Professional Authors

PoemsCorner Authors

ငါဟေ့ မြန်မာ

တွေးမိတိုင်း
အသည်းနာတယ်။
မြင်မိတိုင်း
ရင်နာရပြန်တယ် ။

ငါ့ရင်ငွေ့ကိုခိုလှုံ
ငါ့အသွေးအသားကို
စားသုံးပြီးတာတောင်
ငါ့ကလီစာတွေကို
ရောင်းစားချင်ကြသေးတာတဲ့ ။

ငါအမွေပေးခဲ့တဲ့
အဖိုးတန်ရတနာတွေ
ငါပြုစုပျိုးထောင်ပေးခဲ့တဲ့
စိုက်ပျိုးမြေတွေ
ဒါတွေနဲ့မလုံလောက်
လောဘတရားတွေ
တောက်လောင်တယ် ။

ငါမွေးမြူပေးခဲ့တဲ့
တိုင်းရင်းသားတွေ
ငါပြုစုစောင့်ရှောက်ခဲ့တဲ့
အသွေးအသားတွေ
စည်းလုံးမှုကွယ်ပျောက်
ဒေါသတရားတွေ
တောက်လောင်တယ် ။

ငါအလှဆင်ခဲ့တဲ့
တောတောင်မြစ်ချောင်းတွေ
ငါထိန်းသိမ်းခဲ့တဲ့
ယဉ်ကျေးမှုအမွေအနှစ်တွေ
ခေတ်နဲ့အညီ မျှောချလောက်အောင်
မောဟအခိုးတွေ
တောက်လောင်တယ် ။

ဒီရေ၊ ဒီမြေကြောင့်
ဒီလူမျိုးတွေ
အေးချမ်းသာယာခဲ့သလို
ဒီလူမျိုး၊ ဒီအသိုင်းအ၀ိုင်းတွေကြောင့်
ဒီသဘာဝတွေ
ဆိတ်သုဉ်းပျောက်ကွယ်ရပြန်တယ် ။

အရိပ်နေနေ
အခက်ချိုးချိုး
လောဘတန်ခိုးတွေနဲ့
ဒေါသမိုးတွေစွေ
မောဟအမောတွေ ဝေခဲ့…..။

ဒါငါ့မြေ၊ ဒါငါ့ရေ
ကြွေးကြော်ပိုင်ခွင့်တွေေ၀၀ါး
ကုန်းကောက်စရာမကျန်တောင်
မြန်မာဆိုတာ ပြန်ဖြစ်ဖို့
ကျန်ရစ်တဲ့ Oxygen နဲ့
ငါဟေ့ မြန်မာ
ကြံ့ကြံ့ခံ ရပ်တည်နေတုန်းပါပဲ ။   ။

10.7.2012 (3:00 PM)

In: ကဗျာ Posted By: Date: Jul 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment