Professional Authors

**ချစ်သူများနေ့တဲ့လား**

ဒီနေ့…
ဖေဖ၀ါရီ 14 ရက်
**ချစ်သူများနေ့**တဲ့လား
ညီမလေးရေ…
ရင်ခုန်နေသလား
ကာဒ်ကလေးတွေ၊ ပန်းကလေးတွေ
ချောကလက်လေးတွေ၊
…တွေ၊ …. တွေ
ဟိုက သည်က
အများကြီး အများကြီး
မင်းရနေသလား
လူငယ်တွေလဲ အုတ်အုတ်ကျက်ကျက်
လူလည်တွေလည်း ရှုပ်ရှုပ်ယှက်ယှက်
လူလတ်တွေလဲ ကသုတ်ကရက်
လူတတ်တွေလဲ ဗရုတ်ဗရက်၊
အော်….
တကယ်တော့…
ဒီနေ့ဟာ…
ဂရေဂိုရီယံ ကမ္ဘာသုံး နေပြက္ခဒိန်ရဲ့
45ရက်မြောက်နေ့…
**ကလောဒီယမ်စ်** ဆိုတဲ့
သဘောမကြီးမြတ်တဲ့ ပဒေသရာဇ်
ဧကရာဇ်ဘုရင်ယုတ်ရဲ့ အမိန့်ကို လစ်လျုသွေဖည်ပြီး
ချစ်သူတွေကို တိတ်တဆိတ်လက်ထက်ပေးတဲ့
တာနီမြို့က Saint Valentiuns ဆိုတဲ့
သူတော်စင်ပုဂ္ဂိုလ်ကြီး
ရာမမှာ…
နှိပ်စက်ပြီး ခေါင်းဖြတ်ခံရတဲ့နေ့ပါ…
သူတို့ဟာ သူတို့
ဂုဏ်ပြုရင်ပြုပါစေ..
တို့တွေနဲ့အဝေးကြီးပါကွယ်…။

ညီမလေးရယ်
တစ်ခုလောက်
သေသေချာချာ စဉ်းစားပါဦး
မနေ့က…
ဖေဖ၀ါရီလ 13 ရက်နေ့က
လွန်ခဲ့တဲ့ 95 နှစ်ကာလက
နွေအကူး..
လေရူးတွေ ဝေနေတဲ့
အဲဒီနေ့……
စနေနေ့မနက်
အရုဏ်တက်လို့
မိုးသောက်ကျင်းတဲ့အချိန်မှာ…
**ထိန်လင်း**ဆိုတဲ့
ကလေးငယ်ကလေး
ဟိုး…အညာက နတ်မောက်မြို့မှာ
မွေးဖွားခဲ့တယ်
သူက…
စာပေကို ချစ်တယ်
အမှန်တရားကို ချစ်တယ်
ရင်သွေးတွေကို ချစ်တယ်
အဲဒါတွေ အားလုံးထက်ပိုပြီး..
တို့တိုင်းပြည်ကို ချစ်သတဲ့

ယောကျာ်းကောင်းတို့ရဲ့ ရဲသတ္တိ၊
ယောကျာ်းကောင်းတို့ရဲ့ သမာဓိ၊
ယောကျာ်းကောင်းတို့ရဲ့ သီလ၊
ယောကျာ်းကောင်းတို့ရဲ့ စာဂ၊
ယောကျာ်းကောင်းတို့ရဲ့ သိက္ခာ၊
ယောကျာ်းကောင်းတို့ရဲ့ ပညာ၊
ယောကျာ်းကောင်းတို့ရဲ့ သစ္စာ၊
သူ့မှာ အကုန်ရှိသတဲ့…

နောက်ဆုံး…
အဲဒါတွေအကုန်လုံး
ဘာမှ ယူမသွားရှာလေတဲ့
ချစ်သူကောင်းတစ်ယောက်
ယောကျာ်းကောင်းတစ်ယောက်
အကြွေစောခဲ့ရတဲ့ ကြယ်တစ်ပွင့်
တို့ရဲ့…

မျိုးချစ်သူရဲကောင်းတစ်ယောက်ကိုတော့
ချစ်ဖို့မေ့နေကြတာ
ရင်နာလိုက်တာကွယ်
**ဖေဖ၀ါရီဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး၊
ရှေ့နေဦးဘ သား။
ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား။
မိခင်ဒေါ်စုသား…
ငယ်ငယ်က
ဆိုခဲ့ရတဲ့ ကဗျာလေး…

အခုတော့
ကိုယ့်နဲ့ ဘာမှမဆိုင်တဲ့
အီတလီက သူတော်စင်ကို
သူတို့ဟာ သူတို့ဂုဏ်ပြုကြရာက
ဖြစ်လာတဲ့ **ဗယ်လင်တိုင်းနေ့**ဆိုတာထက်
အဲဒီနေ့မတိုင်ခင် တစ်နေ့ဟာ
တို့တွေအတွက်
ပိုပြီး လေးနက်ပြန့်ကျယ်တဲ့
အဓိပ္ပာယ်ရှိပါတယ်ကွယ်…..။( ဟယ်ရီလွင် ) [email protected]

In: ကဗျာ Posted By: Date: Sep 11, 2010
Comment #1

ဟာ အ၇မ်းကို ကောင်းတဲ့ ကဗျာလေးပါ။ အ၇မ်းသဘောကျပါတယ်။အနှစ်သာ၇ အပြည့်နဲ့ ပါ။

commentinfo By: dan at Sep 22, 2010
Comment #2

အလွန်ကောင်းတဲ့ကဗျာလေးပါဟုတ်တယ်ဖေဖော်ဝါရီ14ကိုသာအသိများပြီး14ရက်မတိုင်ခင်13ရက်ကိုလူငယ်မျိုးဆက်သစ်တိုင်းမသိရှာကြဘူးဝမ်းနည်းစရာအလွန်ကောင်းပါတယ်~~~~~~~~~~~~

commentinfo By: moetharr phyu at Feb 11, 2012
Comment #3

အရမ်းသဘောကျတဲ့ကဗျာလေးပါ။
ရင်ထဲလည်းအရမ်းထိတယ်။
ဒီကဗျာကိုလူငယ်တွေဖတ်နိုင်အောင်ဝေမျှပေးလိုက်ပါမယ်။

commentinfo By: မြတ်နိုး at Feb 11, 2012
Comment #4

🙂

commentinfo By: ei lay at Feb 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment