Professional Authors

ဒီရေလှိုင်းနဲ့ ဂျင်ကလေး – ဒီရေလှိုင်း

ဒီရေလှိုင်းရဲ့ ငယ်ဘ၀လေးတုန်းက စူးရှနာကျင်စွာ ခံစားရသော အဖြစ်အပျက်လေးတစ်ခုလို့
ကြိုတင်ပြောပါရစေလေ ။

ဒီရေလှိုင်းရဲ့ဘ၀မှာ  ကံကောင်းခြင်း လက်ဆောင်ကို  မရခဲ့ပါဘူးလေ ။

ဒီရေလှိုင်း ငယ်ငယ်တုန်းကသိပ်ပြီးချူခြာခဲ့တာ ။

မွေးရာပါနှလုံးရောဂါကလည်းရှိတယ်ဆိုတော့ အရိပ်တကြည့်ကြည့်နဲ့ အမြဲဂရုတစိုက် စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ကလေးတစ်ယောက်လေ ။ ပိတ်ပင်တားမြစ်မှုများစွာနဲ့

ကလေးဘ၀ရဲ့ နေ့ရက်များကို ကျော်ဖြတ်ခဲ့ရသူလေးပါ ။

သူများကလေးတွေ ပျော်ရွှင်ကြည်နူးစွာ ကစားနေတာကိုမြင်တိုင်း

ပြူတင်းပေါက်လေးကနေ ထိုင်ငေးနေရတဲ့ ကလေးလေးတစ်ယောက်ပေါ့ ။ ငယ်ငယ်တုန်းကဆို အနိုင်အရှုံးသတ်မှတ်ထားတဲ့ကစားပွဲတွေကိုဝင်မကစားဖြစ်ခဲ့ပါဖူးလေ ။
ရှုံးနိမ့်သူရဲ့ နာကျင်မှုတွေကို မခံစားနိုင်တဲ့ တို့စိတ်ဓာတ်ရယ် ။

ရွယ်တူတွေလို ခွန်အားမရှိတဲ့ကိုယ့်ဘ၀အခြေအနေအရရယ်ကြောင့်ပေါ့ ။

ဒီလိုနဲ့ ဒီရေလှိုင်းလေးက ရန်ကုန်ကနေ နယ်မြို့လေးတစ်မြို့ကို ခဏရောက်ခဲ့ပါတယ်။ အိမ်ထဲမှာ နေရပေမဲ့ အခြေအနေပေးရင်ပေးသလို စူးစမ်းလေ့လာတတ်တဲ့ ဒီရေလှိုင်းဟာ အဲဒီမြို့လေးက ကလေးတွေဝိုင်းဖွဲ့ပြီး ဂျင်ပေါက်တမ်းကစားနေကြတာကို မြင်ခဲ့ရတယ် ။ စူးထက်ထက်နဲ့
ဂျင်လေးတွေက အားအင်အပြည့်နဲ့ပေါက်မှ လည်တာလေ ။ အားမာန်ဒေါသနဲ့ ပေါက်မှသာ သူများတွေရဲ့ ဂျင်ကလေးတွေကိုလဲ စူးနစ် ကွဲကြေနိုင်တာလေ ။ ဒီလိုစူးထက်တဲ့ ဂျင်ကလေးကို
လည်မွတ်နေအောင် ပေါက်နိုင်တဲ့ခွန်အားမရှိတာရယ် ၊ ခွဲခြေခံရတဲ့
ဂျင်ပိုင်ရှင်လေးတွေရဲ့ နာကျင်မှုတွေကို မခံစားနိုင်တာရယ်ကြောင့်
ဂျင်ပေါက်ပွဲလေးတွေနဲ့ ဒီရေလှိုင်းကျောခိုင်းနေခဲ့တယပေါ့ ။ ဒါပေမဲ
တစ်ချောင်းထဲသောဆူးလေးနဲ့ မွတ်နေအောင်လည်နိုင်တဲ့ ဂျင်ကလေး တွေကိုတော့
ဒီရေလှိုင်း အရမ်းသဘောကျခဲ့ပါတယ် ။ ဒါကြောင့် သူများကို မစူးစေပဲ ကိုယ့်အားနဲ့
ဂျင်ကလေးတစ်ခုကို ပေါက်ချင်နေခဲ့တယ် ။ ဒါကြောင့် သူတို့တွေရဲ့
မွတ်နေအောင်လည်နေတဲ့ ဂျင်ကလေးတွေကို ခိုးခိုးကြည့်နေခဲ့တယ် ။
ဒီရေလှိုင်းကိုနားလည်တဲ့ 

ဒီရေလှိုင်းကို အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတဲ့
ဝမ်းကွဲအကိုကြီးတစ်ယောက်က သနားလို့လားမသိဖူး။
ဆူးတွေသိပ်မထက်တဲ့ ၊ အလွယ်တကူလည်နိုင်တဲ့ ဂျင်လေးတစ်ခုကို သူကိုယ်တိုင်လုပ်ပေးခဲ့ပြီး
ဒီရေလှိုင်းကိုကို လက်ဆောင်လေးတစ်ခုအဖြစ်ပေးခဲ့တယ်လေ ။
ဆူးတွေ သိပ်မချွန်တဲ့ ၊ လှပတဲ့ ဂျင်ကလေးကိုကြည့်ပြီး

ဒီရေလှိုင်းအရမ်းပျော်ရွှင်ကြည်နူးခဲ့တာပေါ့ ။ ဒီရေလှိုင်းရဲ  အမြင်မှာ အကိုကြီးလုပ်ပေးတဲ့ ဂျင်ကလေးဟာသိပ်လှနေခဲ့တယ်လေ ။

အဲဒီဂျင်ကလေးကို ကိုကြီးကိုယ်တိုင်
ကျစ်ထားတဲ့ ကြိုးအနီလေးနဲ့ မွတ်နေအောင်လည်ဖို့
ဒီရေလှိုင်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ်လေ ၊ သူများတွေလို ခွန်အားမပြည့်စုံလို့ ဂျင်ကလေးကို မွတ်နေအောင်လည်ဖို့ ဒီရေလှိုင်း မနားမနေကြိုးစားခဲ့ပါတယ် ။

မလည်တဲ့ ဂျင်ကလေးကို ပြန်ကောက်လိုက် ကြိုးအနီလေးနဲ့ပတ်လိုက် ၊ လည်အောင်ပေါက်လိုက်နဲ့ အကြိမ်ပေါင်းများစွာ ကြိုးစားမှုကြောင့်
တစ်ခါမှာတော့ ဒီရေလှိုင်းရဲ့ဂျင်ကလေးဟာ မွတ်နေအောင်လည်ခဲ့ပါပြီ ။

ကိုယ့်အင်အားနဲ့ စူးလေးတစ်ချောင်းတည်းနဲ့ မွတ်နေအောင်လည်နေတဲ့ ဂျင်ကလေးဟာ
သိပ်ကိုလှပါနေခဲ့ပါတယ် ။ဂျင်ကလေးရဲ့ထိပ်မှာ သုတ်ထားတဲ့ ဆေးဖြူဖြူလေးတွေက ပိုပြီး ဖြူစင်လာသလိုလို ၊ အရှိန်အဟုန်လေးနဲ့ လည်နေတော့ ပိုပြီးခန့်ထည်လာသလိုလို လှလွန်းမက လှပနေပါတယ်

ဒီလို ဂျင်ကလေး လည်နေတာကိုကြည့်ပြီး ခံစားနေရတဲ့
ဒီရေလှိုင်းရဲ့ ၀မ်းသာကြည်နူးမှုဟာ ခုထိ မှတ်မှတ်ရရ ရှိနေတုန်းပါပဲလေ ။
ဒါပေမဲ့ ဒီရေလှိုင်းရဲ့ ၀မ်းသာကြည်နူးမှုလေးဟာ ကြာကြာမခံခဲ့ရဖူးလေ ။

“ ခွပ်ကနဲ ”ဆိုတဲ့
အသံနဲ့အတူ ဒီရေလှိုင်းရဲ့ မွတ်နေအောင်လည်နေတဲ့အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေခဲ့ပြီလေ ။ အနားမှာ ဂျင်ပေါက်နေတဲ့ ကလေးတစ်ယောက်က သူရဲ့ ထက်မြလှတဲ့
ဆူးတွေနဲ့လုပ်ထားတဲ့ ဂျင်လေးနဲ့ ဒီရေလှိုင်းရဲ့ ဂျင်ကလေးကို အားအင်အပြည့်နဲ့
ပေါက်ခွဲခဲ့တာလေ ။ ဒီရေလှိုင်းရင်ထဲမှာ စူးရှနာကျင်စွာ ခံစား ရတာတွေက
ဘယ်လိုစကားလုံးတွေနဲ့မပြောပြတတ်အောင်ပါပဲလေ ။ သူတို့တွေရဲ့ တစ်ဦးနဲ့တစ်ဦး
အပြိုင်အဆိုင်ခွဲခြေတဲ့ ဂျင်ပေါက်ပွဲမှာ ၀င်ကစားတာလည်း မဟုတ်ပဲနဲ့ ၊ သူတို့လည်း ဘာမှကို ပတ်သတ်ခြင်းမရှိတဲ့ ၊ သူ့တို့ရဲ့ ကစားပွဲမှာ ၀င်ကစားတာလည်းမဟုတ်ပါပဲနဲ့
ကိုယ်ဘာသာကိုယ် အေးအေးချမ်းချမ်းလေးနဲ့ ကစားနေခဲ့တာကို အသားလွတ် လာ
ခွဲသွားတာလေ ။ ဒီအဖြစ်လေးကို ခုထိ ဒီရေလှိုင်းရင်ထဲမှာ မှတ်မှတ်ရရရှိနေခဲ့တယ် ၊
တွေးမိတိုင်းလည်း စူးစူးရှရှနာကျင်စွာ ခံစားခဲ့ ရတယ်လေ ။
အရွယ်ရောက်လာတော့ ဒီလို ဂျင်ပေါက်ပွဲကလူတွေမျိုးကို မကြာမကြာကြုံခဲ့ရတယ်လေ။
တစ်ဦးနဲ့တစ်ဦး အပြိုင် အဆိုင် ယှဉ်ပြိုင်ပြီး တစ်ယောက်ကွဲကြေအောင်
တစ်ယောက်က ခွဲခြေနေရတာတွေ ။သူများ ကွဲကြေတာကိုကြည့်ပြီး အလွန်အမင်း အားရ၀မ်းသာ ပျော်ရွှင်ရှိတတ်သူတွေ ။

သူတို့တွေ အချင်းချင်း ခွဲခြေကြတဲ့ပွဲမှာ
ကိုယ်ဝင်မပါပဲနဲ့ ၊ ကိုယ်နဲ့ ဘာမှကိုမပတ်သက်ပါပဲနဲ့ ကိုယ်ဘာသာ အေးအေးချမ်းချမ်းလေးရပ်တည်နေတာကို မလိုလား မကျေနပ်ဖြစ်ပြီး
အသားလွတ်လာပြီးခွဲခြေနေသူတွေကို လည်း ဒီရေလှိုင်းဖြတ်သန်းလာတဲ့ ဘ၀မှာ တွေ့မြင်နေပါတယ် ။
ဒီလိုလူတွေကို တွေ့မြင်လာတိုင်း ငယ်ငယ်တုန်းက ခွဲခြေခြင်းခံရလို့ ကွဲကြေခဲ့ရတဲ့ ကိုယ့်ရဲ့ ဂျင်ကလေးကို
သတိရလို့သာနေပါတော့တယ် ။ သူငယ်ချင်းတို့ရဲ့ ဘ၀ မှာလည်း ဒီလို
ခွဲခြေခြင်းခံရလို့ ကွဲကြေခဲ့တဲ့ ဂျင်လေးတွေရှိခဲ့ပါလား ။ ဒီလိုခွဲခြေခံရမှုအပေါ်သူငယ်ချင်းတို့က ဘယ်လိုတုန့်ပြန်မှုတွေ ပေးခဲ့ပါလည်း ။ ဒီလို အသားလွတ် ခွဲခြေခြင်းမခံရဖို့ ကိုယ့်မှာလည်း ပြန်လည်တုန့်ပြန်နိုင်ဖို့ ထက်မြက်စူးရှတဲ့ စူးတွေလိုပါသလားလို့ မေးခွန်းလေးတွေထုတ်မိရင်း

ငယ်ငယ်ထဲက ဂျင်ကလေးကို လွမ်းနေမိပါရဲ့ ။

In: Others,Others Posted By: Date: Jul 17, 2012
Comment #1

poor u,
🙁

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment