Professional Authors

ဆောင်းကြိုတေး

 

“ဆောင်းကြိုတေး”

 

အေးမြတဲ့ အထိအတွေ့…။ လတ်ဆတ်တဲ့ လေပြေ…။

 နူးညံ့စွာ ပြေးလွှားဆော့ကစားလာလိုက်တာ..။

တစ်စက်ချင်းဆီ.. တစ်ထပ်ချင်းဆီ..။ တဖွဲဖွဲ…. တသည်းသည်း…။

ကွယ်… နှင်းကျချိန် ရောက်လာပြန်တာလား…။

ဒီနှင်းဟာ တစ်နှစ်ကုန်လုပြီဆိုတဲ့ နမိတ်လား…။

ဒီနှင်းဟာ အတိတ်ကို အရိပ်မိုးဖို့ စိတ်ကို ညို့စားနေတာလား..။

 

နှင်းတွေ… နှင်းတွေ…။

တဖွဲဖွဲ…။ တဖွဲဖွဲ… လေး ကျရုံသက်သက်။

နှင်းတွေ… နှင်းတွေ…။

မသည်းနိုင်တော့ဖူးလား…။ မစဲတမ်း ဖွဲဖွဲလေး ကျစေချင်လိုက်တာ…။

လွှမ်းသွားစမ်းပါကွယ်..။ အသွေးအသားတွေ မမြင်ရတော့တဲ့အထိ…။

 

တိုးတိုးလေးပဲ ဆိုညည်းပေးလိုက်ချင်ပါရဲ့….။

လမ်းတစ်လျှောက် ပန်းကောက်နေသူတွေအတွက် “ဆောင်းကြိုတေး” တစ်ပုဒ်အဖြစ်…။

 

– x – x – x – x – x – x – x – x – x – x –

 

ကလေးတွေက နွေကို မျှော်တယ်…။ နွေဆို သူတို့ သိပ်ပျော်နေတတ်ကြပုံပဲ…။

ငါကတော့ ဆောင်းကို မျှော်တယ်…။ သည်ဆောင်းချိန်ဆို သူတို့ ငါ့ဆီပြန်လာချင် ပြန်လာတတ်ကြတာကိုး…။

ပြန်မလာနိုင်တဲ့သူတွေကလည်း ဒီချိန်ဆိုရင်…

ငါ့ကို  အနည်းအကျဉ်းလေးတော့ သတိရပေးတတ်မှန်းလည်း ငါသိထားတယ်လေ…။

တကယ်တော့.. ငါ့ဟာ နှင်းကိုကြိုနေတာ…၊ ဆောင်းရဲ့ တေးကိုဆိုနေတာမဟုတ်ပါဖူး…။

သူတို့ကို မျှော်နေတတ်ခဲ့တာပါ…။

ငယ်ငယ်တုန်းကလည်း ငယ်ငယ်တုန်းကမို့…။ အသက်ရလာတော့လည်း အသက်ရလာပြီမို့…။

အိုမင်း မစွမ်းချိန်ရောက်တော့လည်း မတတ်နိုင် မစွမ်းနိုင်တော့တာမို့….။

ငါ့ဆီ သူတို့ ပြန်လာတဲ့အချိန်တွေက နရီမမှန်လှဖူး…။

စိတ်ဆောင်လို့ ကိုယ် မပါနိုင်တာလား..။ ကိုယ် ဆောင်နိုင်ပေမယ့် စိတ်မရှိတော့တာလား..။

သြော်..။ ငါ့တာဝန်ကိုယ်နှိုက်က မျှော်ဖို့ ကြိုဖို့ပဲလေ…။

ခက်တာက ငါဆိုနေတဲ့တေး.. ငါမျှော်နေတဲ့အကြောင်း… သူတို့ သိလား မသိလားဆိုတာ ငါ မသိနိုင်တာပါ…။

 

– x – x – x – x – x – x – x – x – x – x –

 

လှမ်းလာလိုက်စမ်းပါကွဲ့…။

နှင်းတွေ ကျနေပြီလေ…။  ဒီနှင်းဟာ ဒီတစ်နှစ်အတွက် ပထမဦးဆုံးနှင်း…။

ငါ့ကို alert လုပ်လိုက်သလိုပဲ…။ ခက်တာက ငါကိုယ်တိုင်က alert မလိုပဲ စက္ကန့်မလပ် သတိရှိနေတာပါ..။

သတိရဖို့ဆိုတာက သတိရှိစရာမလိုပါပဲ… စိတ်ထဲ ထားတတ်ရင်ကို ဖြစ်တဲ့အကြောင်း ငါ နားလည်သိရှိထားတယ်လေ…။

ရပါတယ်ကွယ်…။ ပထမဦးဆုံးနှင်းကို မမြင်ရလည်း ငါ့ဆီ တစ်ခါတစ်ခေါက် ပြန်လာလို့ရပါတယ်…။

မင်းတို့ဘ၀ရဲ့ ပထမဦးဆုံးနှင်းကို ငါနဲ့အတူတူ ဖြတ်ကျော်ခဲ့ကြတာပဲ…။

ဒီချိန် ဘယ်လောက်သာယာတယ်ဆိုတာ ငါသိထားသလို မင်းတို့လည်း သိပါရဲ့ဆိုတာ ငါ သိထားပါတယ်..။

 

လှမ်းလာလိုက်စမ်းပါကွဲ့…။

နှင်းတွေ ကျနေပြီလေ…။

 

 

ဂျွန်မိုးအိမ်

– x – x – x – x – x – x – x – x – x – x –

 

နှင်းတွေ… နှင်းတွေ…။

တဖွဲဖွဲ…။ တဖွဲဖွဲ… လေး ကျရုံသက်သက်လားကွယ်…။

နှင်းတွေ… နှင်းတွေ…။

မသည်းနိုင်တော့ဖူးလား…။ မစဲတမ်း ဖွဲဖွဲလေး ကျစေချင်လိုက်တာ…။

လွှမ်းသွားစမ်းပါကွယ်..။ အသွေးအသားတွေ မမြင်ရတော့တဲ့အထိ…။

 

တိုးတိုးလေးပဲ ဆိုညည်းပေးလိုက်ချင်ပါရဲ့….။

ဆိုင်ရာဆိုင်ရာ ဘ၀လမ်းတစ်လျှောက်

ကိုယ်စီ ကိုယ်စီ ပန်းကောက်နေသူတွေအတွက်

“ဆောင်းကြိုတေး” တစ်ပုဒ်အဖြစ်…။

 

– x – x – x – x – x – x – x – x – x – x –

 

(စကားချပ်…။

ကျွန်တော် “မြို့ကလေးသို့ -၂” ကို ရေးဖြစ်တုန်းက ကိုမိုးမောင် (Happy Cloud) က အကြံတစ်ခုပေးတယ်..။

မြို့ကလေးဖက်နေ ခံစားပြီး ရေးကြည့်ပါလားတဲ့..။

ဒီ အက်ဆေးဟာ “မြို့ကလေးသို့ -၃” များလား၊ “ဆောင်းကြိုတေး” အဖြစ်လား..။

ကျွန်တော် ဝေခွဲနေမိပါတယ်..

ဝေ့ရီ မှုန်မှိုင်းနေမယ့် နှင်းတွေဟာ အတွေးထဲမှာ….သည်းနေတာလား…

အတွေးဟာ ဝေ့ရီ မှုန်မှိုင်းနေမယ့် နှင်းတွေထဲ ၀ဲဝဲလည်လည် ဖြစ်နေတာလား ဆိုတဲ့အကြောင်းကို…..)

In: ကဗျာ Posted By: Date: Oct 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment