Professional Authors

မသိခြင်း(၂)

ဒီနေ့ ငါ့ကမ္ဘာ့ကိုပြောင်းလဲ ပစ်လိုက်တယ်… နေနဲ့လ အရှေ့နဲ့ အနောက် ဆိုတာမရှိဘူး… သူတို့ ထွက်ချင်တဲ့ နေရာကထွက်၊ ၀င်ချင်တဲ့နေရာက၀င် ငါ ဂရုမစိုက်ဘူး… ငါ့ကမ္ဘာ့မှာ နင်မှမရှိတော့တာ… မှောင်အတိကျ။ မှောင်တယ်ဆိုတာ မမြင်ရတာကိုပြောတာလား၊ မမြင်နိုင်တာကိုပြောတာလား ငါမသိဘူး… သေချာတာက ငါဘာမှမမြင်ရဘူး…

ဒီနေ့ ငါဘယ်တုန်းကမှ လုပ်မယ်လို့စိတ်မကူးခဲ့တာကို လုပ်ပစ်လိုက်တယ်၊ နင်ငါ့ကိုမေ့ပစ်လိုက်ပါတော့လို့ ပြောဖို့ ငါ့မှာဘယ်က ခွန်အားတွေရခဲ့တာလဲ… နင့်ကိုချစ်တဲ့အချစ်တွေဆီကလား… မရနိုင်တာကိုမျှော်နေမိတဲ့ စိတ်ကူးယဉ်မှုတွေဆီကလား… နင်ပြောဖူးတဲ့ “သူငယ်ချင်းပဲ” ဆိုတဲ့ စကားဆီကလား… မွတ်သိပ်စွာတောင့်တ နေပါတယ်ဆိုမှ တစ်ခါမှမရဘူးတဲ့ နင့်ရဲ့အနမ်းတွေဆီကလား… ဒါတွေအားလုံးပေါင်းသွားခဲ့တာလား… ဘာမှမရေရာဘူး…

အချစ်ရယ်…
ငါ့အသံကိုနားထောင်ကြည့်စမ်းပါ… ဘယ်လောက်တောင်နာကျင်မှုတွေ လွှမ်းနေပြီလဲ… ငါ့ကိုချစ်တယ်လို့ ၀န်ခံပါ… တကယ်ဆိုနင်လဲ အရောင်တူခဲ့တာပဲ၊ အခုမှ နင့်အရောင်တွေကို ရောပစ်လိုက်တယ်… နင်ပြောတဲ့ “သူငယ်ချင်းပဲ” ဆိုတဲ့ စကားလုံးက အဖြူရောင်ဆောင်ပါတယ်လို့ ပြောချင်လို့လား… နို့ကိုရေဘယ်လောက်ရောရော အရောင်မပြောင်းဘူးဆိုတာ နင်သတိရပါ… နင့်အဖြူရောင်ကအဲ့လိုကြီးပါ၊ ခက်တာက ရေက အရောင်ကူးသွားတာလား၊ နို့က အရောင်ကိုထိန်းနိုင်တာလား ငါမသိခဲ့ဘူး…

အချစ်ရယ်…
အချိန်ဆိုတာ သမားတော်ပဲလို့ ဘယ်သူပြောခဲ့တာလဲ… ငါနင့်ကို ပေးဆပ်ခဲ့တာ သမားတော် ဖြစ်လောက်တဲ့ အချိန်ရှိခဲ့ပါတယ်၊  အလကားသမားတော်… အနာသိရဲ့သားနဲ့ ဆေးမရှိဘူး။ ငါ့အဖွဲ့အစည်းမှာ ငါကနေပဲ၊ ငါ့မာနနဲ့ငါ တောက်ပမယ်။ အလင်းရောင်ထွက်လာဖို့ အတွက် အပူဓါတ်ရှိနေတာကိုတော့ အပြစ်မပြောကြေး… ဒါပေမယ့် နင်က နင့်အရံဂြိုလ်နဲ့နင်။ ငါမနာလိုဘူး…

ဒီနေ့ …
ဒီနေ့ ငါ့ကမ္ဘာ့ကို အသစ်ကပြန်စမယ်။ အသစ်ကပြန်စမယ် ဆိုတဲ့စကားမှာ အဟောင်းတွေကျန်နေသေးတယ်ဆိုတာ ငါသိတယ်။ ငါအသက်ရှူနေသေးလို့သာ ငါအသက်ရှင်နေတယ်လို့ ငါယုံတာ၊ ငါ့နှလုံးသားက ခုန်နေတယ်လို့ ငါမယုံဘူး။ စုတ်ပြတ်နေခဲ့ပြီပဲ… နင့်ကိုချစ်မိတဲ့ အချစ်တွေကြောင့်ပဲ၊ ရင်ဘတ်တစ်ခုလုံးဟာနေပြီ။ အားလုံးသေကုန်ကြပြီပဲ။ ဒါပေမယ့် ငါပြောခဲ့တယ်… ငါ့ကိုမေ့လိုက်ပါတော့လို့…

နောက်နေ့တွေလား…
ငါ မသေချာဘူး။ နင့်ကိုလွမ်းတဲ့ အလွမ်းတွေနဲ့ပဲ ကျင့်သားရနေတဲ့ ရင်ခုန်သံ စည်းချက်ပြောင်းဖို့ လွယ်ပါ့မလား။ ငါကြောက်တယ် အချစ်ရယ်…။ ဘာမှမသေချာခဲ့ဘူး…။ ဒါပေမယ့် နင့်ကိုလဲ မချစ်နိုင်တော့ဘူး…။ နင်ပျော်ပါစေ။ ငါကတော့ ငါ့မာနကိုရွက်လုပ်၊ အတ္တကိုတိုင်ထူ၊ အချစ်တွေကို ဆိုင်းကြိုးလုပ်ပြီး နင့်အမုန်းပင်လယ်မှာ ရွက်လွှင့်မယ်…။ နင့်ကို တကယ်မေ့နိုင်မလားဆိုတာ မသေချာခဲ့လဲ ငါပြောတယ်…

                                   ငါ့ကိုမေ့လိုက်ပါ…

ချစ်တယ်… အချစ်ရယ်…။

In: စကားပြေ Posted By: Date: Aug 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment