Professional Authors

မနက်ခင်း မှ နံနက်ခင်းဆီသို့ (သက်ထွေး)

တစ်ကယ်တော့
မသေချာသော
မနက်ဖြန်တွေ အတွက်
ကျွန်တော်က
တာထွက် စောခဲ့သူပါ
အမေ …
တိုးတိတ်ရင်ခုန်သံကြားက
ခရီးသွားဆိုတော့လဲ
ကျွန်တော့်ဘဝက
ဝင်သက်ထွက်သက်မမျှခဲ့ဘူး။

ကျွန်တော့်
စိတ္တဇနာမ် နံနက်ခင်းတွေသို့
ဥဩတစ်သိုက် ဖြတ်နင်းသွားကြတယ်
အမေ …
အရုဏ်ဦးမှာ
မျက်နှာသစ်သူတို့ဖို့
နွေလည် နေ့ခင်းတို့က
အကျည်းတန်လို့ နေလိမ့်မှာပေါ့။

ကျွန်တော်က
ပန်းလေးတွေကို မြတ်နိုးပြီး
သူမက လိပ်ပြာလေးတွေ
နှစ်သက်တယ်
အမေ ..
မပျံသန်းတတ်တဲ့
ပန်းခင်းလေးတွေ အဖို့
ပျံသန်းတတ်တဲ့
လိပ်ပြာလေးတွေကို
မျှော်ရတယ်ဆိုတာ သဘာဝကျပါတယ်
အမေ … ။

ကျွန်တော့်
မိုက်မဲမှုပါ
အမေ …
ရင်ခွင်ဆိုတာလည်း
ပိတ်လွယ် ပွင့်လွယ်တဲ့
တံခါးတစ်ချပ်ပဲဆိုတာကို
ကျွန်တော်သတိ မပြုခဲ့မိတာ …
အချစ်ဆိုတဲ့ အမှောင်ထုနဲ့
သူမ .. မွန်းကျပ်လာခဲ့တဲ့ နောက်
သံယောဇဉ်ဆိုတာ သူမအတွက်
အချိုသပ် အလှပဆုံး လည်ပတ်လေး တစ်ခုလို့
သူမတွေးပစ်ခဲ့တယ်
အမေ … ။

သူမ အတွေးတွေ
ယိုင်နက်ခဲ့ တယ်လို့
ကျွန်တော်မဆိုလိုပါဘူး
အမေ …
အတောင်ပံတို့ကို ပိုင်ဆိုင်တဲ့
သူမအဖို့
ပျံသန်းလိုရာသို့ ပျံသန်းခွင့်ရှိပါတယ် ..
သူမလိုချင်တဲ့
ကောင်းကင်ကျယ်ကြီးနဲ့
သူမ ထိတွေ့ခံစားချင်တဲ့
လေထု နွေးအေးတွေ
သူမကို
စောင့်လို့ ကြိုနေမှာပါ
အမေ … ။

သူမသတ်မှတ်ခဲ့သလို
ကျွန်တော်က လှောင်အိမ်ဆိုလဲ
လှောင်အိမ်အတိုင်းပဲ
ကောင်းပါတယ်
အမေ …
သူမရဲ့ လွတ်လပ်ခြင်းနဲ့
ပျော်ရွှင်မှုအတွက်
ကျွန်တော့်ရဲ့
နှစ်ရှည်ခံစားချက်များနဲ့
ပကတိအထီးကျန်မှုတွေကို
သူမအတွက်
စာလုံးလှလှလေးတွေ အဖြစ်
ရွတ်ဆိုရင်းနဲ့ပဲ
ကဗျာတွေ
ကျွန်တော် ရေးနေခဲ့တော့မယ်
အမေ … ။

တစ်ကယ်တော့
မနက်ခင်းဆိုတာ
နံနက်ခင်းပါပဲ
အမေ ..
ကျွန်တော့်အတွက်
မသေချာ သေးတာလေး
တစ်ခုပါပဲ ။ ။

သက်ထွေး
၂၀၀၈ ဧပြီလ ၁၀ ရက်နေ့
နေ့လည် ၁၂း၄၇

In: ကဗျာ Posted By: Date: Jul 6, 2009
Comment #1

မိုက်လွန်းတယ် ကိုတီတီရာ..
ရှယ်ပဲ

commentinfo By: h3mlock at Jul 6, 2009
Comment #2

ဗိုက် ဆာ တော့ လည်း အမေ၊ အသည်း ကွဲ တော့ လည်း အမေ
အော်…..

commentinfo By: Khine Swe Zin Thin at Jul 7, 2009
Comment #3

အင်း… ဖတ်ဖို့တစ်ရက်… comment ဖို့တစ်ရက် အရှိန်ယူလိုက်ရတဲ့ ကဗျာပါ… အကုန်လုံးနားလည်တယ်… ကောင်မလေးအကြောင်း ပြောတာ ဘာလို့ အမေကို သွားတိုင်တည်နေရတာတုန်း… ကျုပ်သားသာဆိုလို့ကတော့ “ဟဲ့ကောင်လေ… ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာတွေ စဉ်းစားနေတုန်း” ဆိုပြီး ခေါင်းခေါက်ပစ်လိုက်မှာ 😛

commentinfo By: Ei Mon Soe at Jul 9, 2009
Comment #4

ကျွန်တော့်ဘဝမှာလည်း .. ပျံသန်းချင်လို့ .. လွှတ်ပေးလိုက်ရတဲ့ .. လိပ်ပြာမလေး ရှိခဲ့ဘူးတယ် .. အဲဒီ့နေ့ကစပြီး .. ကျွန်တော်အသက်မဲ့ခဲ့တယ်ဆိုပါတော့ ..

commentinfo By: ကြယ်စု at Jun 6, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment