Professional Authors

လူတစ်ယောက် ၏ ပဉ္စမမြောက်ရှုထောင့်

“အဖေ့ထက်သားတစ်လကြီး…” တဲ့
စကားတစ်ခွန်းရှိတယ်။
အဖေ့ထက်အသက်ကြီးတဲ့ သားများရှိရင် ရုံသွင်းပြလိုက်ချင်ရဲ့။
သား ဆိုတာ အဖေ့ရဲ့ဖြစ်တည်မှုနောက်ဆက်တွဲ။
အဖေရဲ့ ကိုယ်ပွားတစ်ခု ဆိုမလား…မမှားဘူး။
သား ဆိုတာ အဖေ့ရဲ့အသက်ငယ်သေးတဲ့ ကိုယ်ပွား လို့
အဖေက မြင်တယ်။
ဒါကြောင့်လည်း သူ ငယ်စဉ်က မရရှိခဲ့တဲ့အခွင့်အရေးတွေကို
အသက်ငယ်သေးတဲ့ သူ့ကိုယ်ပွားအတွက်ပေးချင်တယ်။
သူ မရောက်နိုင်ခဲ့တဲ့ အမြင့်ကို တွန်းတင်ချင်တယ်။
ယောကျာ်းဆိုတာ သူတစ်ပါးထက် ခေါင်းတစ်လုံးသာနိုင်ဖို့
ယှဉ်ပြိုင်တိုက်ပွဲဝင်လိုတဲ့ ဗီဇက မွေးရာပါ။
သား ဆိုတဲ့ ကိုယ့်ရဲ့ကိုယ်ပွားငယ်တွေကို
ဆူးညှောင့်ခုလုပ်လို ရှင်းခုတ်ခဲ့တဲ့ မွေးရာပါဗီဇတခုကလွဲ
ပညာမဲ့လွန်းတဲ့ ရှင်ဘုရင်တွေ
သမိုင်းစာမျက်နှာတစ်ချို့မှာ အရှက်ခွဲခံနေရတယ်။
အရွယ်တူ ခြင်္သေ့နှစ်ကောင် တစ်ဂူထဲ မအောင်းဘူးတဲ့လေ။
လူဆိုတာ ခြင်္သေ့မှမဟုတ်ဘဲ
အဖေဆိုတာက လှေကားအဖြစ်အသုံးခံဖို့ အဆင်သင့်။
သား မမြင်နိုင်တဲ့ မြင့်မားရာအရပ်တွေမြင်နိုင်အောင်
ပုခုံပေါ်ထမ်းတင်ထားဖို့ ဝန်မလေးသူ။
အသက်အရွယ် နဲ့ နားလည်မှုတွေ
အသေအချာ ကွာဟနေတယ်။
သစ်တစ်ပင်မှာ အမြစ်ရဲ့ပုံစံနဲ့ပင်စည်ပုံစံ ကွာဟသလို
အကိုင်းအခက်ရဲ့ပုံစံနဲ့ သစ်ရွက်သစ်သီးတို့ပုံစံလည်း ကွာဟနေတယ်။
အသေအချာပဲ။
ဒါပေမဲ့ သစ်တစ်ပင်တည်း။
အဲသည့်လို ကွာဟတဲ့အရာတွေမပါရင် စုံလင်တဲ့ သစ်တစ်ပင်မဖြစ်နိုင်ဘူး။
ဒီနေရာမှာကြ လူဟာသစ်တစ်ပင်လိုပဲ။
အဖေ၊ အမေ၊ သားသမီး တွေ
အသက်အရွယ်ပုံစံကွဲပြားစွာ၊ ခံစားချက်ပုံစံကွဲပြားစွာ ရှိရင်း
ပင်စည်တစ်ခုနဲ့ အမြစ်ဆုံတစ်ခုရဲ့အထက်မှာ
ဖြစ်တည်နေပုံများ…။
ဒါက…
ကျွန်တော်မြင်တဲ့
“လူရဲ့ ပဉ္စမမြောက်ရှုထောင့်”
လူတွေဟာ ရှုထောင့်လေးခုကို အထူးတလည်ကြိုးစားစရာမလိုဘဲ
အံစာတုံးတစ်တုံးကိုကြည့်ရုံနဲ့ မြင်နိုင်နားလည်နိုင်တယ်။
အဖေအမေသားသမီးဆိုတာ
ကွဲပြားတဲ့ဖြစ်တည်မှုနဲ့
“လူတစ်ယောက်” လို့
မြင်မြင်နေတယ်။
ဒါကိုပဲ လူဖြစ်တည်မှုရဲ့ပဉ္စမမြောက်ရှုထောင့်အဖြင့်
သမုတ်လိုက်တယ်။
ကဗျာရဲ့ ဗဟိုရ်ဟာ လူတစ်ယောက်ဆိုတော့လည်း
အမှားနဲ့တော့ ရာနှုန်းပြည့်ဘယ်ကင်းပါ့မလဲ…။
စုံလင်စွာမြင်နိုင်တဲ့ကောင်းကင်ကြမှ
အဖြေမှန် ရှာကြည့်ပါ့မယ်လေ။

In: ကဗျာ Posted By: Date: Apr 23, 2010
Comment #1

ပဉ္စမမြောက်ရှုထောင့်ကို လာရောက်ကြည့်ရှုသွားပါကြောင်း …
(:

commentinfo By: melodyphyO at Apr 23, 2010
Comment #2

မိုက်တယ် ကိုသုညကြီး ။ (နာမည်အသစ်ကတော့ ကင်ပွန်းတတ်လေး ဘာလေးလုပ်ပြီးမှပေါ့ ဗျာ)

commentinfo By: Thet Twe at Apr 23, 2010
Comment #3

ဟုတ်ကဲ့ ခင်ဗျ။
ကျွန်တော် တစ်ချိန်က ကိုဇီးရိုးခေါ်သုည။
အခုတော့ ဇ တွေ တမျိုးပြီး တမျိုးကွဲသွားလို့
ဇ ၁ဂွဲ ဟု ပြောင်းလိုက်ပါကြောင်း။
လာရောက် ကြည့်ရုံကြည့်သွားသလားမသိတဲ့ melodyphyo၊
ပြီး တော့ မိုက်တဲ့ သကြီး….. ကျေးဇူးမိုးမွှန်အောင် တင်ပါတယ်။

commentinfo By: Za TaGwel at Apr 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment