Professional Authors

ဆူးဒါဏ်မှ မပြယ်မီ – ဒီရေလှိုင်း

ကျွန်တော့လက်က အကင်းမသေးသော ဒါဏ်ရာလေးကိုငုံ့ကြည်မိသည် ။ ဒါဏ်ရာလေးက ရေးရေးလေး ထင်ကျန်ဆဲပင်ဖြစ်သည် ။

ဆူးဒါဏ်မှ  မပြယ်သေး ဆူးပင်လေးကတော့ ကွယ်ခဲ့ရှာလေပြီ ။

တစ်ချိန်က ဖြစ်ပါသည် ။ ခုကာလများလို ကျွန်တော်သည် အွန်လိုင်းယဉ်ကျေးမှုတွင် စီးဝင်နစ်မျောနေခြင်းလည်း   မရှိသေး ။ ကဗျာဆိုသော ငယ်ချစ်နှင့်လည်း    ခေတ္တယာယီ ပြတ်စဲထားခဲ့ရသော ကာလတစ်ခုကိုဖြတ်သန်း  ကျော်လွှားနေစဉ်ပင် ဖြစ်ပါသည် ။ ထိုအချိန်ကကျွန်တော် အရူးအမူး   တက်မက်စွဲလန်းခဲ့သော  အရာလေးများ ရှိခဲ့သည် ။ ထိုအရာလေးများကို   နှစ်သက်မြတ်နိုးခဲ့သည် ။ တန်ဖိုးထား     တွယ်တာခဲ့ သည် ။ စွဲစွဲလန်းလန်း မက်မောပြုစု ယုယခဲ့သည် ။ ထိုအရာများက အခြားမဟုတ် ပန်းပွင့်လေးများပင်ဖြစ်ပါသည် ။ တကယ်တော့ ထိုအချိန် တွင်  ကျွန်တော်သည် ပန်းချစ်သူဘ၀ နှင့် အသက်ရှင်ဖြတ်ကျော်နေခဲ့သူသာ ဖြစ်ပါတော့သည် ။

  စင်စစ်တော့ ပန်းချစ်သူဘ၀သည် ရိုးရှင်းလွန်းလှသည် ။ အေးချမ်းဖြူစင်လွန်းလှသည် ။ နူးညံ့သိမ်မွေ့လွန်းလှပါသည် ။  ထိုအချိန်ကာလတစ်ခုတွင် ကျွန်တော်သည် အရောင်အသွေးစုံလင်စွာ ပွင့်သော ပန်းပင်လေးများစွာကို ပြုစုယုယခဲ့သည် ။ ရနံ့မျိုးစုံ ထုံသင်းနေသော ပန်းပွင့်လေးများ ပွင့်လန်းစေဖို့ ပန်းပင်လေးများကို မြတ်နိုးခြင်းများစွာဖြင့် စိုက်ပျိုးပြုစု ပျိုးထောင်ခဲ့သည် ။ ရနံ့မထုံသော်ငြားလည်း အရောင်မျိုးစုံ အဆင်းသဏ္ဍန်စုံပွင့်သော သစ်ခွပန်းပင်များစွာကိုလည်း စိုက်ပျိုးခဲ့သည် ။ အရောင်အဆင်းက ဖြူဖြူစင်စင် သင်းရနံ့က ယဉ်လှသော စပယ်ဖြူ တို့ကိုလည်း ပြုစု ယုယခဲ့ပါသည် ။ ဆူးဟန်ဝင့်ဝင့်နှင့်  အလှဂုဏ်တင့်နေသော   နှင်းဆီပန်းလေးများကိုလည်း     မြတ်နိုးခြင်းများစွာနှင့်စိုက်ပျိုး ယုယခဲ့သည် ။  ကျွန်တော့ အိမ်ရှေ့တွင်ရှိသော ပန်းခင်းလေးက အချိန်မရွေး လှပသောပန်းပွင့်လေးများနှင့် ကြည်နူးစရာ ခိုလှုံချင်စရာ အနားယူချင်စရာ ကောင်းလွန်းခဲ့ပါသည် ။ ထိုထို ပန်းအလှမျိုးစုံတို့ အနက် ကျွန်တော် အလွန် တိမ်းမူးနှစ်သက် စွဲမက်ခဲ့သော အခြားပန်း များထက် အချစ်ပိုခဲ့သော ပန်းပင်လေးတစ်ပင်ရှိခဲ့ဖူးပါသည် ။

ထိုပန်းပင်လေးက အင်္ဂလိပ်လို kiss me quick ဟု အမည်ပေးထားသော မြန်မာလိုပြောရလျင် င့ါကိုမြန်မြန်နမ်းပါဟု အဓိပ္ပါယ်ရသော

ဆူးများစွာဖြင့် ၀ိုင်းရံထားသော ပန်းပင်လေးပင်ဖြစ်ပါတော့သည် ။ ထိုပန်းပင်လေးများကို ကျွန်တော် မြန်မာဆန်ဆန်ပင် ဆူးပန်းလေး

များဟုပင်ခေါ်ခဲ့ပါသည် ။ ဆူးပန်းပင်လေးများ၏ စိမ်းစိမ်လန်းလန်း ထူထူဖားဖား အိအိစက်စက်လေးများ  နှင့် အရွက် ထက်မြက်မာကြော

သော ဆူးလှလှ သည်အရွက် သည်ဆူးကြားမှာ ရုန်းကန်တိုးထွက်လာသော ရောင်စုံဖြာ ပုံသဏ္ဍန်စုံသည့် အပွင့်လေးများကို  ကျွန်တော်သည် ကဗျာတစ်ပုဒ်ကို ဈာန်ဝင်သည့်နှယ် ယစ်မူးတိမ်းမက် နှစ်သက်ခဲ့ဖူးပါသည် ။ သည်လိုနှင့် ကျွန်တော် သည် ဆူးပင်လေး

တွေ၏ crazy ဖြစ်ခဲ့ပါသည် ။ ထိုဆူးပန်းလေးမျိုးစုံကိုလည်း ရနိုင်သလောက်စုဆောင်း စိုက်ပျိုးခဲ့ပါသည် ။

                               တစ်နေ့တွင် ကျွန်တော့ ၏ ချစ်သူသဖွယ် မြတ်နိုးတွယ်တာရသော ဆူးပန်းလေးတစ်ပွင့်ကို ထိတွေ့ဆုံဆည်းခဲ့

ရပါသည် ။  ထိုပန်းပင်လေးကို ခရီးထွက်ရင်း မော်တော်ကားတစ်စီးပေါ်၌ စတင်မြင်တွေ့ခဲ့ရခြင်းဖြစ်ပါသည် ။ တစ်ကားထဲ စီးလာသူ

ခရီးဖော် က သူ့ မိတ်ဆွေတစ်ဦးအတွက် လက်ဆောင်ပေးရန် ယူလာသော ထိုဆူးပန်းလေးကိုမြင်တွေ့လိုက်စဉ်မျာပင် ကျွန်တော် မှင်သက် ငေးမောအံ့သြခဲ့ရပါသည် ။  ကျွန်တော်စိုက်ပျိုးယုယခဲ့သော အခြားဆူးပန်းလေးများနှင့်လုံးဝကွဲပြား ခြားနားနေသော အပွင့်

ပုံစဏ္ဍန်လေးက ကျွန်တော့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့ပြီ ။ သူ့အပွင့်အရောင်ကား မော်ဒယ်စိမ်းဟု လူအများက ခေါ်ကြသော အစိမ်းနုနု

တောက်တောက်စိုစို ၊ သူ့အပွင့်အသားက ကတ္တီပါအသားလို နူးနူးညံ့ညံ့ အိအိစက်စက် ညက်ညက်ညောညော ။ သိပ်သည်းနက်မှောင်

သော အရွက်စိမ်းစိမ်ကြားမှာတိုးထွက်နေသော သူ့အပွင့်သဏ္ဍန်က အသည်းနှလုံးပုံလေးဖြင့်ကဗျာဆန်ဆန်လှပလွန်းနေသည် ။ ထိုဆူးပန်းလေးကို ကျွန်တော် မက်မက်မောမောကြည့်ရင် ယူဆောင်လာသော ခရီးဖော်ကို မည်သည့်နေရာက ၀ယ်ယူလာသည်ကို မေးမြန်းကြည့်တော့သည် ။ ထိုအခါ သူက ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ၀ယ်ယူလာခြင်းဖြစ်ကြောင်း အလွန်ရှားပါး၍ ဈေးကွက်တွင် တွေ့မြင်ရခဲ ကြောင်း ကျွန်တော့အား သူပြန်လည်ပြောကြာဖြေကြားခဲ့ပါသည် ။ တစ်ခုခုကို စွဲလန်းမိလျှင် အရူးအမူးဖြစ်တတ်သော

ကျွန်တော်သည် ထိုဆူးပန်းပင်လေးကို ပါလာသော ကင်မရာဖြင့် ဓာတ်ပုံရိုက်ယူခဲ့သည် ။ ထိုခရီးမှ  အိမ်သို့ပြန်လာသောအခါ ထိုပန်းပင်မျိုး ကိုရရှိနိုင်ရန် အပြင်းအထန်ကြိုးစားပါတော့သည် ။ ဓာတ်ပုံများကို ကူးယူ၍ မဲဆောက်ဖက်သွားသူများအား ၀ယ်ယူလာခဲ့ပေးပါရန် အပူကပ်တော့သည် ။ အချိန်၂လ ၃လ ခန့်ကြာမှ ကျွန်တော်လိုချင်လွန်းလှသော ဆူးပန်းပင်လေးကိုရရှိခဲ့ပါသည်။

ထိုဆူးပန်းလေးကားကျွန်တော့ထံတွင်ရောက်ရှိခဲ့ချိန်က ဒါဏ်ရာများစွာပါခဲ့ပါသည် ။ မဲဆောက်မှ ပြန်လာရာလမ်းတွင် မိုးကြီးတောင်ပြို

လမ်းပိတ်နေ၍ ၄ ညအိပ်ကြာခဲ့သည် ။ လမ်းတွင်လည်း အခြားကုန်များနဲ့ ညှပ်ပိတ်ပိခဲ့၍ ကျွန်တော့ထံရောက်ရှိလာချိန်တွင် ဆူးပန်းလေးမှာ ညှိုးရော်ဖျော့ခွေနေတော့သည် ။ ကျွန်တော်ကား သည်ဆူးပန်းလေးကို အရိပ်တစ်ကြည့်ကြည့်နဲ့ တန်ဖိုးထားကာ အချိန်ပြည့် ပြုစုယုယတော့သည် ။ သည်ဆူးပင်းလေး ရှင်သန်ကြီးထါားဖို့အရေးသည်သာ ကျွန်တော့ အာရုံတွင် အဓိကထားတော့သည်။

သူနှစ်သက်သော ဆေးဝါးများကို ကျွေးမွေးရတော့သည် ။ သူ့ကို ဖျက်ဆီးကိုက်ဖြတ်မည့် ပိုးမွှားအန္တရာယ်တို့မကျရောက်စေရန်

ကာကွယ်စောင့်ရှောက်ရတော့သည် ။ စိုစွတ်ခြင်းကိုမနှစ်သက်သောသူ့အတွက် အမိုးလေးတစ်ခုပြုလုပ်ပေးရသည် ။ သည်လို နှင့်

ဆူးပန်းလေးသည် ၃လောက်ခန့်အချိန်တွင်ပင် နဂိုရှိရင်းထက်  ပိုမို အလှသွေးကြွယ်လာသည် ။ညှိုးရော်ရော်အပင်လေးမှ စိမ်းလန်း

သော အရွက်ဖားဖားများဖြင့် ပိုမိုကြီးထွားခဲ့သည် ။ ကျွန်တော်မှာ မနက်မိုးလင်းသည်နှင့်ဆူးပန်းလေးထံသို့ သွား၍ ဈာန်ဝင်စားသကဲ့သို့

တစိမ့်စိမ့်ကြည်ကာ ပီတိများဝေဖြာခဲ့သည် ။ နောက်မကြာခင်အချိန်တစ်ခုတွင် ဆူးပန်းလေးက ကျွန်တော့ နှစ်သက်သော ပန်းပွင့်လေးများပွင့်၍ သူ့ကိုယ်သူအလှဆင်တော့ သည်. ကျွန်တော်၏ အပျော် ကြည်နူးများသည် အတိုင်းမသိ အနှိုင်းမရှိခဲ့ ။ ထိုဆူးပန်း

ပင်လေး၏ စိမ်းတောက်တောက် အရောင် သူ့အဆင်းကိုကြည့်၍ ကျွန်တော် နာမည်တစ်ခုပေးခဲ့သည် ။ ထိုနာမည်လေးက အသည်းစိမ်းဆူး ။ ထိုအသည်းစိမ်းဆူးလေးကို ကျွန်တော်သည် သက်ရှိ ချစ်သူတစ်ယောက်လိုပင် မြတ်နိုးတန်ဖိုးထားခဲ့လွန်းခဲ့သည်။

သည်တစ်သက်တွင်ဖြင့် ဘယ်တော့မှမခွဲခွာ အမြဲရှိနေလိမ့်မည်ဟုလည်း ယုံမှတ်ခဲ့သည် ။

          တစ်နေ့တွင် အသည်းစိမ်းဆူးလေးကိုပြုစုနေခိုက် ပန်းအိုးကြားမှ ကျွန်တော် လွန်စွာကြောက်ရွံ့သော ဖားပြုကြီးတစ်ကောင်

ထွက်လာ၍ အရွက်စိမ်းဖားဖားများကိုကိုင်ကြည့်နေသော လက်ကို သတိမထားပဲခပ်မြန်မြန်ဆွဲထုတ်လိုက်သဖြင့် လက်ဖမိုးတွင်

အသည်းစိမ်းလေး၏ ဆူးကြောင့် သွေးများထွက် ဒါဏ်ရာခပ်နက်နက်ရရှိသွားခဲ့သည် ။ သည်ဒါဏ်ရာကိုရေဖြင့်ဆေးကြော အရက်ပျံထည့်လိုက်သည် ။ သည်လိုနှင့် ဆူးပန်းလေးက ပေးသောဒါဏ်ရာ လေးက ကျွန်တော့လက်တွင် ထင်ကျန်ရစ်တော့သည် ။

                   ကျွန်တော့ဒါဏ်ရာလေးမှ မပျောက်ခင် ၊ အသည်းစိမ်းဆူးလေး အပွင့်လန်းဆုံး ၊ အလှဆုံးအချိန်တွင် ကျွန်တော် ကိစ္စတစ်ခုဖြင့် ခရီးသွားရန် ပေါ်ပေါက်လာခဲ့သည်။ခရီးမထွက်ခင်အချိန်မှာပင် ကျွန်တော်သည် အသည်းစိမ်းဆူးကို စိတ်မချ၍ အိမ်မှမေမေတို့ကို တဖွဖွမှာကြားခဲ့သည် ။ သည် အသည်းစိမ်းလေးကို ဂရုစိုက်ရန် ပြုစုရန်အကြိမ်ကြိမ်မှာကြားနေသောကျွန်တော့ကို မေမေက စိတ်ချရန် ပြန်လည်ပြောကြားခဲ့သည် ။

မျှော်လင့်သည့်အတိုင်း(၄)ရက်ကြာသောအခါ ကျွန်တော်အိမ်ပြန်ရောက်လာခဲ့သည် ။ အိမ်သို့ရောက်သည်နှင့် ခရီးဆောင်အိပ်ကို ချကာ

အသည်းစိမ်းဆူးလေးထံသို့ ကျွန်တော် အပြေးသွားတော့သည် ။ အို မမျှော်လင့်သော မြင်ကွင်းတစ်ခု မထင်မှတ်သော အဖြစ်တစ်ခုကို

ကျွန်တော် အသေအချာမြင်လိုက်ရသည် ။ အမြင်မှားနေသည်ထင်၍ အသေအချာထပ်မံကြည့်လိုက်သောအခါတွင်လည်း သည်အတိုင်းသာ ဖြစ်နေတော့သည် ။ ကျွန်တော် ပြုစုယုယခဲ့သော  ကျွန်တော် မြတ်နိုးစိုက်ပျိုးခဲ့သော ၊ ကျွန်တော် တိမ်းမူးချစ်ခင်ရပါသော ကျွန်တော် စွဲလန်းနှစ်သက်ခဲ့သော အသည်းစိမ်းဆူးလေးက ရှင်သန်ခြင်းမရှိတော့ပြီ ။  ပန်းကိုမချစ်နှစ်သော

ပန်းတို့၏ အလှကိုမခံစားတတ်သော သူတို့ကြောင့် ကျွန်တော့၏ အသည်းစိမ်းဆူးသည် အပိုင်းအပိုင်းအပြတ်ပြတ် ကြေမွခဲ့သည် ။

လှပသောပန်းပွင့်လေးများကလည်း ကြွေကျ ခြောက်နွမ်းခဲ့သည် ။  မမြင်ရက်စရာမြင်ကွင်ကြောင့် ကျွန်တော် ရင်ထဲမှ လှိုက်ဖိုခံစားနေ

ရစဉ်တွင် နူးညံ့ပျော့ပြောင်းသော လက်အစုံသည် ကျွန်တော့ ပုခုံးနျစ်ဖက်ကို ကျရောက်လာသည်။ ကျွန်တော်ကြည့်လိုက်တော့

ကျွန်တော့ကို အချစ်တတ်လွန်းသော မေမေ ၊ ကျွန်တော့ စိတ်ကိုနားလည်တတ်လွန်းသော ကျွန်တော့ ၏ ပန်းချစ်နှလုံးသားကို မြင်နိုင်တတ်လွန်းသောမေမေ ။ မေမေက ချိုသာနူးညံ့သော အသံဖြင့် ဖြေးညင်းစွာ ပြောသောစကားများက ” သားရယ် ဒီလိုအပင်နုနုလေးတွေမှသေတတ်တာမဟတ်ုဘူးလေ ။ ဟိုလေနီကြမ်းတွေတိုက်လိုက်လို့ သားတို့ငယ်ငယ်တုန်းက သူ့အရိပ်အောက်မှာဆော့ကစားခဲ့တဲ့ လမ်းထိပ်က ညောင်ပင်ကြီးလည်း ပြိုလဲခဲ့တယ် ။  သားအင်မတန်နှစ်သက်တဲ့ အသီးတွေသိးတဲ့ ဒူးရင်းပင်ကြီးတွေလည်း အပင်တွင်ပိုးကြောင့် တစ်ပင်လုံးခြောက်ပြီး သေခဲ့တယ် ။ ဘယ်အပင် ဘယ်အရာ မှ မမြဲပါဘူးသားရယ် ” တဲ့ ။

သည်စကားအဆုံးမှာ ကျွန်တော့ ရင်ထဲသို့ဖြတ်ကနဲရောက်ရှိ၍ မြင်လိုက်ရသည်ကား ကျွန်တော်တို့ရှင်တော်ဗုဒ္ဓဟောကြာတော်မူခဲ့သော

သင်္ခါရတရား ။ ဟုတ်ပေသည်ပဲ ။ ဘယ်အရာမှ မမြဲကျ ခွဲရမဲ့ သဘာဝတရားတစ်ခုပါလား ။ သည်အတွေးအပြီးမှာတော့ အသည်းစိမ်းဆူးလေး ပေးခဲ့သော ဒါဏ်လေးလေးကို ကျွန်တော့ ငုံ့ကြည်မိလိုက်သည် ။ ဒါဏ်ရာလေးက အကင်းမသေးသေး ။

ခပ်ရေးရေးလေးမြင်ရဆဲ ထင်ကျန်ဆဲပင် ။

         အော် ” ဆူးဒါဏ်မှ မပြယ်မီ အသည်းစိမ်းဆူးပင်လေးက ကွယ်ခဲ့ရှာပြီ ”

In: Others,Others Posted By: Date: Jul 17, 2012
Comment #1

:'(
:'(
:'(

commentinfo By: ei lay at Jul 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment