Professional Authors

ချယ်ရီတောင်တန်း ခရမ်းသစ်ခွ လှပတဲ့ချိုးဖြူ

ချယ်ရီတောင်တန်း ခရမ်းသစ်ခွ လှပတဲ့ ချိုးဖြူ
(ဆရာကြီးဒဂုန်တာရာ (၉၂)နှစ်မြောက်မွေးနေ့အမှတ်တရ)

    ကျွန်တော်တို့ စီးလာတဲ့ကား တောင်ပေါ်မြို့လေးရဲ့ ရင်ခွင်ထဲ
ထိုးခွဲဝင်လာတော့ မနက်(၃)နာရီ။ ဟိုအဝေး ခပ်လှမ်းလှမ်း ချိုင့်ဝှမ်းထဲမှာ
မြင်နေရတဲ့ မြို့ကလေးကား၊ လျှပ်စစ်မီးရောင်တွေဖြင့် ဟိုတစဒီတစ မှန်
ကူကွက်အလှတွေလို တောက်စားဝင်းပ။
    “ အဲဒါ ခင်ဗျားရောက်ဖူးချင်နေတဲ့ အောင်ပန်းဆိုတာပဲ၊ ” တဲ့။
ရှေ့ခုံတန်းမှာ ထိုင်နေတဲ့ ကဗျာဆရာမောင်သင်းပန်က တစ်ခါမှမရောက်
ဖူးသေးတဲ့ ကျွန်တော့်ကို လှမ်းပြီးမက်ဆေ့ပို့တော့ ကျွန်တော့်ပါးစပ်ထဲက
စကားလုံးတစ်ချို့ ထိန်းမနိုင်သိမ်းမရ ပွင့်အံ လွတ်ကျသွားတယ်။
    “ အားပါးပါး လှလိုက်တာ ” ။
တောင်ပေါ်မြို့လေးဟာ ခရီးအရောက်အပေါက် နည်းပါးလှတဲ့ ကျွန်တော့်ကို
ချစ်စရာ၊ ရင်ခုန်ချင်စရာကောင်းတဲ့ လက်ဆောင်တစ်ခုနဲ့ ဆီးကြိုကမ်းလင့်
လိုက်သလိုပါပဲ။ ဆယ်စုနှစ်တစ်ခုစာလောက် အောင့်အီးမျိုသိပ်ထားခဲ့ရတဲံမြို့။
စိတ်ကူးအိပ်မက်တွေနဲ့ပဲ ရင်ခုန် ကျေနပ်နေခဲ့ရတဲ့မြို့။ ရောက်အောင်သွား
မယ်ဆိုတိုင်း အကြောင်းအမျိုးမျိုးနဲ့ အမြဲတမ်း လွဲချော်နေခဲ့ရတဲ့မြို့။ ဒီတစ်ခါ
တော့ ကျွန်တော် တကယ်ရောက်ပြီပေါ့။ ပြီးတော့ ရှားရှားပါးပါး ကြုံရခဲလှတဲ့
တောင်ပေါ်မြို့လေးရဲ့ညအလှကို အပေါ်စီးကကြည့်ရတာ အိပ်မက်ထဲမှာ
လမ်းလျှောက်နေရသလို အရသာရှိလှပါဘိ။ မြို့လေးကတော့ အပြစ်ကင်းစင်
တဲ့ ကလေးတစ်ယောက်လို ညဥ့်လွှာရုံ ပုခက်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျ
နေဆဲ။
    တချို့ကပြောတယ်။ “ တောင်ပိုင်းရှမ်းပြည်မှာ အောင်ပန်းဆိုတာ
သေးသေးလေးပဲ၊ တဲ့။ သူ့ထက်အစစအရာရာ သာလွန်ကြီးမားတဲ့ တောင်ကြီး
မြို့၊ သာယာလှပ ကြည်နူးချင့်စဖွယ် ပန်းချီကားတစ်ချပ်ထဲ ရောက်သွားရသလို
ရိုမန့်တင့်ဆန်ဆန် စိတ်ကူးယဉ်ချင်စရာကောင်းတဲ့ ကလောမြို့။ ဒဏ္ဍာရီနဲ့
လျှို့ဝှက်ဆန်းကြယ်မှုတွေ ပေါင်းစည်းထားတဲ့ ပင်းတယ။ တောင်ထိပ်ပေါ်မှာ
အံ့ဘွယ် ပင်လယ်ငယ်တစ်ခုလို ဖြစ်နေတဲ့ အင်းလေးကန်တို့ကမှ  ပိုရင်ခုန်ချင်
စရာ ကောင်းတာပါ၊ ” တဲ့။ ကျွန်တော် သူတို့ကို ခွန်းတုံ့ပြန် ငြင်းဆန်မနေတော့
ပါဘူး။ လူဆိုတာ ကိုယ့်အဘိဓမ္မာကို ကိုယ့်အဓိပါယ်နဲ့ ဖွင့်ဆိုနေထိုင်ကြတာ
မဟုတ်လား။ ကျွနတော့်အတွက်တော့ အောင်ပန်းဆိုတာ မဟာကဗျာဆရာ
ကြီးရှိတဲ့မြို့၊ စာပေဂုရုကြီး နေထိုင်တဲ့မြို့၊ ရန်သူမရှိ မိတ်ဆွေသာရှိတဲ့ ငြိမ်းချမ်း
ရေးကြီးရဲ့မြို့၊ သက်ရှိထင်ရှား သမိုင်းစာအုပ်ကြီးရဲ့မြို့ ဆိုတာနဲ့တင် ပြည့်စုံ
လုံလောက်နေပြီလေ။ အောင်ပန်းမြို့တောင်ဖက် မိုးအလင်းဖွင့်တဲ့ ပန်းချယ်ရီ
ကဖေးရောက်တော့ ကျွန်တော်တို့အားလုံး ကားပေါ်က ဆင်းလိုက်ကြတယ်။
အားလုံးကို ခေါင်းဆောင်ခေါ်လာခဲ့တဲ့ ဆရာရွှေနောင်ရိုးက လွတ်လွတ်လပ်လပ်
အဆင်ပြေသလို စီစဉ်ကြဖို့ပြောတော့ ကျွန်တော်နဲ့ဦးကျော်(လယ်ဝေး)က
ဆိုင်ကယ်ကယ်ရီသမား အကူအညီနဲ့ “ ဂုဏ်” တည်းခိုခန်းရှိရာကို ရောက်သွား
တယ်။ တစ်ညလုံး ကားမူးခဲ့ရတဲ့ဂုဏ်ကြောင့် မူးဝေနောက်ကျိ ပင်ပန်းနွမ်းလျ
တရေးမှ မမှေးခဲ့ရသမျှ (တော်ပါသေးရဲ့ ပြည့်ဖြိုးသီလို တစ်လမ်းလုံး အော့အန်
မလာခဲ့လို့) တည်းခိုခန်းမှာ ဇိမ်ကျမှာပဲလို့ မျှော်လင့်ခဲ့တာ တကယ်တမ်းမှာတော့
ထင်ထားခဲ့တာနဲ့ တစ်ခြားစီ။ ရင်ခုန်စိတ်လှုပ်ရှားမှုတွေက လျှော့ကျမသွားပဲ တာဝေး
ရထားတစ်စင်းလို ခုတ်မောင်းအားကောင်းနေဆဲ။ အတွေးနောက်ခံထဲမှာတော့
နယ်ချဲ့ခေတ်၊ ဖက်ဆစ်ခေတ်၊ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ ခေတ်အဆက်
ဆက်ကို ဖြတ်သန်းလာခဲ့တဲ့ မဟာကဗျာဆရာကြီးရဲ့ ရုပ်ပုံလွှာတွေက (သမိုင်းဆရာ
ကြီးရဲ့ စာမျက်နှာတွေကို လှန်နေရသလို)၊ တစ်ရွက်ပြီးတစ်ရွက်။
    မနက်(၈)နာရီခွဲမှာတော့ မဟာကဗျာဆရာကြီး နေထိုင်ရာအိမ်ကိုသွားကြဖို့
နှစ်ယောက်သား တည်းခိုခန်းက ထွက်လာခဲ့ကြတယ်။ ကမ္ဘာကလည်းသိ၊ မြန်မာ
တစ်ပြည်လုံးကလည်းသိ၊ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးလည်းဖြစ်၊ စာပေလောကရဲ့ ဂုရုကြီး
လည်း ဖြစ်တဲ့ ကြယ်တာရာကြီးကို တစ်မြို့လုံးက ဘယ်သူ့မေးမေး သိကြမှာပဲ၊
လမ်းညွှန်ကြမှာပဲလို့ ထင်ထားခဲ့တာ။ တည်းခိုခန်းရှေ့မှာ အသင့်စောင့်နေတဲ့ ဆိုင်ကယ်
သမားတစ်ယောက်ကို လိုက်ပို့ဖို့ပြောတော့၊ သူ့ခမျာ မကြားဖူးတဲ့ ဘာသာဗေဒတစ်ခု
ကို ကြားလိုက်ရသလို၊ အူကြောင်ကြားပုံစံနဲ့၊
    “ ဒဂုန်တာရာဆိုတာ တာယာကုမ္ပဏီလားတဲ့၊ အဲဒါ ကျွန်တော်မသိဘူး” တဲ့လေ။
ဂျင်းဘောင်းဘီနဲ့ စတိုင်ကျကျ ၀တ်ဆင်ထားသော ခေတ်လူငယ် ဆိုင်ကယ်သမားလေးကို
အထူးအဆန်းသတ္တ၀ါတစ်ကောင်နှယ် အံ့ဖွယ်စိတ်ပျက် ငေးမောကြည့်နေမိ။ တစ်ခါကလည်း
(နဲနဲတော့ ကြာပါပြီ။) ကဗျာလောကထဲဝင်ဖို့ ကြိုးစားနေတဲ့ လူငယ်လေးနှစ်ယောက်ကို
လက်ဖက်ရည်ဝိုင်းတစ်ခုမှာ စကားလက်ဆုံကျရင်း သူတို့ကဗျာတွေကို ပေးဖတ်အကြံဉာဏ်
တောင်းခံကြတော့(မပေးခင် သူတို့စာဖတ်အားသိချင်လို့) မေးစမ်းတောက်ကြည့်တဲ့အခါ
` ဒဂုန်တာရာ ကြားဖူးပါသတဲ့၊(ဖတ်တယ်လို့ ၀န်မခံ) မောင်ချောနွယ်ကိုတော့ မသိဘူးကွယ်´
ဆိုပဲ။ ခေတ်တွေ ဝေးကွာနေပြီလော၊ မျိုးဆက်တွေ ကွာဟနေပြီလော။ မယ်ဇယ်ရနံ့၊ မသင်း
ပျံ့တော့ပြီလော။ ဆိတ်ဖလူး မထုံကူးတော့ပြီလော ။ ကျွန်တော် စိတ်မကောင်းခြင်းကြီးစွာ
ဖြစ်နေခိုက် သမိုင်းဆရာကြီးတစ်ယောက် ပြောသွားခဲ့ဖူးတဲ့ စကားတစ်ခွန်းက ခေါင်းထဲမှာ
အလိုလိုပေါ်လာ၊
    ` သမိုင်းကို သိမှ တန်ဖိုးကိုသိတာဗျ၊ သမိုင်းကို မသိရင် တန်ဖိုးထားရကောင်းမှန်း
မသိနိုင်ဘူး ´ တဲ့။ ခက်ချေပြီ။ ထင်မှတ်မထားခဲ့တာတွေကြောင့် ဘာကဘယ်လိုလုပ်ရမှန်းမသိ။
အရေးထဲမှ နှစ်ယောက်စလုံးက ဖုန်းပါမလာ။ လမ်းဘေးဖုန်းဆိုင်ကနေ ကဗျာဆရာစံညိမ်းဦးနဲ့
မောင်ရဲနွေ(ပုလိမ်)တို့ဆီ လှမ်းဆက်အကူအညီတောင်းရအောင်လည်း ဖုန်းနံပါတ်ကမသိ။
(၁၀)မိနစ်လောက်အကြာ မဟာကဗျာဆရာကြီး နေထိုင်ရာကိုသိတဲ့ ကယ်ရီသမားရောက်လာ
လိုက်ပို့မှ `ဟင်း´ ချရတော့တယ်။ ဆိုင်ကယ်စီးရတာ နှစ်ပြကျော်လောက်ပဲ ရှိလိမ့်မယ်။
    ရွာငံစုရပ် ဈေးအနောက်ဖက်နားက ရိုးရိုးသာမန် နှစ်ထပ်အိမ်တစ်လုံးကို လက်ညှိုးထိုး
ပြ၊    ` ဆရာတို့ရှာတာ အဲဒီအိမ်ပဲ၊ ´ ဆိုပြီး ချထားခဲ့တော့၊
ရုတ်တရက် စိတ်ထဲမှာလက်မခံနိုင်သေးပဲ ဈေးလမ်းပေါ်ကနေ အိမ်ကြီးဆီကို ဇဝေဇ၀ါ ရပ်၊ငေး၊
ကြည့်။ ရွှေမန္တလေးက ဆရာရွှေနောင်ရိုးတို့ အုပ်စုကလည်း အထဲမှာအရိပ်အရောင်မတွေ့၊
ကိုယ်နဲ့သိတဲ့လူတွေ တစ်ယောက်မှ မမြင်ရတော့ လိုက်ပို့သူအပေါ် သံသယတွေ ပွားများနေမိ။
ဆိုင်ကယ်သမား နေရာမှားချထားခဲ့ပြီလော။
    တစ်ချိန်က နယ်ချဲ့အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးအတွက် အသက်နဲ့ရင်းပြီး
သခင်ဗဟိန်းနဲ့အတူ တရုတ်ပြည်ဖက် လျှို့ဝှက်ထွက်ဖို့ ကြိုးစားခဲ့တဲ့ ရဲဘော်ဌေးမြိုင်ဆိုတာ ဒီအိမ်
မှာလား။ သခင်သန်းထွန်း၊ ဦးဗဆွေတို့နဲ့ ရင်းနှီးချစ်ခင် ကျွမ်းဝင်ခဲ့ဘူးတဲ့ သခင်ဌေးမြိုင် ဒီမှာနေထိုင်
ပါသလား။ ဗန်းမော်တင်အောင်နဲ့ အမေလူထုဒေါ်အမာကို ရဲဘော်လို့ နှုတ်ဆက် `အောင်ဆန်း
(သို့မဟုတ်)အရိုင်း ´ ရေးဖွဲ့ခဲ့တဲ့ ရုပ်ပုံလွှာတို့ရဲ့ အရှင်သခင် ဒီမှာရှီနေတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
အရွယ်ရောက်လာတော့ နှစ်နှစ်ခြိုက်ခြိုက် တရှိုက်မက်မက် စွဲလန်းခဲ့ရဖူးတဲ့ ` မေ ´ ၀တ္ထုကို ရေးခဲ့
တဲ့ စာရေးဆရာ ဒီထဲမှာလား။ ကျွန်တော် အံ့သြဆွတ်ကြင်စွာ လွမ်းမောနေမိ။
    (၉)နာရီလောက်မှာတော့ လွယ်အိတ်လေးတစ်လုံးနဲ့ ဟောတစ်ယောက်၊ ဟင်းဘတ်အိတ်
ကလေးနဲ့ဟောနှစ်ယောက်၊ သုံးယောက်တွဲ၊ လေးယောက်တွဲ ရန်ကုန်က၊ မန္တလေးက၊ မုံရွာက၊
ပျဥင်္းမနားက၊ ဖြူးက၊ ပဲခူးက၊ မြစ်ငယ်က၊ ပုလိပ်က၊ ပြင်ဦးလွင်က၊ ပျော်ဘွယ်က၊ တောင်ကြီးက၊
ကလောက၊ တစ်ဖွဲဖွဲရောက်လာ။ တစ်ခဏချင်းမှာ အပေါ်ထပ်အောက်ထပ် အားလုံးပြည့်ကြပ်၊ နေရာ
မရသူတွေ မိုးတိုးမတ်တတ်။ ဒီလူတွေအားလုံးဟာ မြန်မာပြည် တနံတလျှားက လာကြသူတွေ
စာရေးဆရာ၊ ကဗျာဆရာ၊ စာနယ်ဇင်းဆရာ၊ စာပေချစ်သူ၊ ကြည်ညိုလေးစားသူ၊ ငြိမ်းချမ်းရေးကို
ချစ်မြတ်နိုးသူတွေပေါ့။ မဟာကဗျာဆရာကြီးကား၊ ထူထဲမျက်မှန်၊ ရှည်လျားလှိုင်းတွန့် ဖြူလွဆံပင်
ခရမ်းပြာနက် ရောယှက်နွေးထည် ကုလားထိုင်ပေါ်ဝယ် ဖျော့ခွေနွမ်းစ ပမ်းလျှလျှ . . . . . ။
ခဏနေတော့ အားလုံးဟာ တိုင်ပင်ထားကြတဲ့အလား၊
သဘာဝ ဘေးအန္တရာယ်တွေအတွက် စိတ်လက်မချမ်းသာသူ၊
စစ်ရမက်တွေကို မမြင်လိုသူ၊
ရောင်စုံပန်းခင်းတွေကို လွတ်လပ်စွာ ပွင့်လန်းစေချင်သူ။
ငြိမ်းချမ်းရေး ချိုးဖြူကူသံ ကြားလိုသူ၊ မဟာကဗျာဆရာကြီးကို ကဗျာတွေစာတွေနဲ့ ပူဇော်၊
တေးအလင်္ကာတွေနဲ့ သီကုံးပြီး၊ ဦးနှိမ်ဝတ်ချ မေတ္တာပို့ ကန်တော့လိုက်ကြတယ်။
    အခမ်းအနားပြီးတော့ ဆရာမသင်းမြစန္ဒီက နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးတယ်။
ကျွေးမွေးတာက သာမန်မည်ကာမတ္တ ကျွေးမွေးတာမျိုးမဟုတ် မောင်နှမရင်းချာတွေလို ရှယ်ကျွေးတာ။
ဒီလူအုပ်ကြီးကို နိုင်အောင်ကျွေးဖို့ဆိုတာ နည်းနည်းနောနော စေတနာမဟုတ်။ ကျွန်တော်ကတော့
အားနာတတ်သူပီပီ ဆရာမတို့ကို ဘာတစ်ခုမှ အကူညီမပေးနိုင်တာကိုပဲ ကြံဖန်အားနာနေမိတယ်။
အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့စာသမားတွေကို ခုလိုတစုတစည်းတည်း ရင်းရင်းနှီးနှီး
တွေ့ဆုံကြဖို့ဆိုတာ လွယ်တာမဟုတ်။ ဒီတော့ စားရင်းသောက်ရင်း စကားလက်ဆုံ ပြောမကုန်နိုင်ကြ။
စာတွေဆွေးနွေးကြ၊ စာမူတွေဖလှယ်ကြ၊ ဓာတ်ပုံတွေ တွဲရိုက်ကြ၊ ကိုယ့်ထက်ဝါကြီးသူတွေကို လက်အုပ်
ချီကြ၊ တစ်ခါက ဆရာပြောဖူးသလို ဒါလည်း ပျားအုံခံစားမှုထဲက တစ်ခုပဲပေါ့။ မရောက်ဖူးတဲ့သူတွေက
ရောက်တုန်းပေါက်တုန်း လျှောက်လည်ကြဖို့ လူစုကြတော့ ဖြူးက ငြိမ်းမောင်နဲ့ ကျော်ဆွေဝင်း(ရွှေအင်း)
က တည်းခိုခန်းကို လိုက်လာကြတယ်။ ဗင်တစ်စီးငှားပြီး ကုံလုံ၊ ပင်းတယ လျှောက်လည်ကြတယ်။
လမ်းမှာ သစ်ပင်ကြီးကြီးမားမားတွေ့တိုင်း သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားတဲ့ ကျွန်တော်က
ကားကိုရပ်ပြီး မှတ်တမ်းတင်သလို ဖိုတိုခရေစီ ဦးကျော်(လယ်ဝေး)က ရှုခင်းလှလှတွေ့တိုင်း သူ့ကင်မရာ
အကောင်းစားကြီးနဲ့ ဆင်းပြီးရိုက်တယ်။ ငြိမ်းမောင်နဲ့ ကျော်ဆွေဝင်းကလည်း အားကျမခံ သူတို့ဖြူးမှာ
စိန်ပန်းပြာမရှိဘူးဆိုပြီး စိန်ပန်းပြာပြာမြင်တိုင်း ခါးတောင်းကျိုက်ပြီး ရိုက်ကြပြန်တယ်။
    နောက်တစ်နေ့မနက်မှာတော့ အိပ်ယာကမထနိုင်ကြသေးပဲ အင်းလေးဖောင်တော်ဦးကို
သွားမယ်၊ မသွားဘူး၊ မဲခွဲလို့မရဖြစ်နေတုန်း ရှုခင်းသာမှာတည်းတဲ့ ဆရာမဒေါ်တင်တင်ဦးတို့က
အင်းလေးသွားရင် သူတို့လည်းလိုက်ချင်တယ်ဆိုမှ မဲကျသွားတယ်။ လက်မှတ်ကြိုတင်ဖြတ်ထားတဲ့
ညကားအိတ်စ်ပရက်မီအောင် လိုက်ထရပ်တစ်စီး အမြန်ငှားပြီး အပြင်းချီတက်ခဲ့ကြ။
    ဘ၀သံသရာ ရထားလမ်း၊
    ခေါင်းတိုင် ရေပူစမ်း၊
    တောင်တွေပတ်လည်ဝိုင်းထားတဲ့ အင်းလေးရေကန်၊
    မြင်းရိုင်းတစ်ကောင်လို ရေလွှာကို ထိုးခွဲပြီး ပြေးနေတဲ့ စက်လှေတစ်စင်း၊
    စက်လှေပေါ်မှာ မြင်မြင်သမျှ အူပွ ဓာတ်ပုံရိုက်နေကြတဲ့ လူသုံးယောက်၊
    ဆရာမကြီးဒေါ်တင်တင်ဦးကတော့ ဆိတ်၊ငြိမ်၊ငေး၊ရီ ဘာတွေကိုစာစီနေတယ်မသိ။
ကျွန်တော်ကတော့ သူတို့ရဲ့ ဆန့်ကျင်စွာ ဓာတ်ပုံမရိုက်နိုင်ပဲ အင်းလေးရေပြင်ရဲ့ ညှို့ငင်ပြုစားခြင်းကို
ခံနေရ။ အဲဒါ တခြားတော့မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်(၂၀)ကျော်လောက်က တစ်ခေါက်ရောက်ခဲ့ဖူးတဲ့
အင်းလေးဟာ အတော်ပြောင်းလဲသွားပြီ။ ၀ိုင်းရံထားတဲ့ တောင်ကုန်းတောင်တန်းတွေက အမွှေးကျဲပါး
သွားတဲ့ တောကောင်ကြီး ကြည့်နေရသလို၊ ၀တ်စုံသစ်ဒီဇိုင်းတွေနဲ့ နုပျိုချင်ယောင်ဆောင်ထားတဲ့
ရေကန်ကြီးကလည်း ရောဂါရနေတဲ့ လူမမာတစ်ယောက်လို ရေတွေပါးလျား၊ ကောစပြုနုံးများ၊
တစ်ချို့နေရာမှာ ရေကြမ်းပြင်က အတိုင်းသား။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ ကျွန်တော့်အတွက်
စိတ်လက်မချမ်းမသာ ဖြစ်ရ၊ ဖောင်တော်ဦးဘုရားကို ဦးခိုက်ဖူးမျှော်ကြရတော့ ခံစားနေရတဲ့ ရင်တွင်းက
အပူတွေကို ထုတ်ယူ ဆုတောင်းမိခဲ့တယ်။
    ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။
    ရောင်စုံပန်းများ လွတ်လပ် ပွင့်လန်းပါစေ။
    သဘာ၀၀န်းကျင် စိုလွင်စိမ်းလန်းပါစေ။
    ဆရာကြီးဒဂုန်တာရာ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ပါစေ။
    ချယ်ရီတောင်တန်း ခရမ်းသစ်ခွ
        လှပတဲ့ချိုးဖြူ ကူသံသာနိုင်ပါစေသတည်း။

                        ညီညွတ်မောင်
        ဆရာကြီးဒဂုန်တာရာ(၉၂)နှစ်မြောက်မွေးနေ့အမှတ်တရ   
         International LOOK Magazine No-3,August 2011
   

In: ဆောင်းပါး Posted By: Date: Aug 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment