Professional Authors

ကမ္ဘာဦးဂီတ (မြင့်မိုးအောင်)

အဲဒီဂီတကတော့
ကမ္ဘာဦးအစကတည်းက
ငါတို့အတွက် ရှိနေခဲ့လိမ့်မယ်

အဲဒီတေးသွားထဲမှာ
ချစ်သူတွေ ကခဲ့ကြ
သူတို့ရဲ့ နှလုံးသားတွေ မောပန်းသွားတဲ့အထိ

အဲဒီဂီတကတော့
ကမ္ဘာဦးအစကတည်းက
ငါတို့အတွက် ရှိနေခဲ့လိမ့်မယ်

အဲဒီတေးသွားထဲမှာ
ချစ်သူတွေ ကခဲ့ကြ
သူတို့ရဲ့ လက်ချောင်းတွေမှာ
သွေးစက်စွန်းပေသွားတဲ့အထိ

အဲဒီဂီတကတော့
ကမ္ဘာဦးအစကတည်းက
ငါတို့အတွက် ရှိနေခဲ့လိမ့်မယ်

တို့နှစ်ယောက်အဖို့တော့
ကမ္ဘာဦးဂီတကို ကြားရတာ
ဒီအကြိမ် ပထမဆုံးသာ

ကျွမ်းကျင်လှတဲ့
သူတို့ရဲ့ အကမှာ
ငါတို့ ငေးမောမိကြတယ်

တချို့က၊ ငွေကြေးအတွက် ကကြတယ်
သူတို့ရဲ့ ကဖော်တွေကို
တစ်ကွက်ပြီးတစ်ကွက်သင်ကြားလို့

တစ်ချို့က၊ ဆုတံဆိပ်အတွက် ကကြတယ်
သူတို့ရဲ့ ကဖော်တွေခမျာ
ခြေလှမ်းတိုင်းမှာ ရူးသွပ်လို့

ကျွမ်းကျင်လှပတဲ့
သူတို့ရဲ့အကမှာ
ငါတို့ ငေးမောကြတယ်။

တချို့က သွေးဆာမှုကို ဖြေဖျောက်ကြတယ်
သူတို့ရဲ့ ကဖော်တွေကို
ထောင်ချောက်တွေဆီ မျှားခေါ်လို့

တချို့က ရမ္မက်ဆန္ဒအတွက် ကကြတယ်
သူတို့ရဲ့ ခြေလှမ်းတိုင်းမှာ
ပန်းပွင့်တွေကို နင်းချေလို့

တို့နှစ်ယောက်လည်း
ဂီတကို နာခံရင်းက
ခြေလှမ်းတွေကို စလိုက်ကြ

အဲဒီအကဟာ
ငါတို့နှစ်ယောက်ကို
ဘယ်အထိ ခေါ်ဆောင်သွားမှာတဲ့လဲ
အိပ်မက်ရင်းနဲ့ ကလိုက်ကြ

ဒါပေမယ့်၊ သိပ်မကြာခင်မှာပဲ
တစ်ယောက်ရဲ့ ခြေထောက်ကို တစ်ယောက်
အမှတ်မထင် နင်းမိရင်းက
ဟန်ချက်မဲ့
လဲပြိုသွားကြတယ်

တစ်ယောက်ရဲ့မျက်လုံးထဲကို တစ်ယောက်
အမှတ်မထင် ကြည့်မိရင်းက
ပြိုင်တူရယ်လိုက်မိကြတယ်

ပြီးတော့၊ တိတ်ဆိတ်
မြက်ခင်းပေါ်မှာ လဲလျောင်းကြရင်းက
ကောင်းကင်ကိုသာ ငေးကြည့်နေ

ချစ်ခြင်းအတတ်ပညာမှာ
ငါတို့နှစ်ယောက်စလုံးပဲ
လုံလောက်စွာ ညံ့ဖျင်းခဲ့ကြတယ်

တစ်ခုတော့ ကောင်းပါရဲ့
နောက်တစ်ကြိမ်မှာလည်းပဲ
ကမ္ဘာဦးဂီတဟာ
ငါတို့အတွက်တော့
ဆန်းသစ်နေဦးမှာပါပဲ
တို့နှစ်ယောက်အကြောင်း ပါဝင်တဲ့
ညအိပ်မက်တွေ အတိုင်းပေါ့။   ။

မြင့်မိုးအောင်

/* ၉၈ အချစ်ကဗျာ စာအုပ်ကပါ */

Comment #1

တစ်ခုတော့ ကောင်းပါရဲ့
နောက်တစ်ကြိမ်မှာလည်းပဲ
ကမ္ဘာဦးဂီတဟာ
ငါတို့အတွက်တော့
ဆန်းသစ်နေဦးမှာပါပဲ
တို့နှစ်ယောက်အကြောင်း ပါဝင်တဲ့
ညအိပ်မက်တွေ အတိုင်းပေါ့။ ။

commentinfo By: 8 pyaw at Jan 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment