Professional Authors

နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်မှာ ရပ်တန့်နေသော…. (အပိုင်းခြောက်)

ကျွန်တော်တေးသံသွင်းဆိုင်မှာ သီချင်းကူးတဲ့သူအဖြစ်အလုပ်ပြောင်းလဲလို့လုပ်ပါတယ်။
ကျနော်သည်လောကကိုရောက်တဲ့ အချိန်က မန်းလေးမှာ ကက်ဆက်ဆိုတာ အိမ်တိုင်းရှိတဲ့အချိန်လေးပါ။
အခုအချိန်အိမ်တိုင်းအိမ်တိုင်းမှာ evd ,dvd မရှိတဲ့အိမ်မရှိသလောက်ဖြစ်နေတဲ့ အနေအထားလေးနဲ့ တော်တော်လေးကိုတူပါတယ်။
ဒီတော့လဲ တေးသံသွင်းလုပ်ငန်းက အတော်လေးကိုခေတ်စားတဲ့အချိန် အလုပ်ဖြစ်တဲ့အချိန်ပါ။
ကျနော်အလုပ်ကတော့ သီချင်းကူးချင်တဲ့လူက သူနားထောင်ချင်တဲ့သီချင်းလေးတွေ ရွေးပြီးစာရွက်လေးနဲ့ရေးလာပါတယ်။
ကျနော်တို့က သူယူလာတဲ့တိတ်ခွေထဲဖြစ်ဖြစ် တိတ်ခွေအသစ်ထဲကိုဖြစ်ဖြစ် ရီကော်ဒါ တိတ်ခွေအကြီးထဲကနေ တပုဒ်ခြင်းပြောင်းထဲ့ပေးရတာပါ။
ဒီလိုသီချင်းကူးပေးရတယ်ဆိုတော့ ကျနော်အနေနဲ့ နားထောင်ချင်လဲ နားထောင် နားမထောင်ချင်လဲနားထောင် ပါဘဲ။
အလုပ်သဘောပါလာပြီကိုးဗျ။
ကျနော်ဒီအလုပ်ကိုလုပ်ပြီဆိုတော့မှသီချင်းတွေနဲ့ထဲထဲဝင်ဝင်ထိတွေ့ရပါတော့တယ်။
ဟိုအရင် ကျနော်တို့အိမ်ဘေးက “လေးလေးမောင်ကို” မနက်မိုးလင်းတာနဲ့ဖွင့်တဲ့ ယောက်ျားက ဆောင်းဘောက်ရဲ့တစ်ဖက်က အသံထွက် မိန်းမက အခြားတစ်ဖက်က အသံထွက်တဲ့ ၀င်းဦး နဲ့ တင်တင်မြ ရဲ့ “ကဆုန်လပြည့် “တို့  “တာနောယက္ခ”တို့  “ရွှေအင်းဝ”တို့ကို သေသေချာချာနားထောင်ဖြစ်လာပါတယ်။
သီချင်းလာကူးတယ်ဆိုတာက လဲ အသက်အရွယ်ပေါင်းစုံ လူတန်းစားပေါင်းစုံ ဆိုတော့လဲ သူတို့အကြိုက်ကလဲ ပေါင်းစုံ သီချင်းကလဲ ပေါင်းစုံ ကျနော်သိလာတာပေါ.။
ဒီအလုပ်ကိုလုပ်မှ “ပြည်လှဖေ” “မေရှင်” “ခင်မောင်ရင် ” “ဘိလပ်ပြန်သန်း” “မကြည်အောင်” “မမြရင်””အေ၀မ်းတင်မောင်”
“ဂီတာစိမ်းမောင် “”ရတနာပုံမောင်စု””ဥသြဘသောင်””ချစ်ဒုက္ခဦးဘညွန့်ု”စတဲ့ စစ်ပြီးခေတ်က အဆိုရှင်တွေ
“နန်းတော်ရှေ့ဆရာတင်””ရွှေပြည်အေး””ရွှေတိုင်ညွန့်””အေ၀မ်းဆရာညှာ”အစရှိတဲ့ သီချင်းရေးဆရာတွေကို သိလာပါတယ်။
သူတို့ဖန်တီးခဲ့တဲ့သီချင်းတွေထဲက ခုထိပြန်ဆိုလို့ကောင်းနေတုန်း ရိုးမသွားနိုင်တဲ့သီချင်းလေးတွေကတော့
“မာနရှင်””နတ်ရှင်နောင်””ရွှေတံငါ” “ဂုဏ်မြင့်သူ” “အရဟံဂုဏ်တော် ” “ဇွဲ ” အစရှိတဲ့အသံအားပြည့်ပြည့်နဲ့ဆိုတတ်သူ “ပြည်လှဖေ”ရဲ့သီချင်းတွေ
သူနဲ့ “မေရှင်”နဲ့တွဲဖက်လို့နာမယ်ကြီးခဲ့တဲ့ “ချစ်ဗျူဟာ””သက်ဝေ””နွဲ့မျိုးစုံ” “ရွှေပြောင်ပြောင်”စတဲ့ အချစ်သီချင်းစုံတွဲတွေ၊

မောလျတဲ့ အသံပိုင်ရှင် “မေရှင်”ရဲ့ “အောင်ခြင်းရှစ်ပါး” “ကျေးစေတမန်” “ရွှေဝါဖူး” “ရွှေမိုးညို” “မြကေခိုင်” “ပျို့မှာတမ်း “စတဲ့အဆွေးသီချင်းလေးတွေ၊

ဘိုသံအလိုက်နဲ့ခပ်မြူးမြူးလေး အသံပါးပါးလေးနဲ့ဆိုတတ်တဲ့ “ဘိလပ်ပြန်သန်း”ရဲ့ ” မြပန်းခွေ””ဟေ၀န်နန်း””လှေကလေး”

ယောက်ျားသံကြီးလို့ထင်ရအောင် အသံလုံးကြီးတဲ့ “မကြည်အောင်” အောင်ရဲ့လွမ်းစရာကောင်းတဲ့ “ရာသီတော်ဦး” “မိဘ မေတ္တာ”

ဘယ်သူနဲ့မှမတူထူးခြားတဲ့ အသံပိုင်ရှင် “ခင်မောင်ရင် ” ရဲ့  “နဂါးနီ ” “ဘိုးဘိုးအောင်” “စင်္ကြာသိုက် ”  “ဒို့လယ်သမား  “စတဲ့အမျိုးသားရေးသီချင်းတွေအပြင်
သိပ်ကိုလူကြိုက်များခဲ့တဲ့ “မိန်းမဆိုတာ ဆောင်းလေ ပမာညီ အတွင်းသေဘော ဘယ်မတည်ပြောင်းလဲတတ်သည်” ဆိုတဲ့”ကုက္ကိယ”
ထူးခြားတဲ့ ဆိုပေါက်နဲ့ဆိုတတ်သော ဥသြဘသောင် ရဲ့ ဘယ်သူနဲ့မှမတူတဲ့အဖွဲ့တွေဖြစ်တဲ့ “ဇာတိမာန်  “အမျိုးသားရေးသီချင်း
 “နွားကျောင်းသား” “ဘဲကျောင်းသား””တို့တောင်ယာတော”စတဲ့
သီချင်းထဲမှာ အကောင်ပလောင်အော်သံလေးတွေထည့်ထားတဲ့ အဲဒီခေတ်က ထူးတဲ့သီချင်းလေးတွေ
“မမြရင်”ရဲ့  “လက်ရေတပြင်တည်းလို့လူသိများတဲ့ ဇာတိနွယ်””အလှု့ရှင်””တစ်နာရီထဲ” “ဦးသ၀န်ကြောင် “အစရှိတဲ့မြောက်မြားလှစွာသော အငြိမ့်သီချင်းတွေ
ရုပ်ရှင်သီချင်းကနေ တစ်နိုင်ငံလုံးကို ချိုးကူသံလွှမ်းစေတဲ့ အေ၀မ်းတင်မောင် ရဲ့ “တကူးကူး”အပါအ၀င်စုံတွဲသီချင်းလေးတွေ
လွယ်အိတ်တစ်လုံးနဲ့ရွာစဉ်လယ်ခိုင်းတဲ့ “မအေးမိ”
” ဂီတတေးချင်းများကို ဘုရားတောင်ပယ်တော်မမူ ……… တံတျာ တေးသံကြူ လျှော့လိုက်အုံးလို့မိန့်တော်မူ “လို့ ပြောပြခဲ့တဲ့ ” ခင်ခင်ညွန့် “
သွားလေရာခင့် မျက်နှာ မျက်စိထဲမှာစွဲမြဲတာအလွန်ခက်တယ် ……….ဘုရားလဲမစေဘွယ် သိကြားလဲမစေဘွယ် ဆိုတဲ့ “ဖုန်းမောင့်သက်လယ်”
” အချစ်ဦးခင်ရယ် မပစ်ဘူးကြင်မယ် ….သီတာရေမြေဆုံးထိချစ်ပါမယ် “လို့ ကတိတွေပေးနေတဲ့ ” မောင့်သက်လယ် “
“ရေရေလည်လည်ပြောစမ်းပါခင်ရယ် မောင်ယုံကြည်အောင်ပြောစမ်းပါခင်ရယ်…..ချစ် မယ်ဆိုတာလေးကိုပြောစမ်းပါခင်ရယ်ဆိုတဲ့ ရတနာပုံမောင်စုရဲ့”တစ်ရွာသား”
“ဆယ့်နှစ်လရာသီ ရှိပြီမောင်ရဲ့ “လို့ တမ်းတလိုက်တဲ့ ဗိုလ်အောင်ဒင်ရုပ်ရှင်ထဲက ဇာတ်ဝင်တေးလေးရဲ့သခင်မ” မေမေ၀င်း”
“ဖူးစာကံအကြောင်းရယ် ချစ်ဒုက္ခဖန်လာတယ် ခင်ရယ်ချစ်ရဲ့သားနဲ့တစ်ဖက်သားရူးအောင် ” ဆိုပြီး ငိုပြလိုက်တဲ့ ၀င်းဦးတို့အဖေ ဦးဘညွန့်
“ဂုဏ် ဂုဏ် ဂုဏ်ဆိုတာငွေကိုခေါ်တယ်”လို့ တပြည်လုံးကြားအောင်ကြွေးကြော်ပြီးမှ  ဆိုမိတာမှားတယ်ဆိုတဲ့ ဘ၀သံသရာ “ဦးသုခ”
တို့ရဲ့ တကယ့်ကိုများပြားလှသော အခုမှတ်မိသလောက်လေးပြန်ပြောပြနေတာတောင် သေချာပေါက်ကျန်နေမှာသေချာတဲ့
နှစ်ဟောင်းက အနှစ်အဟောင်းသီချင်းတွေကို သိလာရပါတယ်။
(ဒီသီချင်းတွေအကြောင်းပြောမယ်ဆိုရင် ချန်လှပ်ထားလို့မရတာကတော့ ဟင်္သာတေးသံသွင်းပါ။
သူ့ကြိုးစားအားထုတ်မူ့ကြောင့် အရင်က ကောင်းပြီး တိမ်မြုပ်ပျောက်ကွယ်နေသောသီချင်းပေါင်းမြောက်မြားစွာကို အရှုံးအမြတ် ကိုမတွက်ဘဲ
အဆိုတော် “သုမောင်” နဲ့တွဲဖက်လို့ ဖော်ထုတ်ခဲ့လိုလဲ “စစ်ကိုင်းတံတား””အောင်ပင်လယ်” ” ဆင်ကြီးဂဠုန်ချီ” “မြန်မာ့ဂုဏ်ရည်” ” သူဌေးဝါဒ”
အစရှိတဲ့နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းအခန့်တွေ
ဆရာရွှေပြည်အေးရဲ့ “လေးနာရီ” “ဗွေးတုတ်” “မြစ်ကြီးဧရာဝတီ” “မုန့်ဆီကြော်” “လကဆုန်” ” မြစ်ကြီးဧရာဝတီ “အစရှိတဲ့မြူးကြွသွက်လက်သော မြန်မာ့တောဓလေ့ချစ်စရာသီချင်းလေးတွေကိုနားဆင်ခဲ့ရဘူးပါတယ်။
နောက်မြန်မာ့ရိုးရာနတ်ချင်းတွေ သီချင်းကြီးတွေ အငြိမ့်သီချင်းတွေကို ဟင်္သာတေးသံသွင်းက အတော်များများထုတ်ပေးခဲ့တာကိုတော့ ကျေးဇူးတင်စရာပါ။ )
အခုကျနော်ပြောခဲ့တဲ့စစ်ပြီးခေတ်က သီချင်းတွေဟာ အရမ်းကိုကောင်းပါတယ် ဒါပေမဲ့အားလုံးဟာလဲ ကိုယ်ပိုင်သံစဉ်တွေချည်းမဟုတ်ပါ အဲဒီအချိန်ကတဲက သူများတေးသွားကို ယူပြီးစာသားထည့်တဲ့ကော်ပီဆိုတာက မြန်မာတွေလုပ်တတ်နေပါပြီ။(ပြောရရင် ဘိလပ်ပြန်သန်းရဲ့သီချင်းများ)

နောက်ဆက်သိလာရတာကတော့ ကျနော်ဖောင်ကြီးမှာတုန်းက ကြားခဲ့ရတယ်ဆိုတဲ့ မြန်မာသံသီချင်းတွေဟာ တင်စားပြောရရင် ပန်းစုံပေါတဲ့ပန်းဥယျာဉ်ကြီးထဲက
ပန်းခင်းလေးတခင်းစာလောက်ဆိုတာကို သိလာရပါတယ်။
စောစောက ကျနော်ပြောခဲ့တဲ့သီချင်းတွေက စစ်ပြီးစ မြန်မာပြည်လွတ်လပ်ရေးမရခင်က သီချင်းတွေပါ။
စောစောကပြောတဲ့ အဆိုတော်ကြီးတွေရဲ့နောက် လွတ်လပ်ရေးရအပြီး မှာ ပေါ်လာတာက
အခုချိန်ထိခေတ်စားဆဲ “မောင်မလာတာလေးငါးရက်ကြာ သည်အရေး တွေးရခက်ကြီးပါ အချစ်လိမ်အချစ်ညာသူဟာရုပ်လုံးကြီးပေါ်လာ ” စွပ်စွဲလိုက်တဲ့
“လီလီကြာညွန့်  “
” လာလာချေပြီ ပျို့ချစ်ဦးလဲထူးတဲ့ဇာနည် …………ပုဝါဖြူလေးရမ်းရမ်းကာ “လို့ ဗိုလ်ရူ့သဘင်ဆင်ယင်လိုက်တဲ့ “သံသရာခရီးသည် “ရဲ့အရှင်သခင်
“မေလှမြိုင်”
” ၀သန်ခါမှီလ ရာသီ ပြာရီရစ်ဆိုင်း “အစချီလိုက်တဲ့ ခုချိန်ထိနားထောင်လို့ကောင်းတုန်း “မိုး “သီချင်းပိုင်ရှင် မခင်နှင်းဆီရဲ့အကိုကြီး “ကိုမြကြီး “ရဲ့သီချင်းတွေကိုနားထဲမှာ ကြားလာပါတယ်။
အစဉ်အလိုက်ရယ်လို့မဟုတ်ဘဲ ရင်ထဲရှိခဲ့ဘူးတဲ့ သီချင်းတွေကိုတော့ပြောပြချင်ပါသေးတယ်။
ကျနော်မှတ်မိသလောက် ကျားမ မရွေးပေါ့နော် တစ်ချို့က တစ်သက်လုံးမှာ လူကြိုက်အများဆုံးအကောင်းဆုံးဆိုတဲ့သီချင်းတွေကို အများကြီးကိုဆိုသွားနိုင်တယ်။
သူ့သီချင်းမှာ ဘယ်သီချင်းကတော့ အကောင်းဆုံးပါလို့ကိုမပြောနိုင်လောက်အောင်ကောင်းတာတွေများပါတယ်။
” တွံတေးသိန်းတန်” ” “ပန်းနွယ်ရေ ရှာလေလေဝေး” ဆိုတဲ့ “ပန်းနွယ်ကစိမ်း”ကနေစလိုက်တာ
သူ့တစ်သက်မှာ ဆိုသမျှတွေမှာ “နှမလက်လျော့နေလေတော့ ” “ဘယ်ပန်းသာလို့ယဉ် ” ” ချစ်ရက်ရှည်ရှည်အင်းလျားမြေ” “ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ် “
“မျှော်ရပါကြောင်းနွေမိုးဆောင်း “အစရှိတဲ့ အပုဒ်ရေပေါင်းများစွာ “လှည်းနဲ့လှေရှိသမျ သူ့သီချင်းတွေမကွယ်စေရဘူး “လို့ ကြွေးကြော်ခဲ့တဲ့
ကျေးလက်အချစ်တော်အဆိုရှင်ဟာ သူမကွယ်လွန်ချိန်အထိ ” စိမ်းသရဖူစိမ်း”နဲ့အောင်ပွဲခံခဲ့ပါတယ်။
“တွံတေးသိတန်းတန်”အဆိုတော်တွေထဲမှာ သက်တမ်းအရှည်ဆုံးနဲ့အပုဒ်ရေအများဆုံး တွေကို ပိုင်ဆိုင်သွားသူလို့ သတ်မှတ်ထားပါတယ်။
မိန်းကလေးထဲမှာတော့ “မာမာအေး “ပါ။
” သက်တန့်ပေါ်မှာကစားမယ်”ကနေစလိုက်တာ ” မေ့ကွက်ကိုရှာ”  ” ယုံရခက်ခက်”  ” တစ်ရေးချစ်ခွင့်ကြင်လာနိုး ”   ” ဆယ်မိုးဆယ်နွေ”
” မန်းရာပြည့်” ” မေ့ဘ၀ခဏဘယ်သူယူပါ့မယ်”မရေတွက်နိုင်တဲ့အလွမ်းသီချင်းတွေနဲ့အတူ သည်ဘက်ခေတ်မှာ ” မောင့်အချစ်မျှား”
“အချစ်သည်သာထာဝရ “တွေလဲအောင်မြင်ရုံမက ” အပျိုရံမလေးမကျည်းတန်”ဘုရားသီချင်းတွေစုဆိုထားတဲ့ “ကြည်နူးဘွယ်”ဆိုတဲ့သီချင်းခွေဟာတိတ်ခွေခေတ်မှာ ရောင်းအကောင်းဆုံးတစ်ခွေဖြစ်ခဲ့သလို ” တွံတေးသိန်းတန် “နဲ့တတန်းတစ်စားထည်း အကောင်းဆုံးတွေအများဆိုချန်ထားနိုင်ခဲ့တဲ့အဆိုတော်ပါ။
နောက်ထူးခြားသူတစ်ဦးကတော့ စွယ်စုံရ ရုပ်ရှင်မင်းသား စာရေးဆရာ ဒါရိုက်တာ ထုတ်ဝေသူ အဆိုတော်” ၀င်းဦး”ပါ။
“မာမာအေး ” “တွံတေးသိန်းတန် “တို့က မြန်မာသံအများဆုံးဆိုတယ်လိုက်ဖက်တယ် “၀င်းဦး “ကတော့ ဘိုသံရော ဘုရားသီချင်းရော မြန်မာသံရော အစုံကိုဆိုနိုင်
တဲ့အပြင် အပုဒ်ရေ အများကြီးလဲ ဆိုထားခဲ့တဲ့သူပါ။သူ့ခေတ်ကခေတ်စားတဲ့ “ပရက်စလေ”တို့ “ပက်ဘွန်း “တို့ရဲ့ ကော်ပီသီချင်းတွေ ” မီးပုံပွဲ”လို့ “မေခင်ကျနော့်အချစ်တော် ဟိုင့်ဟိုင့် “လို ဆတ်ကော့လတ်ကော့ ဘာသာပြန် သီချင်းတွေအပြင်” အလှကမ္ဘာမြေ”လို သီချင်းအမြူးလေးတွေသာမကဘဲ
 ” ပြုံးပါဆို”တို့ “တေလေငှက် ” “သည်အချိန်ရောက်လာရင်လေ ကျနော့်စိတ်တွေဖောက်ဖောက်လာတယ် “ဆိုတဲ့အလွမ်းသီချင်းလေးတွေသာမကသေးဘဲ “မာမာအေး” “တင်တင်မြ “တို့ ” ချိုပြုံး”တို့နဲ့တွဲလို့ ရှေးခေတ်ဟောင်းစုံတွဲသီချင်းတွေကို ပြန်ဆိုတေးလုပ်ခဲ့ဘူးပါတယ်။
နောက် ” စကားဧ၀ကံ” “ညီတော်မင်းနန်” “ခေါင်မဟေတည်ထွန်း ”  “မင်္ဂလာဆုတောင်း ” “ဓမ္မစကြာ “လိုသီချင်းအခန့်တွေ
မြို့မငြိမ်းရေးထားတဲ့ ခေတ်ဆန်ဆန် အလွမ်းသီချင်းတွေကိုဆိုခဲ့တာနဲ့မပြီးသေးဘူး မန်းသင်္ကြန်မှာသူမပါရင်မပြီးအောင်
“မန်းတောင်ရိပ်ခို ” “ရက်မြတ်သင်္ကြန် ” “ရွှေဝါမြေ “”သင်္ကြန်ကြိုချိန် ”   လိုသင်္ကြန်သီချင်းအမိုက်စားတွေကို အများကြီးဆိုထားခဲ့ပါသေးတယ်။
သူတို့သုံးယောက်လောက် ဆိုတဲ့အပုဒ်ရေအတွက်မများ ကောင်းတယ်လို့ ပြောနိုင်တဲ့ အပုဒ်ရေမများပေးမယ့်
ကောင်းသောသီချင်းပေါင်းများစွာကို ဆိုထားခဲ့နိုင်တဲ့အဆိုတော်တွေဖြစ်တဲ့
 ” စန္ဒယားချစ်ဆွေ ” တက္ကသိုလ်မြကြီး” ကိုမင်းနောင် “မောင်မောင်ကြီး”တင်တင်မြ” ထား”ကိုကျော်ညွန့်” မောင်မောင်ညွန့်” ” ဟင်္သတ ထွန်းရင် “
့်အစရှိတဲ့ အဆိုတော်များအပြင်
တစ်သက်မှာ တစ်ပုဒ်ဆိုဆိုသလောက်နာမယ်ကြီးခဲ့တဲ့ အဆိုတော်များအကြောင်းကိုပြောချင်ပါသေးတယ်။
စကားစပ်လို့ပြောရအုံးမယ်ဆိုရင် မြန်မာသံမိုနိုသီချင်းမှာကို လေးမျိုးကွဲပါသေးတယ်။
ဆိုင်းဝိုင်းကြီးနဲ့တွဲဘက်တဲ့ သီချင်းအခန့်က တစ်မျိုး ၊
တယော စန္ဒယား ပုလွေ ပါတ်လုံ့းလေးတွေနဲ့ အဆွေးသီချင်းအေးအေးလေးကတစ်မျိုး၊
နိုင်ငံခြားတူရိယာ တွေ အော်ဂင်တွေနဲ့ ဂစ်တာတွေ ဒရမ်တွေနဲ့ကခပ်သွက်သွက်သီချင်းတွေကတစ်မျိုး။
မြို့မလို့ ဂေါ်ဂေါ်ဂီဂီလေမူတ်တွေကတစ်မျိုးပေါ့။
ဒါကတော့ တူရိယာအသုံးပေါ်မှာမူတည်ပြီး သံစဉ်အပြောင်းအလဲဖြစ်သွားတယ်လို့ဆိုနိုင်ပါတယ်။
နောက်ခုနကပြောတဲ့ အဆိုတော်ကြီးများထဲက ရုပ်ရှင်မင်းသားလုပ်ဘို့ပါ ၀ါသနာပါတဲ့ အဆိုတော်ကြီး ……………………………………………………………..က စပြောရမယ်ဆိုရင်………………………

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

Leave comment commentinfo No comment & 500 views

Leave Comments

Name*

Email*
Website
Email me whenever there is new comment