Professional Authors

ဖြစ်တည်မှု ရှုထောင့်ပေါ်မှ အမှန်တရားများ

တကယ်က ဝေးမလိုလိုနဲ့ ..
အမှန်တော့ တကယ်မဝေးဘူး
ရုပ်ချည်း ဖြစ်တည်မှု ကနေလဲ
တမုတ်ဟုတ်ချင်း ပျက်စီး နိုင်ရဲ့ ။

လွတ်ထွက်သွားတဲ့ လက်ထဲက အမှန်တရား
ဘယ်တော့ မှ ဖမ်းလို့ မိနိုင်မလဲ
ကျွန်တော်က ကျွန်တော့် ဖြစ်တည်မှုကလေးကနေ
ကျောရိုး တစ်ခုခု ပြုတ်ထွက်ဖို့ဆို
အကြောက်ကန် ငြင်းချင်နေတုန်းပါပဲ ။

အနာဂါတ်ကို လိုက်ဖမ်းရင်း လိုက်ဖမ်းရင်းနဲ့
ပစ္စုပ္ပန် တွေ လွတ်ကျကွဲ ရတဲ့ အခါ
ကျွန်တော့် အသိလေး တုန်ခါ ရပြန်တယ်
တုန်ခါ တဲ့ အတိုင်း နာကျင်ရပြန်တယ်
အကြင်နာ တရားတွေကတော့  မိုးနည်းနည်း ခေါင် နေပါပြီ ။

ကျွန်တော်က ကျွန်တော့် ရဲ့ အတွင်းလူနာ တစ်ယောက်ပါပဲ
ရေနည်းနည်း ငတ်လာတဲ့ အခါ
မေတ္တာ တရားတွေကို စစ် စစ် သောက်လို့
ဝေဒနာ ခံစားရတဲ့ အခါ
ဒေါသတွေကို ကြိတ်မှိတ် မျိုချလိုက်ရတယ်
ကျွန်တော့် အခန်းလေးထဲမှာ
မောဟ မြူခိုးတွေဆိုတာ ခန်းလုံး ပြည့်ပါပဲ
ခုဆို တစ်ခန်းလုံး မှောင်လို့ ….မဲ ။

ကျွန်တော့် ရောဂါက နာတာ ရှည်ပါတဲ့
အရေပြားလေး နဲ့ ဆက်စပ်ထားတဲ့ အရိုး
ချုပ်ရိုးလဲ ပြေလုနီးပါပြီ
ကျွန်တော်က ကျွန်တော့်ကို သယ်ဆောင်သွားချင်တယ်
အလင်းရောင် တစ်ချို့ ယူငင်သွားချင်တယ်
အရင် ဘ၀မျိုးကို  ပြန်ယူချင်တယ် ။  ။

မိုးသစ်ညို

Credit Go to moethittnyo@MyanmarCupid Community Forums

In: ကဗျာ Posted By: Date: Sep 23, 2010
Comment #1

ကောင်းတယ်ဗျ 🙂

commentinfo By: သက်ထွေး at Sep 23, 2010
Comment #2

ကွက်တိပဲဗျာ….
ကျွန်တော့် ခံစားချက်တွေနဲ့ ..
ဒီကဗျာလေးကို သီချင်းအဖြစ်ပြောင်းချင်ပါတယ်…
ညည ကျွန်တော် အထီးကျန်ဆန်နေတဲ့အခါ ဂစ်တာလေးနဲ့ ပြန်ပြီးညည်းချင်လို့ပါ…။
တချားဘာရည်ရွယ်ချက်မှ မရှိပါဘူး…။
ကဗျာဆရာ ခွင့်ပြုချက်ကို စောင့်နေပါ့မယ်…။

commentinfo By: sorrower.kl at Sep 23, 2010
Comment #3

ကဗျာ တွေအဲလိုကောင်းအောင်ဘယ်လိုများ ရေးကြလဲ မသိဘူး.. ရေးတက်ချင်တယ်အဲလိုကောင်းအောင်လေ…ခက်တာကဘာစာတားမှထွက်မလာဘူး..

commentinfo By: ရွှေငါး at Sep 24, 2010
Comment #4

ကျေးဇူးပါ ကိုသက်ထွေး ….ရင်ဘတ်ချင်း နီးတယ် ဆိုရမလားပဲ ။ 😀

ကို Sorrower.kl ခင်ဗျာ သီးချင်း အဖြစ် အသွင်းပြောင်း ခံစားမယ် ဆိုလာတော့ ခံစာမှု အသစ်တစ်မျိုး
သောတ ရသ ပုံဖော် ဖန်းတီးမှုပါ။ ကောင်းပါတယ်ဗျာ… ကျွန်တော် ခွင့်ပြုပါတယ်။

ကိုရွှေငါးအဆိုအရ ခက်တာက ဘာစာသားမှထွက်မလာဘူးဆိုပဲ ရင်ဘတ်ချင်း စကားပြောကြည့်လိုက်ပါလား
တစ်ခုခု တော့ ထူးခြားမယ် ထင်ပါရဲ့ဗျာ ။

commentinfo By: မိုးသစ်ညို at Sep 24, 2010
Comment #5

broရေ.. ကျွန်မကမိန်းကလေးပါရှင်..ဆောရီးနော် bro.. ကျွန်မကခုမှသင်ယူတုန်းဆိုတော့လေ ..( ရင်ဘတ်ချင်း စကားပြောကြည့်လိုက်ပါလား) ဆိုတာ ဘာကိုပြောတာလဲရှင့်..တကယ်မသိလို့ပါ.. 🙁
နှောင့်ယှက်ဖြစ်သွားရင်လဲ.. တောင်းပန်ပါတယ်ရှင်။

commentinfo By: ရွှေငါး at Sep 24, 2010
Comment #6

ကျေးဇူးအများကြီးတင်ပါတယ်… ကိုမိုးညိုသစ်
ဒီညတော့ ကျွန်တော် သံစဉ်ရှာရတော့မှာပေါ့… 🙂
ကျွန်တော်က မန္တလေးကပါ… ဂစ်တာကို 13 နှစ်သားကတည်းက တီးလာတာမလို့
သံစဉ်ဖွေရှာမှုအပိုင်းမှာ တော့ ကျွန်တော့်ဘက်က သိပ်မခက်ခဲပါဘူး…
ဘာပဲဖြစ်ဖြစ် ကဗျာဆရာကို ကျေှးဇူးအရမ်းတင်တယ်ဗျာ….
ခင်ဗျားတို့ ကဗျာဆရာတွေသာ သီချင်းရေးကြမယ်ဆိုရင်..
ကျွန်တော်တိှု့ဆီက ကိုယ်ပိုင်သီချင်းတွေ အရမ်းကို ပြောင်မြောက်လာမှာပဲလို့
တစ်ခါတစ်လေစဉ်းစားမိတယ်….။
တစ်ခါတစ်လေများ… စမ်းကြည့်ပါလားဗျာ…။ 🙂

commentinfo By: sorrower.kl at Sep 24, 2010
Comment #7

မရွှေငါး ရေ…နားလည်မှုလွဲသွားတယ်ထင်တယ်…..ကျွန်တော်တို့ ကဗျာ ရေးသူတွေ အချင်းချင်း ကြားမှာတော့
ရင်ဘတ်ချင်းနီးတယ်တို့ ၊ ရင်ဘတ်ချင်း စကားပြောတယ်တို့ ဆိုတာ သုံးနှုန်း နေကြ စကားလုံးတွေပါပဲ။

တစ်ခြား ဆိုလိုရင်း မဟုတ်ပါဘူးခင်ဗျ။ ရင်ဘတ်ချင်း စကားပြောတယ်ဆိုတာက ခံစားချက် (အမျိုး မျိုးသော စိတ်ခံစားမှု) တွေ ကို တစ်ယောက်နဲ့ တစ်ယောက် ဖလှယ် ကြည့်ကြတဲ့ သဘောပါ။ ဒါကလဲ ကဗျာ ရေးသူ
တွေ ကြားမှာ သုံးနှုန်းလေ့ ရှိပါတယ်။

အဲလောက်ဆိုရင်တော့ မရွှေငါး နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျာ………

commentinfo By: မိုးသစ်ညို at Sep 25, 2010
Comment #8

ဟုတ်..ကျေးဇူးများကြီးတင်ပါတယ်… ခုနားလည်သွားပါပီရှင်.. ဟုတ်ကဲ့..ဒါနဲ့ ကျွန်မလဲ (အမျိုး မျိုးသော စိတ်ခံစားမတွေ ကို ဖလှယ် ကြည့် ချင်ပါတယ်) group chat ပုံစံမျိုးမရှိဘူလားရှင့်.. စာရေးတဲ့လူတေချည်းပဲပေါ့
ွှအဲဒါဆို ကျွန်မတို့လိုခုမှစတဲ့လူတွေတွက်..တော်တော်ကောင်းမယ်ထင်ပါတယ်ရှင့်.. သိရင်ဖြေပေးပါအုံးရှင်.. ကျေးဇူးတင်ပါတယ်

commentinfo By: ရွှေငါး at Sep 25, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment