေါ်အောင်ဆန်းစုကြည် တို့အား အထူး အရူးအမူးချစ်မြတ်နိုးသူ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်သည်နှင့်အညီ

နိုင်ငံတော်၏ တရားဥပဒေအားလွန်စွာမှလေးစားလိုက်နာခဲ့လေ၏။

ဥပမာအားဖြင့်ထုတ်နုတ်ပြရသော် – ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်မှုသည် တရားဥပဒေနှင့်မညီဟု ဆိုခဲ့သောကြောင့် ငြိမ်းချမ်းရေးမလိုလားသူလည်း မဖြစ်စေရန်၊ တရားဥပဒေနှင့်လည်းညီစေရန် ကျွန်ုပ်ငဟိန်းသည် ထိုပွဲကြီးကို ဖင်တရွတ်ဆွဲ၍ ပါဝင်ဆင်နွှဲခဲ့လေသည်။ စီတန်းလမ်းလျှောက်သူများအား တရားစွဲဆိုမည်ဆိုတော့ကား ကျွန်ုပ်ငဟိန်းမှာ ဖင်တရွတ်ဆွဲခဲ့သူဖြစ်၍ တရားစွဲဆိုခံရခြင်းမှ ကင်းလွတ်ခဲ့ပေသည်။ ဤကား ဥပဒေကို လေးစားလိုက်နာခြင်း၏ အကျိုးတည်း။ နောက် .. ရှိသေးသည်။ ဖယောင်းတိုင်မီးဖြင့် ဆန္ဒထုတ်ဖော်မှုများသည် တရားဥပဒေနှင့်မညီဟု နားစွန်နားဖျားကြားသိလိုက်သည်နှင့် ကျွန်ုပ်ငဟိန်းနှင့်အတူ ဥပဒေကိုလေးစားလိုက်နာသူအပေါင်းအသင်းတချို့သည် လက်နှိပ်ဓာတ်မီး၊လေဆာပွိုင့်တာ အစရှိသည်များဖြင့် ထိုးကာ ဆန္ဒထုတ်ဖော်ခဲ့လေသည်။ ကျွန်ုပ်တို့၏ ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မှုသည် နောက်ဆုံး၌ တာဝန်ရှိသူတစ်ဦးကပါ ” မျက်စိတွေစူးလှပါပြီ။ ဒီကိုမထိုးကြပါနဲ့တော့၊ မိုးနတ်မင်းကြီးဆီသာ လှမ်းထိုးကြပါ ” ဟု ပြောယူရသည်အထိ ဖြစ်ခဲ့လေသည်။ ထို့နောက် အသိမ်းခံရသောလယ်မြေများအတွက် ဆန္ဒထုတ်ဖော်မှုတွင်လည်း တာဝန်ရှိသူတစ်ဦးမှ ” နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဆန္ဒပြချင်ရင် ပြ။ အဲ…ထိုင်လို့တော့ မရဘူး။ ထိုင်တာနဲ့ ဆွဲမှာပဲ ” … ဟု တန်ဖိုးဖြတ်မရသော စကားတစ်ခွန်းအား တရားဥပဒေနှင့်အညီ မြွက်ကြားလေရာ ကျွန်ုပ်ငဟိန်းသည်

မထိုင်ဘဲ လှဲလျောင်းအိပ်စက်နေလိုက်ခြင်းဖြင့် လေးစားလိုက်နာခဲ့ဖူးလေသည်။ ကျွန်ုပ်၏ ရှေးယခင်ယခင် တရားဥပဒေအပေါ် လေးစားလိုက်နာမှုများအား ပြော၍ကုန်မည်ပင်မထင်။ ယခုအခေါက်တွင်လည်း လေးစားလိုက်နာရန် အကွက်ဆိုင်၍ လာချေပြီ။ တရားဥပဒေကို လေးစားလိုက်နာသူတစ်ယောက်၏ အပြုံးမျိုးကို မျက်နှာတွင်တင်ကာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ထံ ဂျာနယ်ခဏငှား၍ အိမ်သို့အပြေးကလေးအသော့နှင်ခဲ့မိလေသည်။

 

                                              ►►►

အိမ်သို့ရောက်လျှင်ရောက်ခြင်း ကျွန်ုပ်ငဟိန်းသည် ပထမဦးစွာ ဂျာနယ်ကိုခါးထိုးလျက် မီးသွေးခုတ်သောဓားမအား ၊ နောက်ဖေးတွင် ထမင်းချက်နေသော မိခင်ကြီးထံမှ လုယူလာခဲ့လေသည်။ ရုတ်တရက် မွေးမိခင်ကြီးမှာ ” ဟဲ့သား…ဟဲ့သား…” ဟုဆိုကာ  ငါ့သားလေးဘယ်သူနဲ့များပြဿနာတက်လာပါလိမ့်ဟု စိုးရိမ်ပူပန်စွာတွေးတောပြီး လိုက်ဆွဲမည်ဟုကြံခါမှ သူ၏ ချစ်လှစွာသော သားကြီးကျွန်ုပ်ငဟိန်းသည် တရားဥပဒေကို လေးစားလိုက်နာလွန်းသော သားတစ်ယောက်ဖြစ်သည်ဟု စိတ်တွင်သတိရကာ စိတ်ချလက်ချနေခဲ့လေသည်။ ကျွန်ုပ်သည် အိမ်ရှေ့အရောက်တွင် ဓားမကိုအသာချ၊ ဂျာနယ်ကိုပြန်လှန်၊ သေချာစွာပြန်လည်ဖတ်ရှုပြီးလျှင် ၊ ဂျာနယ်ကို ခါးကြားပြန်ထိုး၍ အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းလေးကို ထုတ်ကာ ဓားမကိုလက်ဖြင့် ဆ လိုက်လေသည်။ ၀ယ်ထားသည်မှာ တစ်လပင်မပြည့်တတ်သေးသော ဟန်းဆက်ကလေးမှာ နံနက်ခင်းနေခြည်နွေးတွင် ရန်ခုန်ဖွယ်ကောင်းလောက်အောင် လှပနေပေသည်။ သို့သော် မတတ်နိုင်။ တရားဥပဒေနှင့်အညီဖြစ်ရချေပေမည်။ ထို့ကြောင့် စိတ်ကိုပိုင်းဖြတ်ကာ မြေကြီးပေါ်သို့ချ၍ ကိုင်းဟာ ကိုင်းဟာ ဟု ဓားမဖြင့် ပိုင်းလိုက်လေသည်။ လွင့်စင်ပြုတ်ထွက်လာသော ဘက်ထရီလေးမှာ အကောင်းအတိုင်းရှိနေသေးသဖြင့် တံတွေးဖြင့်ထွေးကာ ထပ်ပိုင်းလိုက်မှ ကိစ္စပြတ်သွားပေ၏။ ထို့နောက် အိပ်ယာဘေးတွင် သီချင်းနားထောင်လေ့ရှိသော၊ ပြင်ပအသံများအားလျှော့ချပေးနိုင်သော၊ ဘေစ့်အသံထွက်အလွန်ကောင်းသော နားကြပ်ကလေးရှိသည်ကို သတိရသည်နှင့် အပြေးအလွှားသွားယူလေသည်။ ဒင်းကလေးအားလည်း ထိုနည်းလည်းကောင်း မီးသွေးခုတ်ဓားမဖြင့် ရော့ကွာ ရော့ကွာ ဟု မပြန်လမ်းသို့ပို့လေရာ နားတွင်တပ်သောနေရာတွင် အံဝင်ခွင်ကျဖြစ်စေရန် ပြုလုပ်ထားသောရာဘာပြားကလေးများမှာ လိမ့်ကာလိမ့်ကာရှိသည်နှင့် အုတ်ခဲပေါ်တင်ကာ နုတ်နုတ်စင်းပစ်ရလေသည်။ နားတွင်ချိတ်ထားလျှင် အလွန်စတိုင်လ်မိသော၊ မီးအပြာလေးများတဖျတ်ဖျတ်ပြေးနေသော ဘလူးတုသ်ကလေးသည်လည်း သူ့နောင်တော်များ၏ လမ်းစဉ်အတိုင်းတသွေမတိမ်းလိုက်သွားရှာလေသည်။ ထို့နောက် ကျွန်ုပ်ငဟိန်းသည် ပီတိဖြင့်ထုံမွှမ်းသော သက်ပြင်းရှည်ကြီးကိုချလျက် အေးချေပြီဟု တွေးတောအမောဖြေနေစဉ်သကာလ နံနက်ခင်းလမ်းလျှောက်ထွက်ရာမှ ပြန်လာသောဖခင်ကြီးသည် သူ၏လက်စွဲတော်ရေဒီယိုကလေးကို နားတွင်တပ်လျက် ကွမ်းကလေးမြုံ့ကာလာလေသည်။ ထိုမြင်ကွင်းကို မြင်လိုက်သည်နှင့်ကျွန်ုပ်သည် သားကောင်နံ့ရသောမုဆိုးကဲ့သို့ တစ်ချက်ကလေးမှအချိန်မဆိုင်းဘဲ ကျား….ခနဲ အော်ဟစ်ကီသွင်းကာ ဖခင်ကြီးအနီးသို့ ခုန်ပျံရောက်ရှိသွားပြီး မည်သို့လုပ်မိလိုက်သည်မသိ။ သူ့ထံမှ ရေဒီယိုလေးသည် ကျွန်ုပ်လက်ထဲရောက်ရှိလာလေသည်။ ထို့နောက် စက္ကန့်မခြားပင်နံဘေးရှိ ဗွက်အိုင်ထဲသို့နှစ်၍ ဖနောင့်ဖြင့်ဖိထားလိုက်လေသည်။ မသေချာမည်စိုး၍ ခြေထောက်ပြန်ကြွကာ တစ်ဖက်သို့လှန်၍ ပြန်ဖိထားပြန်လေသည်။ ဖခင်ကြီးမှာ အနှစ်နှစ်အလလ သူချစ်မြတ်နိုးပေါင်းသင်းခဲ့သော ရေဒီယိုလေးအတွက် တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ကာ ” မင်း…မင်း….မင်း…” ဟု မည်သည့်စကားကိုမျှဆက်၍ မဆိုင်နိုင်ဘဲ ရှိလေ၏။ ကျွန်ုပ်ငဟိန်းလည်း ဆားပုလင်းနှင်းမောင် အိုက်တင်မျိုးဖြင့် ခါးကြားရှိ ဂျာနယ်ကိုဆွဲထုတ်ကာ နဂိုမှေးနေသော မျက်လုံးများကို ပို၍မှေးစင်းလျက် မထီတရီမပွင့်တပွင့် ပြောလိုက်လေသည်။      ” စိတ်မရှိပါနဲ့ … ဖေဖေ ၊ တရားဥပဒေအရ လုပ်လိုက်တာပါ ”

 

                                              ►►►

အိမ်ရှေ့တွင် ပူညံပူညံအသံများကြောင့် နောက်ဖေးရှိမိခင်ကြီးလည်း သုတ်သီးသုတ်ပျာရောက်ရှိလာပြီး မျက်လုံးကြီးပြူးကာ တဆတ်ဆတ်တုန်နေသော ဖခင်ကြီးကို မြင်ရသည်နှင့် ” အဖေကြီး…စိတ်လျှော့…အဖေကြီး သွေးတက်မယ်…စိတ်လျှော့..အဖေကြီး ” ဟု ထပ်ခါထပ်ခါတဖွဖွ ချော့မော့နေရှာလေသည်။ ကျွန်ုပ်ငဟိန်းသည်ကား ဂျာနယ်၏ စာမျက်နှာ ၂၅ ကိုဖွင့်လျက် ဖခင်ကြီးအား ထိုး၍ပြလိုက်ပေသည်။ စာမျက်နှာ ၂၅ တွင်ကား – – –

 

၂၀၁၂ ၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဆက်သွယ်ရေးဥပဒေမူကြမ်းဥပဒေပုဒ်မ ၆၄ အရ .. မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန်သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲလက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ဆက်သွယ်ရေးပစ္စည်း၏ အဓိပ္ပါယ်ရှင်းလင်းချက်မှာ- တယ်လီဖုန်း ၊ ဖက်စ် ၊ တဲလက်စ် ၊ ဆက်သွယ်ရေး ဆိုင်ရာ အခြားပစ္စည်းကိရိယာ ၊ ယင်းပစ္စည်းတစ်မျိုးမျိုးနှင့်ဆက်စပ်အသုံးပြုသည့် ပစ္စည်းနှင့် ဆက်သွယ်ရေးဆိုင်ရာ စမ်းသပ်ပစ္စည်းအားလုံး အကျုံးဝင်ပါသည်။

 

                                                ►►►

ကိုင်း…ဘယ့်နှယ့်ရှိစဟု အပြုံးမျိုးဖြင့် ကျွန်ုပ်မှာပြုံးနေလျက် ၊ ဖခင်ကြီးနှင့်မိခင်ကြီးမှာ ဂျာနယ်ကိုဖွင့်လျက်၊ တစ်ခုခုပြောမည်ဟု ကြံစည်စဉ် တရားဥပဒေကို လေးစားလှသော ကျွန်ုပ်၏မျက်လုံးထောင့်တွင် ဥပဒေမဲ့လုပ်ရပ်တစ်ခုအား ဖျတ်ခနဲမြင်တွေ့လိုက်ပေသည်။ မှန်ချေသည်။ ဘေးအိမ်မှ ကလေးနှစ်ယောက်ကား အိမ်ရှေ့ချုံပုတ်ဘေးတွင် စခန်းဆောက်တမ်းကစားကာနေလေသည်။ ဤထိကားကိစ္စမရှိ ။ ဥပဒေနှင့်အညီ ကစားခြင်းဖြစ်ပေ၏။ သို့သော်ဆိုးသည်က သူတို့၏ စခန်းနှစ်ခုဆက်သွယ်ရေးအတွက် နို့ဆီခွက်နှစ်လုံးကို ဖင်တွင်အပေါက်ဖောက်ကာ ကြိုးဖြင့်တပ်လျက် ဆက်သွယ်နေကြခြင်းဖြစ်သည်။ ကျွန်ုပ်ငဟိန်းသည် ဆက်သွယ်ရေးဆိုင်ရာ အခြားပစ္စည်းကိရိယာများအားလုံး အကျုံးဝင်သည်ဟူသော စာသားကြီးကို မြင်ယောင်လျက် ” ခွေးကောင်တွေ….တရားဥပဒေကို လက်တစ်လုံးခြားမလုပ်ကြနဲ့ကွ ” .. ဟု ဆိုပြီး နဘန်တစ်ချက်စီအုပ်ကာ အတင်းလုယူခဲ့လေ၏။ ထို့နောက် မျက်လုံးပြူးမြဲ မျက်ဆန်ပြူးမြဲ ဖြစ်သော ဖခင်ကြီး၏ ရှေ့တွင်ပင် နို့ဆီခွက်နှစ်လုံးအား အုတ်ခဲဖြင့် အားပါးတရ ထိုင်ထုနေလေတော့သည်။

 

                                                    ►►►

ဆောင်းနှင်းမှုန်လေးများဖြင့်ဆင်ယင်စီခြယ်အပ်သော နံနက်ခင်းတစ်ခု၊ သွေးတက်နေသောဖခင်ကြီး၊ အံ့သြနေသောမိခင်ကြီး၊ အော်ဟစ်ငိုယိုနေသောငတိကလေးနှစ်ကောင်၊ မီးသွေးခုတ်ဓားမတစ်ချောင်း၊ လိုင်စင်မဲ့ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းအကြေအမွများ၊ လိုင်စင်မဲ့ရေဒီယိုဗွက်နစ်တစ်လုံး ၊ ပြားချပ်ပိန်လိမ်သွားသော လိုင်စင်မဲ့နို့ဆီခွက်နှစ်လုံး တို့သည် တရားဥပဒေကို လွန်စွာမှ လေးစားလိုက်နာသောနိုင်ငံ့သားကောင်းလူငယ်တစ်ယောက်ကြောင့် အင်မတန်မှ ကျက်သရေမင်္ဂလာဖြင့်ပြည့်စုံခဲ့ဖူးကြောင်း ……. ။      ။

 

 

ကိုးကား-Weekly Eleven.

No.6.Vol.8.

Nov-14,2012

Page 25

 

 

ဟိန်း

14.11.12

3:15AM

In: စကားပြေ Posted By: Date: Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment