Professional Authors

ကန္တာရခရမ်းပြာ ရစ်သမ်

ညသည် ..‎
ဝေသီပြာညို့နေ၏။

မြနှင်းတို့ကင်း၏။
မြူငွေ့တို့ရှင်း၏။
တိမ်စင်၏။
လမင်းသည် …‎
ကြယ်စင်မှုန်တို့ဖြင့်ခင်းကျင်းအပ်သော
မဟူရာနု ကမ္ဗလာထက်တွင် …‎
အိပ်မက်လျက်ရှိ၏။
ငါ့အတွက်မူကား
ထာဝရခရမ်းပြာရိပ်သမ်း၏။

ကန္တာရသည် ..‎
ရှိန်းရှိန်းပူ၏။
ရေခိုးတို့အပြည့်လွှမ်း၏။
သဲမှုန်တို့သည် အလွမ်းဖြင့်သာ အတိပြီး၏။
ကျောက်သားပကတိ တည်၏။
ထို ကန္တာရအလယ်တွင် ‎
ရွက်ဖျင်တထည်ဖြင့်
ငါ ရှိ၏။
ငါ တည်နေ၏။
ငါ တည်ရှိနေ၏။
ပူကား မပူလောင်
အလွမ်းဖြင့်သာ အေးမြ၏။

ကုလားအုတ်ဖြူတို့ရွေ့လျား၏။
ကန္တာရဆတ်တို့ ရှောင်ပုန်း၏။
ကမာများ၏ မျက်ရည်ဖြင့်
ပုလဲများ ဖြစ်တည်၏။
ပင်လယ်ပြာသည်
ရံခါ “ဂေါရီ” နှယ်
ရံခါ “ကုမ္မာရီ” နှယ်
ရံခါ “မျက်မည်း” နှယ်
ရံခါ “မြောင်းတူး” နှယ်
အရောင်စုံ၏။
အသွေးကြွယ်၏။
မာယာတို့ဖြင့်ခြယ်သအပ်၏။
သို့တစေ
ရင်ခွင်အောက်တွင်
သိုဝှက်ထားသော
အတိုင်းမသိ ကြွယ်ဝမှုကိုပေးတတ်၏ …‎
ကန္တာရဆတ်ချိုနှယ်တည်း။

အတွေးတို့သည်
နွေလေတိမ်နှယ်
မြောရွေ့၏
လွင့်ပါး၏
စေစား၏
ရင်တွင်
ဆူးတချောင်းဖြစ်ပေါ်၏။
အို … နဂါးတို့ …‎
မီးလျှံကိုသိမ်းပါလော့
လှိုင်းတံပိုးကို ဖြေပါလော့
အို … သားချင်းတို့ …‎
ညကို ရုပ်ပါလော့
အမျက်ကို ငြှိမ်းပါလော့
အရုဏ်သစ်ဖြစ်တည်စေ
ငှက်တို့ပျံစေ
လေညင်းတို့ လွင့်လွင့်ဝေ့ဝဲစေ
သံလွင်ရနံ့ ညှင်းညှင်းပျံ့စေ
အို … မုဆိုးတို့
သင်တို့ကား
အမဲ သားငါး ရှားပါစေ။
ငါ၏ ခရမ်းပြာသည်
ကောင်းစွာ အိပ်စက်ပါစေ
ညက်ညင်စွာ နိုးထပါစေ
သိမ်မွေ့စွာ ဖြစ်တည်ပါစေ
ငြိမ့်ညောင်းစွာ လျှောက်လှမ်းပါစေ
နှုတ်မြိန်စွာ စား၍
အေးမြစွာ နားပါစေ
နှင်းဆီတို့ဖြင့်ကာရံပါစေ
ငါ၏ကာရန်တို့ဖြင့်လည်း ‎
ထာဝရချမ်းမြေ့ပါစေ။

ငါ့အရိပ်သည်
လရောင်ရှိနေသမျှ
ဆက်လက်တည်ရှိနေမည်သာတည်း။

ညဉ့်ယံတွင် …‎
လေတို့လည်းထန်စေ
ပန်းတို့ မိန်းမူးစေ
အဆိပ်ဖြင့်ယစ်စေ
အတိတ်သီးခါးများ ကြွေစေ
အလွမ်းငှက်များ အိပ်စက်စေ
မျက်ရည်တို့ အေးခဲစေသတည်း။
မျက်ရည်တို့ အေးခဲစေသတည်း။
မျက်ရည်တို့ အေးခဲစေသတည်း။
ကန္တာရညများသို့ …‎

ဟယ်ရီ

In: ကဗျာ Posted By: Date: Jun 16, 2009  
Comment #1

ခံစားရပါတယ်။
ဒီကဗျာဖတ်ပြီးမှ မီးတောက်ရစ်သမ် ဖတ်ချင်စိတ်ပေါ်လာတယ်။
ပြန်ဖတ်ဦးမယ်။

commentinfo By: Number1Princess at May 10, 2010
Comment #2

ခံစားပေးတဲ့အတွက် ကျေးဇူးပါ မင်းသမီးရေ …

commentinfo By: harry at May 10, 2010
Comment #3

ဒီကဗျာ ထပ်ဖတ်ကြည့်တယ်…
ထူးအိမ်သင်ကဗျာတွေ ဖတ်ရသလိုပဲ
ခရမ်းပြာဆိုတဲ့ အသုံးအနှုန်းကို ငယ်ငယ်ထဲက စွဲလမ်းခဲ့လို့လားတော့ မသိဘူး… ဖတ်လေ ကြိုက်လေပဲ

commentinfo By: Number1Princess at May 10, 2010
Comment #4

တစ်ခုခုတော့တစ်ခုခုပဲ ရင်ထဲကိုရောက်သွားတယ်
ခံစားရတယ်ဗျာ
အရမ်းအားကောင်းတဲ့စကားလုံးတွေပဲ

commentinfo By: မင်းမာန် at Jun 25, 2011
Comment #5

အားပေးပါတယ်…။

commentinfo By: SoFarAwayFromU at Nov 11, 2011
Comment #6

myat yae doe aye khe say ta te

commentinfo By: ei lay at Nov 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment