Professional Authors

ရှုပ်ပွေတလီ – နရီထက်

ကိုးတောင်ကျား
ဇာနည်ဘွားမို့
ရဲရင့်လို့ မြင့်မြတ်သူကို
အထင်တွေ စိတ်ကူး
လျှောက်တင်ချက်တွေကြား
စကားလုံးတွေက လှံတံလို့
စူးနစ်လှတော့
သက်ကြွေဝေးရစ်
သခင်အနား ဝေးခဲ့သူတွေ
မနည်းပါလား။

သခင်အနား
သက်ပါးစေရစ်
အလိုကျ အလိုက်ထွင်
စကားလုံးတွေ အပြိုင်ကြဲတဲ့အခါ
လှပမှုက ထိုးထွင်းဖောက်ရောက်
နားခါးက ခါးနာဖို့ပြင်
မှားတစ်လှည့် မှန်တစ်လှည့်ဖို့
အလျှောက်ကောင်းဖို့ ပြင်ခဲ့ကြတယ်
သခင်အနားဝယ်. . . ။

အကျွန်မှာ
ကြောက်စိတ်တွေ ဖယ်
မှန်ရာကို တင်ရာဝယ်
နားမမွေ့တဲ့အခါ
သခင်ရဲ့ ငြိုးချက်တွေကြောင့်
သည်မယား သည်သားတွေကို
ပြေးထားရစ်ခဲ့
တိမ်ရှောင်ဝေးနှစ်
ဆွေးချက်တွေကြောင့်
အရိုးတွေ ရိုက်ဆွေးရတယ်။

ကမ်းမမြင် အလှမ်းဝေးတွေကြား
သည် မိသားစုတွေ. . .
တစ်ဖက်က ရှိုက်နေချိန်
တစ်ဖက်က မျက်ရည်ကျပြရတယ်
တစ်ဖက်က လွမ်းနေချိန်
တစ်ဖက်က ဆွေးပြရတယ်
နီးစပ်မှုကို လှမ်းကာမှ
ခြားနားမှုက ရက်စက်လာတယ်
ကြင်နာမှုကို မြတ်နိုးကာမှ
ငြိုးရက်မှုက ထိမှန်လာတယ်
အို. . .သခင်ရယ်။

အကျွန်မှာ. . .
ယုံစားလို့  သခင်ကို
စကားပါးမယ် ကြံကာပင်
နှစ်ဖက်ချွန်တွေက များလေတော့
ကိုယ်လူက သူ့ဖက်သား
မြွေမြွေချင်း ခြေမြင်ဖို့
ကြိုးစားခဲ့ရသေးတယ်
လျှို့ဝှက်နက်ပြောမှုတွေကြား
ကျားကွက်က ရွေ့ရွေ့နေတော့
မမှားအောင် လှမ်းကြည့်သေးတယ်
နောက်လူက အနီးမှာ ရောက်နေပေါ့
အို. . . သခင်ရယ်။

အကျွန်မှာ. . .
ပြစ်တင်မဆို
အို. . .သခင်ကို
အရေးအပါးမှာ
မြေခရသူတွေ
လှည့်ကြည့်ပါအုန်း. . .
အမှောင်တိုက်မှာ
အလင်းတွေ ပိတ်ခံရသူတွေကို
လှည့်ကြည့်ပါအုန်း. . .
ဘာဝယ် လိုကျ
ဘယ်သူအတွက်ကို
စေသက်သွေးကြွေးဆပ်ခဲ့သည်ကို
စဉ်းစားတစ်မူ
အတွေးကျကျ
မှန်ရာကို မှတ်ကျောက်တင်ကြည့်စေချင်တယ်
အို. . .သခင်ရယ်။

အကျွန်မှာ. . .
အမှန်တွေကြား
မြားပစ်ချက်တွေက
ရမ်းသမ်းများနေတော့
ကြောက်စိတ်ကိုလည်း
တွန်းလှန်ပစ်ရစ် နေခဲ့ရတယ်
သခင်ကိုလည်း ကြည့်ခဲ့ရတယ်
ကြည်ရေးကို ရင်စေ့ကာမှ
မလိုမုန်းပွား ရန်သူစကားတွေကြောင့်
အကျွန်မှာ. . .
သခင်နှင့် ဝေး ဝေး ဝေး နေရတယ်
အို. . .သခင်ရယ်။

အကျွန်မှာ. . .
သခင်ရဲ့စိတ်
ပြေစိတ်သက်ဝင်
မှန်ရာကို လှမ်းကြည့်တတ်တဲ့အခါ
အကျွန်မှာ ပျော်ပါပြီး
သနားရစ်လို့
သည်လူတွေကို စိတ်ချမ်းသာနေချင်
ချစ်စကို ရှည် မုန်းစကို တို လို့
သခင်ရဲ့အစေ
မြွေဆွယ်တွေလည်း ကျိုးရစေသာဝ်
ကောင်းရာကို ဆပိုးတိုးလို့
သခင်အနား
သည်လူတွေ ကောင်းမွန်စေသာဝ်
်ဟေမြိုင်ဝန်တောစပ်ဆီက
သခင်ရဲ့ အကျွန်
ကျွန်တော်မျိုးမှာ
စောင့်မျှော်နေသာဝ်.  .  . ။      ။

နရီထက်
( ၂၁ ၊ နိုဝင်ဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Nov 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment