Professional Authors

ညီမလေး နဲ့ ကျွန်တော်


ညီမလေး  နဲ့ ကျွန်တော်။

ကျွန်တော်က စာအုပ်တွေထဲကနေ လောကကြီးကို လှမ်းကြည့်တော့
ညီမလေးက လောကကြီးထဲကနေ စာအုပ်တွေကို လှမ်းကြည့်တယ်။

ကျွန်တော်က အိမ်အပြန်ဆိုတဲ့ အတွေးနဲ့ အချိန်တွေကို ဖြတ်သန်းတော့
ညီမလေးက အိမ်ကျန်ဆိုတဲ့ အတွေးနဲ့ အချိန်တွေကို ဖြတ်သန်းတယ်။

ကျွန်တော်က Green Roofs တွေနဲ့ Sustainable ဖြစ်မှုတွေအပေါ် ရင်ခုန်ချိန်
ညီမလေးက အိမ်ရှေ့စံပါယ်ရုံလေးမှာ ဘုရားပန်းအတွက် ပန်းကောက်နေတယ်။

ကျွန်တော်က Latest Software တွေက ဘာလဲဆိုပြီး တွေးတွေးနေတတ်ချိန်
ညီမလေးက အချိုးကိုက်လှုပ်ရှားမှုတွေနဲ့ ဝေးဝေးပြေးနေတတ်တယ်။

မရေရာသေးတဲ့ အနာဂါတ်မှာ
လမ်းမပျောက်ပေမယ့် လမ်းလျှောက်နေဆဲ ကျွန်တော်
မသေချာသေးတဲ့ အနာဂါတ်မှာ
လမ်းလျှောက်နေပေမယ့် လမ်းကိုကြောက်တဲ့ ညီမလေး
လမ်းတွေတော့ မပျောက်စေချင်ဖူးကွယ်။

ပန်းတိုင်တွေတော့ မတူဖူး
ဒါပေမယ့်
အတူတူသွားမယ်
ညီမလေး နဲ့ ကျွန်တော်။

ဂျွန်မိုးအိမ်
8 Jan 2011

[စကားချပ်။   ။ image လေးကိုတော့ Google ကလေ လိုက်ရှာလိုက်တာပါ…။ ဒီတလော အဓိက လုပ်ဖြစ်တာက တွေးတောခြင်းပါပဲ။ နှစ်သစ်တစ်ခုကိုတောင် ရောက်နေပြီလေ…။ အရင်အချိန်တွေနဲ့ နောင်အချိန်တွေကို သုံးသပ်လို့ ခုထိလည်း မပြီးနိုင်သေးဖူး…။ မကြာခင်မှာတော့ စမ်းသပ်ခံ ကာလတစ်ချို့ ကုန်ဆုံးတော့မယ်။ အရင်ကတော့ အချိန်တစ်ခုအပြီးမှာ လူလည်း နည်းနည်းပါးပါး လွတ်လွတ်လပ်လပ် ရှိလာမယ်ထင်ခဲ့တယ်..။ ခက်တာက A.B.C တွေ ခုထိ မတတ်သေးမှန်း သိသိလာခဲ့တယ်…။ မကြာခင် အိမ်ပြန်တဲ့ တခဏမှာ ညီမလေးတွေကတော့ ပြောလိမ့်မယ်။ အလကားရတဲ့ လောဘတွေ သိပ်များတယ်ဆိုပြီး..။ သူတို့လည်း နားနားပြီး ပြောပါစေ…။ ကျွန်တော်လည်း နားနားပြီး သွားရမှာပါပဲ…။ တွေးမိတဲ့အချိန်လေးတစ်ချို့နဲ့ တွေးမိတဲ့ အကြောင်းတစ်ချို့ ဆိပ်ကမ်းတစ်ထောက်မှာ ချန်ထားခဲ့ရုံပါပဲ…။ ]

In: ကဗျာ Posted By: Date: Jan 8, 2011
Comment #1

ဟုတ်ကဲ့ပါ များများလေး ချန်ခဲ့ပေးပါ ။ အားပေးနေတယ်။

commentinfo By: dan at Jan 8, 2011
Comment #2

အင်း… နောက်တစ်ခါ ညီမလေးကို ပုံမှန်ထက် လွမ်းလွမ်းဆွတ်ဆွတ် သတိရမိရင်ပေါ့…း)

commentinfo By: John Moe Eain at Jun 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment