“ဇာတ်”

ဇာတ်လမ်းရဲ့ အစမှာ ကတည်းကိုက
ဘာမသိ ညာမသိနဲ့ ဇာတ်မင်းသမီး လိုလို ကျွန်မ
ဇာတ်ညွှန်းလည်း မဖတ်ခဲ့ရ၊ ဇာတ်တိုက်ဖို့ အချိန်တောင်မရဘဲ
ဒီလိုနဲ့ ဇာတ်လမ်းစလိုက်တယ်
ဇာတ်ကောင်စရိုက် ပင်ကိုယ်ဟန်နဲ့
ဇာတ်ထုပ်ကို အဖက်လုပ်ပြီး ဇာတ်အိမ်တည်လိုက်တာ
ဇာတ်စကားတွေ အဖုံဖုံ ပြောမကုန်ခဲ့တော့
ဇာတ်ကြောသာ ရှည်လာတယ် ကိုယ့်ဇာတ်ရုပ် ကိုယ်မသိခဲ့ရဘူး
ဇာတ်ခုံပေါ်မှာ ဟန်အပြည့် ဖျော်ဖြေနေခဲ့ပေမယ့်
ကန့်လန့်ကာ နောက်ကွယ်က ဇာတ်ရှုပ်တွေကို
မမြင် မကြား မသိခဲ့လေတော့ ဆက်သရုပ်ဆောင် နေတာပေါ့
ဇာတ်ကွက်စေ့ ဆို ငို ပြော အကြမ်း အလွမ်း အစုံနဲ့
ဇာတ်မြူးလေး ထင်မှတ်နေတဲ့ ကျွန်မ
ဇာတ်ရည်ဝ လာချိန်မှာတော့ ဇာတ်ကွက်လည် လာမိပြီ
ဇာတ်ကြမ်း၊ ဇာတ်မိုက်တွေ ခင်းပြလာမှ ကိုယ့်ဇာတ်ရုပ်အမှန် ကိုယ်ပြန်မြင်တော့တယ်
ဇာတ်လိုက်မင်းသမီး ထင်ခဲ့တဲ့ကျွန်မ တစ်ကယ်တော့ သူလိုကိုယ်လို
ဇာတ်သမ တစ်ယောက်ပါပဲလား
တစ်ဖက်အကြောင်း မှန်မမှန် ဇာတ်ကြောင်းလှန် ကြည့်တော့မှ
ဇာတ်ပို့ ကောင်းခဲ့သမျှတွေက ဇာတ်မျောတွေ ဖြစ်ခဲ့ရတယ်
ဇာတ်ပေါင်းဖို့ တစ်သက် အကြောင်းတွေ ငဲ့စောင်းတောင် မကြည့်နိုင်တော့ဘဲ
ဇာတ်နာကို အရှက်ဖြာပြီး အသက်နှုတ် ဇာတ်မြှုပ်သာ နေလိုက်ချင်ပေမယ့်
ဇာတ်ကြောင်းတွေ အမျိုးအမျိုး ဖန်လာတော့
ဒီဇာတ်ပျက်ကို အရှက်ပုံနင်း ဇာတ်စုံခင်းလိုက်ရတယ်
ဇာတ်သမ တစ်ယောက်အတွက်နဲ့
ဇာတ်ခေါင်းတော့ မကွဲစေချင်ပါဘူး ဇာတ်ရုံကို အားနာမိတယ်
အသက်ကြီး ၀ါကြီး ဇာတ်စီးတွေလည်း ကိုယ့်ကြောင့် မျက်နှာမပျက်စေချင်ဘူး
အားလုံးဟာ ခရီးတစ်ခုကို အတူထွက်နေတဲ့ ဇာတ်မိသားစုတွေပါ
ဒီတော့ ဇာတ်သမ ကျွန်မကပဲ အဆင်အခြင်မဲ့ပြီး
လက်မရှိဘဲ ကွေးကွခဲ့တာလား၊ ဇာတ်မရှိဘဲ ရွေးကခဲ့တာလား
ဝေခွဲ တွေးဆလို့တောင် မရနိုင်အောင်ပါဘဲ
ဇာတ်ဝင်သီချင်းတွေ ပရိသတ်အတွက် နားဝင်ပီယံ မဖြစ်ခဲ့ရင်တောင်မှ
ဇာတ်သိမ်းရင် လိပ်ပြာလှဖို့တော့ ဇာတ်ညွှန်းတွေ ရေးတတ်အောင်
ခုတော့ မိဿကိုလေ
ဇာတ်ပွဲတွေပဲ ကြည့်ခွင့်ပေးပါတော့ရှင်

Leave Comments
Email me whenever there is new comment
Copyright © 2012 PoemsCorner. All rights reserved. Terms of Service

11611 masterpieces
34813 comments
3729 members
974 pc authors