ကကြိုးပျောက်တဲ့ ကဝေည (ကဗျာ) – နရီထက်
အမှောင်လမ်းဆီ သက်စိမ့်ဝင်
တွေးသိမ့်သိမ့် ရင်လှိုက်ငြိမ့်
ပြေးဝင် ဆွဲငင် လိုက်ကာချည်
ဟန်ချက်မညီ လွယ်ပြယ်ရီ
ဘုံကြိုးပျက်တဲ့ လှဧကရီ
မှော်ဝင်သက်နီ လှမ်းကာချီ
တရိပ်ရိပ်နှင့် မြင့်တက်သည်
မိနစ်ရယ် ခြား ရွှေ့လျားတည်
မညီ တစ်လီ ထူးကာမှီ
ဖြေးဖြေးရယ် ခေါ်ကာသွား
အဝေးညက နက်ပြာပြာ
ပွင့်ထားပါရဲ့ ရှင်မျက်စေ့
ဟန်ဆောင်ကာတည်
ဇွတ် ဇွတ်တရွတ်နှင့် မှိန်းပြာရီ
ဖြူ ပြာ တာ ရီ သက်ဆင်းလီ
နက် သွေး ယှက် ကာ လာချေသည်
ဂွမ်းလွှာ တစ်ထိ ဖြူထည်မည်
နက်သွေးရောလို့ ရောက်လေသည်
တွေးစိမ့် ရယ် မပီ
စာပန်းချီရယ် အားနွဲ့ယှက်လို့
ပြေးဆော့ က ချီ တိမ်ပြာတလီ
ရှက် ရှက်ကာ အနမ်းချွေလို့
နောက် နောက်ဆုတ်ကာ အဝေးတည်
ရှောင် ရှောင်ပုန်းကာ လုပ်မည်ရည်
ရင်မှာဖြင့် ပြေးမရပါသည်
ဖော်လွင် တမူ လှမ်းကာပြု
နတ်ပန်းချီရယ် ရေးဆွဲမည်
ဟန်ချက်မညီ ဆေးသား မတည်
စုတ်ချက်ရယ်ပျောက် ဆေးစက်ရယ်မှောက်
ပုံမပေါ် အောက်ခံ ဖြူသားရယ်
လွင့်ပျောက်ရပြီး ဆေးရောင်စုံကြား
လှသစ္စာရယ် ထိုသက်သေက
သည်စာနွယ်ပန်းကို သက်သေတည်ထား
မှန်ကြောင်းကို ထုံးဖွဲ့ပါမည်
လျှပ်ပြက်ချွေချ မုန်တိုင်းအားမာန်
ထိုလောကဓံက အမှောင်အားကို
ပင့်သက်ဆောင်လည်း ထိုကာမမည်
ဖြူထည် သည်စကား ထိုအကြောင်းတရားကို
အလှမ်းပျက် လက်ကြိုးရှုပ်တဲ့
ကကွက်ပျက်ကြား မနားစိတ်တည်
သည်နှလုံးသား မှန်ကန်စေကြောင်း
ကန်လန့်ကာ အဖွင့်မှာ
လင်းပြက်တွေက အဖွင့်စကားဖြင့်
ကဝေညကို သုံးမူကပြ တက်ဆက်ပါမည်
. . . . . .. . . . . . . . .
. . . . . . . . . . . . . .
. . . . . . . . .. . . . . ။ ။
နရီထက်
( ၃၀ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )