Professional Authors

အစိမ်းရောင်မြစ်သို့ တမ်းချင်း (ပိုင်စိုးဝေ)

စိမ်းညို့ကွေ့ကောက်သော မြစ်များမှ
အရောင်မထွက်တဲ့ ကျောက်တုံးတစ်ခုကို
တွေ့သောအခါ
ငါ့နှလုံးသားကို သတိရပါလေ။

ဒိုင်ယာရီကြား
ကူးယူရေးမှတ်ထားခဲ့တဲ့
ငါ့မိတ်တွေရဲ့ ကဗျာအပိုင်းအစ
အခုတော့
မင်းအတွက်…………ငါ့ရည်ညွန်းချက်ဖြစ်ခဲ့ရပြီ။

သူ့ကျောပေါ်က စီးဆင်းသွားတဲ့
ရေအလျဉ်အတိုင်းဟာ
သူ့မျက်ရည်တွေပါပဲလို့
အဓိပ္ပာယ်ဖွင့်ဆိုခဲ့လျှင်တော့
မြစ်တစ်မြစ်ဆိုတာ
ကျိန်စာသင့်တဲ့နေ့တွေကိုပဲ
သူပျော်ရွှင်လိမ့်မယ်။

အားနာစရာ
မလိုပါဘူးကွယ်
မင်းလှော်ခတ်ဖူးခဲ့တဲ့
ငါ့နှလုံးသားရာဇ၀င်မြစ်ကျဉ်းတလျှောက်
အငွေ့ပျံမှုတွေနဲ့
သွေ့ခြောက်ခဲ့ပြီ မဟုတ်လား။

အချည်းအနှီးတောင်တန်းတွေဆီ
အထီးတည်းထွတ်သွားရတဲ့အခါ
ငါ ဖြေသိမ့်နိုင်စရာ …… တစ်စုံတစ်ရာ
မင်းဆီက ပါခဲ့ပြီမို့
အားနာစရာ
မလိုပါဘူးကွယ်။

တို့နှစ်ယောက်
ဗာဒံရိပ်ကလေးဝေပြီး၊ လူသူရှင်းတဲ့
ကဖေးဆိုင်ကလေးတစ်ခုမှာထိုင်ပြီး
ဟောဒီလို မေလရဲ့ နေ့လယ်ခင်းမှာပေါ့
လူးလွင့်နေတဲ့ တံလှပ်တွေကိုငေးကြည့်ရင်း
တိတ်ဆိတ် စကားမဲ့ ငြိမ်သက်စွာ
နာရီတွေ လောင်ကျွမ်းခဲ့ရ။

ငါ့မှာ
တစ်စုံတစ်ရာ အကောင်းစားစိတ်ကူးစိတ်သန်းတွေ
ရှိနေတယ်ဆိုပါတော့
အဲဒါတွေအကုန်လုံးကို မင်းယူ။

ငါ့မှာ
ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းပဲယူ။

ငါဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာမင်းလျှောက်သွား
ငါ ရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ။

ငါ့ကိုဦးညွတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်
မင်းပဲမြင့်မြတ် နိုင်ပါစေ။

အဲဒီ ငါ့လက်ဆောင်တွေအားလုံးဟာ
တစ်စုံတစ်ရာ တန်ဖိုးမနည်းခဲ့ဘူးဆိုတာ
မင်းအသိပါပဲ။

လူတစ်ချို့ကတော့
မင်းဟာ
ငါမက်နေတဲ့ အိပ်မက်လေးတစ်ခုတဲ့
တကယ်တော့……….မင်းဟာ
ငါမပိုင်ဆိုင်လိုက်ရတဲ့
အပြာရောင်နေ့တစ်နေ့ပါကွယ်။

ငါကတော့
အအိပ်မဲ့ညတွေကြား
အတိတ်နဲ့အနာဂတ်ကို စားသုံးရင်း
မျှော်လင့်ခြင်းအိပ်မက် တွေနဲ့
အိပ်မက်ရဲ့ ရာဇ၀င်နေ့သစ်တွေကို
အဆုံးရှံးခံနေရတဲ့ လူတစ်ယောက်ပါ။

တို့…………တစ်ဦးနဲ့တစ်ဦး
ပေါင်းစည်းညီညွတ်ခဲ့ဖူးရဲ့
တို့…………တစ်ဦးကိုတစ်ဦး
အရူးအမူး လေးမြတ်ကြည်ညိုခဲ့ဖူးရဲ့
တို့…………တစ်ဦးပေါ်တစ်ဦး
ပေးဆပ်မှုနဲ့ ရယူခဲ့ဖူးရဲ့
အခုတော့ အဲဒီတရားတွေ
(ဘယ်သူမှ ကြားဝင်မနှောင့်ယှက်ဘဲ)
သူစိမ်းတွေလို ဝေးကွာခဲ့ကြပေါ့။

သူဝတ်ထားတဲ့ အရေခွံကို
သူစွန့်ခွာရတဲ့အခါ
မြစ်တစ်မြစ်ဆိုတာကတော့
မြွေတစ်ကောင်လို မပျော်ရွှင်နိုင်ဘူးပေါ့။

အားနာစရာ
မလိုပါဘူးကွယ်
ငါပိုင်ဆိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲ ပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။

ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ ပိုင်ဆိုင်ဆဲပါလေ။ ။

ပိုင်စိုးဝေ

In: ကဗျာ,ပိုင်စိုးဝေ Posted By: Date: Nov 10, 2010
Comment #1

ငါ့မှာ
ဘယ်သူ့ကိုမှ မချစ်ရသေးတဲ့
နှလုံးသားအသစ်တစ်ခု
ရှိနေတယ်ဆိုပါတော့
အဲဒါကိုလည်း မင်းပဲယူ။

ငါဖောက်ခဲ့ပြီးသမျှ
လမ်းအားလုံးပေါ်မှာမင်းလျှောက်သွား
ငါ ရသင့်ရထိုက်သမျှ
လောကရဲ့ ပေးဆပ်ခြင်းတွေကိုလည်း မင်းယူ။

ငါ့ကိုဦးညွတ်ဂုဏ်ပြုမယ့်
တစ်စုံတစ်ယောက်ရဲ့ ဦးခေါင်းကိုလည်း
မင်းပဲပွတ်သပ်
မင်းပဲမြင့်မြတ် နိုင်ပါစေ။

အားနာစရာ
မလိုပါဘူးကွယ်
ငါပိုင်ဆိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲ ပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။

ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ ပိုင်ဆိုင်ဆဲပါလေ။ ။

ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ ပိုင်ဆိုင်ဆဲပါလေ။ ။

(: (:

commentinfo By: ဖြိုးဖြိုး at Nov 11, 2010
Comment #2

အားနာစရာ
မလိုပါဘူးကွယ်
ငါပိုင်ဆိုင်တဲ့
လောကရဲ့ ပညတ်မှန်သမျှနဲ့
ငါ့အတွေးတွေအားလုံးကိုလည်း
မင်းပဲ ပိုင်ဆိုင်ခဲ့ပြီမဟုတ်လား။

ဟင်းလင်းပြင်တွေကိုတော့
ငါကိုယ်တိုင်ပဲ ပိုင်ဆိုင်ဆဲပါလေ။ ။

commentinfo By: အသဲကွဲမိုး at Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment