Professional Authors

အနောက်/အတည်

ပလီသီးချောက်ချက်သည် လူမှုဆက်ဆံရေးတွင် အလွန်အရေးပါကြောင်း …

မှုတ်ထုတ်လိုက်သော စီးကရက်မီးခိုးငွေ့များတွင်

မနက်ဖြန်များ၌ စောင့်ကြိုနေသော ငွေရောင်ဓားသွားများ ပါရှိကြောင်း …

ကိုယ်ပိုင်အတ္တများကို သိမ်းဆည်း … ၀မ်းနည်းပြီးသကာလ … 

အပြုံးတုများအတွက် ထာဝရ မောင်းတင်နေတတ်သော လက်နက်ဟောင်းများအကြောင်း …

လူရာဝင်ခြင်းရောဂါကို နားလည်မှုလွဲမှားနေသော

တလက်လက်တောက်ပနေသည့် နတ်သမီးကိုင်တုတ်ကလေးများအကြောင်း …

သူတို့ ပြောပြသောအခါ …

 

ရိုင်းစိုင်းခြင်းသည် ရိုးသားခြင်းနှင့် မကြာခဏထပ်တူကျကြောင်း …

မူးရူးပြီး အိမ်ပြန်တိုင်း နံနံစော်စော်အကောင်ကို အ၀တ်လဲပေးနေကျ အမေ့မေတ္တာသည်

ခင်ဗျားသောက်ခဲ့သမှမျှ အရက်ထက် ပိုမူးစေကြောင်း …

ချိန်ကိုက်ဗုံးများနှင့် တန်ဆာဆင်သော လောကလမ်းများသည် ပိုက်ဆံနံ့ကိုသာ စားသောက်ကြောင်း …

အမှတ်တရများသည် ပြင်ပြင်ဆင်ဆင် မနေတတ်သော်လည်း လှပပြီး ပစ္စုပ္ပန်၏ လစ်လျူရှုခြင်းများကို အတော်အတန်သက်သာစေကြောင်း …

ပြန်လှန်ငြင်းခုံမနေသော်လည်း …

 

သိနှင့်နေပြီး ဇာတ်လမ်းဟောင်းများတွင် သူရောကိုယ်ပါ စိတ်ပြေလက်ပျောက် ပျော်ဝင်ပြီးသကာလ …

သံသရာကို အဓွန့်ရှည်စေသော အ၀တ်ဟောင်းများကို ပြန်လည်ဝတ်ဆင် …

ငါတို့ … မျက်မှန်အစိမ်းလေးတပ်ပြီး နောက်တစ်ခေါက် လမ်းလျှောက်ထွက်ခဲ့ကြ။

 

In: ကဗျာ Posted By: Date: Sep 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment