Professional Authors

မိုးကာလ (ပိုင်စိုးဝေ)

ရှန်ပိန်အရက်ကို ပုလင်းလဲ တစ်ဝက်ချန်ထားရမှာ
ဟဲမင်းဝေး သိပ်မုန်း ဆိုပဲ။
မိုးကလည်း စွေလိုက်တာနော်
အိတ်ကပ်ထဲ တစ်စက်မှ ရေမဝင်ဘူး
စတိုင်ကျကျဂိုက်ပေးစရာဆိုလို့ကလည်း
သွားကြားထဲ တုတ်တစ်ချောင်းနဲ့ထိုးပြီး
လမ်းလျှောက်ပြတာကလွဲလို့ ဘာမှမရှိ။
မရယ်ရတဲ့ပြက်လုံးဟာ ရယ်စရာအကောင်းဆုံးပဲ။

လင်းတတွေ ကွယ်ပျောက်သွားချိန်မှာ
ပလတ်စတစ် ကောက်သူတွေပေါ်လာတာ
ကျေးဇူးတင်စရာပါပဲ။

ရာသီဥတုကလည်း အမြဲတမ်းတုန်တုန်ချိချိရယ်
သင်္ဂဇာ ဆရာတော်အမိန့်ရှိသလိုပ
ညောင်တုန်းက မောင်အုန်းလို
တရားထူးနဲ့ အဖျားရှူး သွားတတ်တယ်။

နိုဘယ်ဆုရတာနဲ့ မီးကွင်းထဲကျွမ်းထိုးပြတာ
မတူဘူးပေါ့လေ
ကျွန်ုပ်သည်ကား
မပိုင်ဆိုင်ဖူးသေးတဲ့ သရဖူကို
ကာကွယ်နေသူ ဖြစ်ချေ၏။ ။

ပိုင်စိုးဝေ
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဖေဖော်ဝါရီ ၂၀၀၁

Leave Comments

Name*

Email*
Website
Email me whenever there is new comment