Professional Authors

တိမ်ညိုညိုနောက်ကွယ်က နေခြည်တန်းတစ်မျှင် – နရီထက်

ဟိုအဝေးတစ်နေရာက
သားမောင်မှာ ကောင်းကင်ကို မျှော်ကာကြည့်
ဟိုတစ်ဘက်က အမေအိုမှာလည်း
ကောင်းကင်ကို လှမ်းကာကြည့်
လမင်းရယ်သာ. . .
သို့ပေမဲ့ အပြုံးရယ်
မပွင့်တစ်ပွင့်. . .
မျက်ရည်စက်ကလေးတွေရယ်
စီးကျနေလေသလား. . .

ပြတင်းပေါက်နားက
လေပြေလေး အဝှေ့. . .
အမေ၀ိညာဉ်လေး အပြေးရောက်လာသလား
သားမောင်ကို စိတ်ပူအောင် မလုပ်ပါနဲ့
အမေတစ်ခု သားတစ်ခုမို့
အချစ်ဆုံးအိမ်မက်လေး . . .
မပျောက်သုဉ်းစေချင်. . .

စိတ်ချမ်းသာမှု အတိုးသပ်လို့
သည်အမေနှင့် သည်သား
အပြန်အလှန် ငဲ့ကွက်တွေနှင့်
သည်ကြားမှာ သားမောင်က
အညာခံလိုက်ရတယ်
အမေ အမြဲ နေကောင်းနေတယ်တဲ့. . .
သားအတွက် အမေက
အမြဲ ညာနေမိတယ်

တိမ်ညိုညို အုပ်ဆိုင်းကာပြု
လျှပ်ပြက်တွေ တစ်ရှိုရှို
မိုးကြိမ်သံတွေ စစ်ခင်းလေသလား
အဆက်မပြတ် သိလိုစိတ်တွေနှင့်
လေဟာနယ်မှာ သားစိတ်တွေ
လွင့်မျောမိတယ်
၎ ရက် အောက်တိုဘာ
ညခင်း ၇ နာရီ ၃၀ မိနစ်
အမေမှာလေး အသာအယာလေး
ထာဝရ အိပ်ပျော်သွားပြီးတဲ့

သူတို့တွေက ပြောကြတယ်
အပြစ်ကင်းစင် ကလေးတစ်ယောက်လေးတဲ့
အမေက နောက်ဆုံးအချိန်မှာ
ကြွေရုပ်လေးအသွင်
အမေက အရမ်းလှနေခဲ့တယ်
အိပ်မပျော်ခင်မှာ
သည်သားမောင်ကို
လာနိုးနိုးနဲ့ နာရီတစ်ဝက်မျှ
မျှော်လိုက်သေးတယ်. . .
အမေက စိတ်ချမှုတွေနှင့်
သည်သားမောင်ကို နေခြည်တန်းတစ်မျှင်
ပေးခဲ့သေးတယ်
သားဆီကို လာခဲ့အုန်းမယ်တဲ့
ဟို ဟို ဟို အဝေးက
သားမောင်ဆီကို. . . ။    ။

နရီထက်
( ၁၁ ၊ အောက်တိုဘာလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Oct 11, 2010
Comment #1

သည် ကဗျာသည် မလေးရှားနိုင်ငံတွင်ထုတ်ဝေသော မြန်မာ့စတိုင်မ်ဂျာနယ် နိုဝင်ဘာထုတ် 2010 တွင် ဖော်ပြခြင်းခံရသည်။

commentinfo By: Nayihtet at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment