Professional Authors

ငပေါင်းရေ….ဆုတောင်းကောင်းပါ့မလား

ငပေါင်းရေ…
မင်းပြောတော့ အလွယ်သား make it new ဆိုလား
ငါ့မှာတော့ make it true ပါဖြစ်အောင်
ငါ့အဘိဓမ္မာ ငါ သ,နေရတာ
မလွယ်ရေးချ မလွယ်ပါလားကွာ
အချိန်ဇကာနဲ့ တိုက်ချလိုက်တဲ့အခါ
ငါ့ကဗျာလေး တစ်ပုဒ်တစ်လေ တင်ကျန်ရစ်နေစေချင်ရုံပါ
ကျောင်းတက်နေတဲ့ကောင်မလေးတစ်ယောက်ကတော့
ဒီလိုပြောဖူးပါရဲ့
တာကောရဲ့ကဗျာလေးတစ်ပုဒ်ကို ကြိုက်လွန်းလို့
သူမရဲ့ဗလာစာအုပ်နောက်မှာ ကူးရေးထားတယ်တဲ့
ငါ့မှာ ၀မ်းသာပီတိ ဂွမ်းဆီထိပေါ့
ကျောင်းပြီးလို့ စာအုပ်ဟောင်းတွေ
ဘော်လ်တယ် ကုလားဆီရောင်းတဲ့အခါ
ငါ့ကဗျာလေးပါ ရောပါသွားခဲ့ရင်တော့
အဲဒီအခါကျ မှားတဲ့အခါလည်းမှားပေမပေါ့ဆိုပြီး
သူမနဲ့ငါ ရယ်ကြရုံပေါ့ကွာ ဟား.. ဟား..
ဒါနဲ့ မင်းသိလား
ခေတ်အဆက်ဆက် ကဗျာဆရာတွေကတော့
ခံစားချက်တွေသာ စုခဲ့ကြပြီး
ငွေမစုခဲ့ကြတာဆိုတာလေ
ငါ့မှာတော့  ကံ၊စိတ်၊ဥတု၊အာဟာရလေး မျှတအောင်
ငွေရေးကြေးရေးအတွက် အချိန်တွေပေးခဲ့ဖူးတာ မနည်းဘူး
ဒီိတော့ ငါ့ကို ကဗျာဆရာအတုလို့ ပြောလာလည်း
ငြင်းခုန်နေစရာ အကြောင်းမရှိဘူး
ငါဆုတောင်းဖြစ်နေတာက
တောပြောင်းသွားတဲ့ ကျားကြီးလည်း မသေပါစေနဲ့..
တစ်ရွာမပြောင်းနိုင်တဲ့ကဗျာဆရာလေးလည်း သူကောင်းဖြစ်ပါစေ.. လို့။.

(ငပေါင်း=Ezra Pound)

In: ကဗျာ Posted By: Date: Oct 10, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment