Professional Authors

ကျွန်မနဲ့ပတ်သက်သောဆက်စပ်မဲ့တေးသွား

ကျွန်မနဲ့ပတ်သက်သောဆက်စပ်မဲ့တေးသွား

လွန်လေပြီးသောအခါ ဆိုတာ
အင်္ဂ၀ိဇ္ဇာရဲ့ တိုင်မဟုတ်ဘူး

ညနေခင်းကတော့ ကျွန်မကို
လှည့်မကြည့်ပဲထွက်ခွာ
သွားခဲ့ပြီ
လက်သီးဆုပ်ထဲက မီးညှိထားတဲ့စီးကရက်နဲ့
ကျွန်မတို့နှစ်ယောက်ဘယ်လိုများပတ်သက်ခဲ့ပါသလဲ ။

ပွင့်လင်းပါတယ်ဆိုတဲ့လူတစ်ချို့က
ရိုဒင်ရုပ်ထုကိုအားကျပါသတဲ့ မဆိုင်လိုက်တာ
ကျွန်မတို့ လက်မနှစ်ချောင်းနဲ့ နှလုံးသားသာမဆက်မိခဲ့ရင်
မိုးခါးရေတွေလည်ချောင်းတစ်လျှောက် ပေါင်းလန်နေရော့မယ် ။

အို . . . .
ကြည့်စမ်းပါဦး လူတွေ လူတွေ
သူတို့သက်တမ်းကဒီတစ်နံနက်ခင်းပဲဆိုတာ
မေ့နေကြတယ်ထင်တယ်
ဒီမှာ ….
ကျွန်မ တို့အတွက် တစ်ကယ်တော့
ဘာတစ်ခုတစ်လေမှကြည်နှုးစရာမရှိခဲ့ပါဘူး
ရောင်းကြ ၀ယ်ကြ လိမ်လည်ကြ လှည့်ဖျားကြနဲ့
ဒါတွေဟာ ကျွန်မတို့အတွက် အပိုင်းအစတွေလောက်ပါပဲ
တစ်ကယ့်ကို ပါးပါးလေး ။

ဘယ်မှာလဲ ဘယ် မှာ နေ သား တ ကျ ရှိ နေ လို့ လဲ
ပန်းရနံ့မသင်းတဲ့ညကို အပျက်မတစ်ယောက်လို သတ်မှတ်ချင်နေတာလား
ဖြစ်နိုင်ရင် ပြတင်းတံခါးကိုဆွဲပိတ်
ရှင့်မျက်လုံးတွေ ခဏလောက်မှိတ်ထားလိုက်
လွယ်လွယ်လေးပဲဆိုတာ အတွင်းကျကျ မြင်တတ်ရင်
ခက်ခဲလွန်းတယ်ဆိုတာ ရှင်သိလာမှာပါ ။

သေချာအောင် စာလုံးပေါင်းကြည့်ဖို့မလိုပေမယ့်
တတိယကမ္ဘာမှာ ပန်းတွေပွင့်ပုံက သမားရိုးကျမဆန်ဘူး
ဘ၀ဟာဆေးဆိုးပန်းရိုက်ပန်းချီကားတစ်ချပ်
ရှင်သောက်တဲ့ ချက်အရက်တစ်လုံးလောက်
ခမ်းနားထည်ဝါမှုမရှိတဲ့အချစ်ကကျွန်မအသည်းအိမ်ထဲ
နေထိုင်ခွင့်မပေးတော့ဘူး
ရှင်ထွက်သွားလိုက်တော့
ထွက် ခွာ သွား ဖို့ အ ချိန် တန် ပြီ
ဈေးဆစ်လို့မရတော့တဲ့ သံယောဇဉ်တွေကို လက်ဆွဲနှုတ်ဆက်ဖို့မလိုတော့တာ ။

အခုအချိန်အထိ
အမှန်ကို အမှန်လို့ရှင်မြင်ထားတာတွေအတွက်
နိုဗယ်ဆု ရလိမ့်မယ်မထင်နဲ့
ရောင့်ရဲတင်းတိမ်မှုဆိုတာ
တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်တစ်စုံလား
ဒီလိုဆိုရင်တော့ ရှင်ကိုသိပ်မှားသွားလိမ့်မယ်
ကျွန်မမျက်ဝန်းတွေ ခေါင်းမော့ရင်းစေ့စေ့ကြည့်စမ်းပါ
ရှင်တွေ့ရလား မခို့တရို့အပြုံးတစ်ပွင့် က
ကျွန်မနှုတ်ခမ်းဖျားမှာ ရီးလေးခိုနေတာ ။

အမည်မဲ့
In: ကဗျာ Posted By: Date: Oct 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment