Professional Authors

” မလွမ်းစကောင်း လွမ်းစကောင်း(ရှေးက မန္တလေး-အပိုင်း22)”

ဒီမန္တလေးက လက်ဖက်ရည်ဆိုင်တွေအကြောင်းကို သတိတရနဲ့ရေးထားတာတွေကို ပြန်ဖတ်ကြည့်တော့ မှကိုယ်အမြဲထိုင်ခဲ့ဘူးတဲ့ဆိုင်လေးတွေကျန်နေသေးတာကို သွားသတိရမိပါတယ်။ ပထမဆုံးပြောချင်တဲ့ ဆိုင်ကတော့ ရန်ကုန်မှာနာမယ်ကြီးတဲ့ ဆိုင်လေးနာမယ်နဲ့ မန်းလေးမှာ လာဖွင့် တဲ့ “မုတ်ဆိတ်လက်ဖက်ရည်ဆိုင် “ပါဘဲ။ အဲဒီဆိုင်လေးအကြောင်းပြောရင်ကိုယ်ခံလိုက်ရတာလေးကိုလဲပြန်တွေးလို့ရီချင်ပါတယ်။
တစ်ရက် သူငယ်ချင်းတစ်ယောက်ရယ် ကျနော်ရယ် အဲဒီဆိုင်ကို လက်ဖက်ရည်သောက်ဖို့ရောက်လာပါတယ်။ အဲဒီသူငယ်ချင်းက ဒီဆိုင်ကို မထိုင်ဘူး ဘူး ဆိုလို့ ကျနော်ကခေါ်လာတာပါ။
စကားတပြောပြောနဲ့ ဆိုင်ထဲဝင်လာတဲ့အချိန် အဖျော်ဆရာက လှမ်းတဲ့ ပြီး
“ဘယ်ညာလား “လို့ လှမ်းမေးလိုက်တာကို ခပ်တည်တည်နဲ့လူတတ်ကြီးလုပ်ပြီး
ခေါင်ငြိမ့်ပြလိုက်ပါတယ်။                                                                                                                                                  ခဏနေတော့ စားပွဲထိုးလေးက ကော်ဖီတစ်ခွက်ရယ် လက်ဖက်ရည်တစ်ခွက်ရည်လာချပေးတော့ သူငယ်ချင်းက လက်ဖက်ရည်ပုဂံကို သူ့ဖက် ဆွဲယူရင်း ကျနော့်ကို ” မင်းဘယ်တုန်းက ကော်ဖီပြောင်းသောက်တာလဲ “လို့ မေးတော့ ကျနော်ကစားပွဲထိုးကို ခေါ်ပြီး ကော်ဖီမမှာတဲ့အကြောင်းပြောတော့ အဖျော်ဆရာကကျနော်ကို “အာစရိဘဲ ဘယ်ညာဆို “လို့ အပြစ်တင်တဲ့လေသံနဲ့လှမ်းပြောတော့ စိတ်ထဲမှာတော့ မသိတာကို ခေါင်းငြိမ့်မိတဲ့ကောင်ခံလို့ ကို ဘာသာကို အပြစ်တင်ရင်း မကြိုက်တဲ့ကော်ဖီကိုဘဲသောက်လိုက်ရပါတယ်။အဲဒီဆိုင်လေးကတော့ 32လမ်း အခု စီဘီ ဘဏ်-3ရဲ့အနောက်ဖက် သင်္ချာဆရာဦးစောအောင်တို့ အိမ်က ဖွင့်ခဲ့တဲ့ဆိုင်လေးပါ။မန်းလေးမြို့မှာ ရနိုင်ခဲတဲ့ ရွှေတောင်ခေါက်ဆွဲတို့ ကြက်သားပလာတာသုတ်တို့ နဲ့ မန်းလေးသားတွေကို မိတ်ဆက်ပေးခဲ့တဲ့ဆိုင်ကလေးပါဘဲ။အခုတော့ အိမ်ရှိလူမှန်သမျ မနားရ စောစောထ မိုးချုပ်မှအိပ်ရတဲ့ဒီအလုပ်ကို နားလိုက်တာကြာပါပြီ။

နောင်တစ်ဆိုင်ကတော့ အခုအချိန်အထိ နာမယ်ကြီး ဆဲမင်းမင်းကျော်ရဲ့ ကောင်တာထိုင်နေကျ
သူ့တူမဖြစ်တဲ့ ကောင်မလေးက ခွဲထွက်လို့ ဖွင့်လိုက်တဲ့ ဆိုင်ခွဲတွေလည်း ဖွင့်ထားတဲ့”စိန်ဝင်းဝင်း”ပါဘဲ။သူတို့ကလဲ 85လမ်း (34-35)လမ်းကြား မန်းလေးမြို့မှာ လူတော်တော်များများ မနက်လင်းတာနဲ့ ကျောက်ဝိုင်းဆင်းရမှ
ခေတ်မှီတယ်ဆိုတဲ့အချိန်မှာကတည်းက 84 -85ကြား 34လမ်းမှာ အောင်မြင်ခဲ့တဲ့ အမြဲတမ်းလူမပြတ်တဲ့ဆိုင်ပါ။ဒီဆိုင်လေးရဲ့ ဖောက်သည်များကို ဆွဲဆောင်ထားတဲ့အချက်ကတော့ ငွေရေးကြေးရေးသိပ်အဓိက မထားဘဲ ဈေးသက်သက်သာနဲ့
မုန့်ကောင်းကောင်း လက်ဖက်ရည်ကောင်းကကောင်းကို ရောင်းပေးတာရယ် ဆက်ဆံရေးနွေးထွေးတာရယ်ပါဘဲ။

နောက်လက်ဖက်ရည်ဆိုင်တွေထဲမှာ အဖန်ရည်ကိုခပ်ပြင်းပြင်းလေးသုံးပြီး လက်ဖက်ရည်ဂျိုးများအကြိုက်
အကောင်းကြိုက်ဆိုတဲ့ဆိုင်လေးကလဲ 26ဘီလမ်း 89လမ်းအနောက်ဖက်ဒေါင့်မကျတကျမှာ
နာမယ်ကြီးခဲ့ဘူးပါသေးတယ်။

လက်ဖက်ရည်ဆိုင်အကြောင်းပြောရင် သူဖွားဖက်တော် ထပ်တစ်ရာတို့ ပလာတာတို့ နာမယ်ကြီးဆိုင်လေးတွေကို ပြန်အမှတ်ရမိပါတယ်။
တကူးတကကို သွားလို့ စားခဲ့ရတဲ့ ဆိုင်လေးတွေမို့ ပိုလို့ သတိရပါတယ်။ ” ထပ်တရာပူပူလေးပေးပါ”လို့များပြောမိရင်
“ငါ့ဆိုင်မှာအေးတာလိုချင်ရင်တောင်မရဘူး “လို့ခပ်ငေါက်ငေါက်လေးပြောတတ်တဲ့ထပ်တစ်ရာဆိုင်ကတော့
82လမ်း 27လမ်းဒေါင့်လေးမှာ မနက်စောစောသွားမှ သာ စားရတဲ့ထပ်တစ်ရာဆိုင်လေးပါဘဲ။နေမြင့်တာနဲ့ကုန်ပါတယ်။
မြန်မာဆိုင်ထဲကဆိုရင်23လမ်း 81-82 ကြား ဦးတင်ဦးမူလတန်းကျောင်းမြောက်ဘက်အုတ်တံတိုင်းမှာ ကပ်ဖွင့်တဲ့
ကိုချစ်မွှေးရဲ့ထပ်တစ်ရာနဲ့ ကြက်ဥပလာတာ၊ မြောက်ပြင် လမ်း80 13-14လမ်းကြားမှာဖွင့်တဲ့ လက်ရွေးစဉ်ထပ်တစ်ရာ သူကတော့ သူများထက်နှစ်ချပ်စာလောက်ကို ကြီးသလို ဈေးလဲကြီးပေမယ့် သိပ်ကောင်းပါတယ်
သူ့ဆိုင်က ဆိတ်စွတ်ပြုတ်ကလဲ နာမယ်ကြီးပါဘဲ။ နောက်မြောက်ပြင် စည်သာလမ်း
မီးပါဈေးနားမှာဖွင့်ခဲ့တဲ့ “စံပါဘဲထပ်တစ်ရာ” ဒီဆိုင်ကတော့
ကျနော်ကြိုက်လို့ကို လမ်းမကြုံရင်လဲ ကြုံအောင်သွားစားခဲ့တဲ့ ဆိုင်ပါ။ သူ့ထက်ကောင်းပေမယ့်လည်း
ကျနော်မရောက်ဘူးလို့မပြောပြနိုင်တဲ့ဆိုင်တွေလည်းရှိမယ်ဆိုတာ သေချာပါတယ်။

 

နောက်ကျနော်အခုထိသတိရနေတဲ့ မုန့်လေးကတော့ “ဆိတ်စွတ်ပြုတ်နဲ့ချပါတီ”ပါဘဲ။ 81လမ်းနဲ့ 24လမ်းဒေါင့် က
ခုံတန်းလျားလေးတွေခင်းထားပြီးဆောင့်ကြောင့်ထိုင်လို့စားရတဲ့ဆိုင်လေးပါ။ဆိုင်ရှင်က
ကုလားအဖိုးကြီးပါ။ သူ့စွတ်ပြုတ်က သူများစွတ်ပြုတ်တွေလို
အရေကျဲကျဲကြီးမဟုတ်ပါဘူး။သူ့စွတ်ပြုတ်ထဲမှာ ကန်စွန်းဥလို့
မျိုးပါတယ်ထင်ပါတယ် စားရတာ ချိုပြီးအရသာရှိပါတယ်။ငယ်ငယ်တုန်းကတော့ ချပါတီ
2ချပ်နဲ့စွတ်ပြုတ်တစ်ပွဲကို မ၀ချင်ပါဘူး။နောက် အရင် 26ဘီလမ်းပေါ်က
မေတ္တာပေါင်းကူး တံတားနဲ့မျက်နှာခြင်းဆိုင်မှာရှိတဲ့ ဆိုင်ခန်းကျဉ်းကျဉ်းလေး
မှာဖွင့်ထားတဲ့စွတ်ပြုတ်ဆိုင် လေးကလဲ ကောင်းတယ်လို့နာမယ်ကြီးခဲ့ပါတယ်။
အခုလောလောဆယ် စားချင်ရင် ညပိုင်းမှာ 27လမ်း 82လမ်းဒေါင့်မှာတစ်ဆိုင်
28လမ်းဒေါင့်မှာတစ်ဆိုင်ဖွင့်ထားကြတဲ့စွတ်ပြုတ်ဆိုင်နှစ်ဆိုင်လုံးက
ချပါတီကလဲ အကြီး ကြီး နဲ့ စွတ်ပြုတ်ကလဲကောင်းဒါပေမယ့် ဈေးသက်သာတဲ့
ဆိုင်လေးနှစ်ဆိုင်ပါ။

မန်းလေးသူ မန်းလေးသားတော်တော်များများက မနက်မိုးလင်းရင် အဆာပြေတစ်ခါစားမယ်။နေ့လယ် မွန်းမတည့်ခင်
ထမင်းစားမယ်။နေ့လည် 2နာရီ သုံးနာရီလောက်ဆိုရင်အဆာပြေတစ်ခါစားမယ်။ညနေခြောက်နာရီလောက်ဆိုရင်
ညနေစာထမင်းစားမယ်။ ဒါမှ မတင်းတိမ်နိုင်သူ များက ညလည်စာတစ်ခါစားတတ်တော့
အတော်ကိုစားနိုင်သူများလို့ပြောနိုင်ပါတယ.်။နေ့လည်စာဆိုရင် တစ်ချို့အိမ်များက နေ့လည်ပိုင်းမှ လာတတ်တဲ့ ပဲလွန်းတို့ ထောပတ်ပဲတို့ စွန်တာနီတို့ကို ကြက်သွန်နီလေးပါးပါးလှီးဆီလေးရွှဲရွှဲဆမ်းလို့ ရေနွေးကြမ်းလေးနဲ့ မြည်းတတ်ပါတယ်။ ဒါမှ မဟုတ်ရင် ထမင်းကြမ်းလေးနည်းနည်း လက်ဖက်သုတ်ဂျင်းသုတ်လေးနဲ့အဆာပြေစားတတ်ကြတာ
မန်းလေးအကျင့်ပါဘဲ။
နောက်မန်းလေးမြို့မှာသာရနိုင်တဲ့နေ့လည်မှသာရနိုင်တဲ့ ဧရာဝတီမြစ်အနောက်ဖက်ကမ်း က “ခိုတောင်” ရွာကနေ လာရောင်းတဲ့ နာမယ်ကျော် ” ခိုတောင်မုန့်တီ “ပါ။ ဒီမုန့်တီရဲ့ထူးခြားချက်က မုန့်ဖတ်ပါ။အဲဒီရွာ က မုန့်သယ်တွေကိုယ်တိုင်လက်ဖြစ် မုန့်တီဖတ်က နူးညံ့ပြီး ချိုတယ်လို့ထင်ရတဲ့ အပြင်မုန့်ဖတ်အရွယ်အစားကလဲ နန်းသေးနဲ့ နန်းလတ်ကြား အနေတော်
အရွယ်အစားနဲ့ပါ။ခိုတောင်မုန့်တီက တော့ သတ်သတ်လွတ်မုန့်တီဖြစ်ပြီး ပဲသီးလေးတွေထည့်သုတ်ထားတဲ့ အတွက် စားချင်စဖွယ်မွှေးမွှေးလေးပါ။ သူ့ဟင်းရည်ကလဲငံပြာရည်အရသာလေးပင်ပင် အထဲမှာပါတဲ့ မုန်လာထုပ်အိအိလေးရယ်
နံနံပင်နံ့မွှေးမွှေးလေးကလည့်းအနံ့ရတာနဲ့ စားချင်အောင်ဆွဲဆောင်နိုင်ပါတယ်။
ဒီခိုတောင်မုန့်တီသယ်လေးတွေက နေ့လယ်ပိုင်းဆို ဧရာဝတီမြစ်အနောက်ဖက်ကမ်းကနေ
ငှက်ကလေးနဲ့ဖြတ် မန်းလေးဘက်ကမ်းရောက်မှာ မုန့်တောင်းလေးကိုခေါင်းပေါ်ရွက်လို့ ကိုယ်ရောင်းနေကြ ရပ်ကွက်လေးတွေကို
တလမ်းဝင်တစ်လမ်းထွက် ရောင်းကြရပါတယ်။ အခုအချိန်မှာတော့ မနက်ပိုင်းဆိုတာနဲ့ ခိုတောင်မုန့်တီ ရနေပါပြီ။လမ်းဒေါင့်လေးတွေ မှာတွေ့နိုင်ပါတယ်။နေ့လည်ဆိုရင်လဲ လက်ဖက်ရည်ဆိုင်တွေမှာ ရနိုင်ပေမယ့် ကျနော်ကတော့ အဖြစ်လုပ်ထားတဲ့ ” အာသာပြေ ခိုတောင်မုန့်တီ”လို့ဘဲသတ်မှတ်ပါတယ်။အရသာချင်းက တစ်ခြားစီမို့လို့ပါ။

မန်းလေးသူမန်းလေးသားအများအားဖြင့်က ဈေးတွေ ပွဲရုံတွေမှာအလုပ်လုပ်တဲ့ ဦးရေကတော်တော်လေးများပါတယ်။
ဈေးချိုမှာ စားစရာစုံပါတယ်။ အရင် ဈေးချိုတော်အဟောင်းတုံးကဆိုရင် အလယ်ပေါက်မှာ ဆိုရင် စားစရာဆိုင်တွေအပြည့် ပါ.(အလယ်ပေါက်က 27လမ်းနဲ့ တည့်တည့် အခုကုန်းကျော်တံတားရှိတဲ့နေရာပေါ့)။အလည်ပေါက်မှာ နာမယ်ကြီးခဲ့တာက
ဟင်းရွက်စုံသုတ်၊ထမင်းသုတ်နဲ့ ကြာဆံဟင်းခါး
ဆိုင်လေးပါဘဲ။ဒီအလည်ပေါက်ရဲ့မြောက်ဘက်ကအပေါက်ကို မြောက်မလွယ်လို့ခေါ်ပြီနာမယ်ကျော် ဘဲသားဆီချက်ဖြစ်တဲ့
ဘူးသီးဆီချက်ဆိုင်ရှိပါတယ်။ တောင်ဘက်က အပေါက်ကိုတော့ တောင်မလွယ်လို့ခေါ်ပြီး နာမယ်ကြီးမြီးရှည်ဆိုင်ရှိခဲ့ဘူးပါသဗျာ.။ 27လမ်းနားမှာတော့ စမူစာသုတ်ကနာမယ်ကြီးပေါ့ ဆိတ်သားကင်တုတ်ထိုးလဲပါပါတယ်။
မန်းလေးထမင်းသုတ်ကတော့ အရောင်ရဲရဲလေးနဲ့ စားချင်စဖွယ်လေးပါ.။

ထမင်းကို အုတ်ခဲရောင်ရဲရဲလေးဖြစ်အောင်ဆေးဆိုးထားတဲ့ထမင်းရယ် ပဲပုတ်

၊မြေပဲဆံထောင်းစတာတွေကို ကြက်သွန်နီဆီချက်တို့နဲ့ရောသုတ်ထားပါတယ်။ ထမင်းတစ်လုပ်စားလိုက် ကြက်သွန်ဖြူလေး တစ်ကိုက်ကိုက်လိုက်နဲ့ အတော်လေးအရသာရှိပါတယ်။ နောက် ဟင်းရွက်စုံသုတ်ဆိုတာကတော့ စကားပွင့်
၊ကြက်တက်ရွက် ပဲရွက် အစရှိတဲ့စားလို့ကောင်းတဲ့အ ရွက်လေးတွေကို ကျောက်ပွင့် ပဲကြာဇံ အာလူးတွေနဲ့ ရောပြီးသုတ်စားတာပါ။အသုတ်စုံလို့ခေါ်တဲ့ အတိုင်းအရွက်အတော်များများ ထည့်သုတ်ထားတဲ့ အတွက်
ဆေးဘက်ဝင်တယ်လို့လဲပြောကြပါတယ်။

အခုအချိန်မှာတော့ မန်းလေးမြို့ရဲ့နေလည်စာ မီနူးစာရင်းကပြောင်းသွားပါပြီ။ ခေါက်ဆွဲခြောက်ကိုပြုတ်ပြီးအသီးအနှံနဲ့ရောကြော်ထားတာ ဆန်ကြာဆံကိုကြာညို့နဲ့ရောနယ်လို့အသီးအနှံတွေနဲ့ရောက်ကြော်ထားတာကို အသားတုကြော်တုတ်ထိုးတို့ ငါးအရေခွံကြော်သယ်တို့ ၊ကတော့ ရှေးရိုးရာမပျက် ဈေးတောင်းခေါင်းရွက်လို့ အရပ်တကာလယ်ရောင်းပါတယ်။ ဒါပေမယ့် လမ်းဒေါင့်တွေမှာရှိတတ်တဲ့ ကော်ပြန်ကြော် ၀က်သားတုတ်ထိုး ကိုရီးယားစတိုင်
ကြက်အူချောင်းဝင်အူချောင်းတို့ ရေညှိတို့ ဘာမှန်းမသိတာလေးတွေကို တုတ်ထိုးပြီးကြော်ရောင်းတဲ့ဆိုင်လေးတွေကို
သာအတွေ့ရများပါတယ် ။ ကြိုးကြားကြိုးကြားမှတော့ မြန်မာကောက်ညင်းပေါင်းဆိုင်လေးတွေရယ် အကြော်ဆိုင်လေးတွေရယ် ညနေခင်းမှ
ဖွင့်တဲ့မန်းလေးစတိုင်မုန့်ဟင်းခါးဆိုင်လေးတွေကိုတော့ ၀မ်းသာစရာမြင်နေရသေးပါတယ်။

အခုမန်းလေးကဆိုင်တွေကို စိတ်ကူးနဲ့စာရင်းကောက်ကြည့်လိုက်တဲ့အခါ။

စူပါမတ်ကက် ။စတိုးဆိုင်။ အိမ်ဆိုင်။ကွမ်းယာဆိုင်၊လက်ဖက်ရည်ဆိုင် ၊ကော်ပြန့်ဆိုင်၊တုတ်ထိုးဆိုင်၊
မာလာဟင်းဆိုင်။စည်ဘီယာဆိုင် ၊တစ်ပက်တစ်ရာတန်ဆိုင် အရက်ပုန်းဆိုင်
………………………………………အစရှိတဲ့ဆိုင်တွေကို လမ်းမတန်းမှာ လမ်းဒေါင့်မှာ အိမ်မှာ တိုက်ခန်းမှာ နေရာအနှံဖွင့်တာကို
မျက်စေ့ထဲမှာ မြင်လာရပါတယ်။

အဲတော့ ဆက်စဉ်းစားလိုက်တော့ ဆူညံလှူပ်ယှား ညစ်ပတ်နံစော် စည်ကား သိုက်မြိုက် ချစ်စရာဓလေ့တွေနဲ့
ပြည့်စုံခဲ့တဲ့ သတိရစရာလေးများကတော့
……………………………………………………………………….

Tags: ကိုပေါက်လက်ဆောင်, အတွေးပါးပါးလေး

Leave Comments

Name*

Email*
Website
Email me whenever there is new comment