Professional Authors

ခရီး (အောင်ချိမ့်)

အိပ်မက်မရှိသူ
သီချင်းမဆိုတတ်သူ
ငါမဟုတ်မူ၍။

ငါ့အသင်
ခြေဆေးပါ
ခေါင်းလျှော်ပါ
ရေချိုးပါ
လာလေ..ဒို့သွားကြရအောင်။

ဝိညဉ်မဲ့ခေတ်များနဲ့
၂၄ နာရီတို့ထံမှ
ကံကြမ္မာအရရွေးနှုတ်
ရေဒီယိုခလုတ်ကိုနှိပ်
သတင်းစာကိုလည်းပိတ်ခဲ့ပါ။

အစက်တစက်မှ
အခြားအစက်တစက်သို့
ဆက်သွယ်ပြီးမျဉ်းဖြောင့်တကြောင်း
ညောင်းညာနေရောပေါ့။

နှစ်ပေါင်းအသောင်းအထောင်
သိပ်သည်းစွာမှောင်ခဲ့
အရောင်၊ရနံ့
ရသ၊ လူ့အခွင့်အရေး
မြင့်မြတ်သောကလေးငယ်
ချိုနွေးသောမိခင်နို့
တို့ထိတီးခတ်လိုက်သောအခါ
လက်မှတ်ထိုးထားသောစာရွက်
မိုးချုန်းပျက်သံကြားရတယ်။

အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင်ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက်အမူအကျင့်နဲ့။

လမ်းတူသူချင်းသာ
ဒဏ်ရာကိုဆေးကု
သွေးတိတ်အောင်ပြုစုလို့
ဒို့နောက်ကလူတွေလဲသတိရနေမယ်။

`ကြောက်ကြဟေ့၊ကြောက်ကြ’
ဒီနေ့ကိုသူတို့ပိုင်သ သတဲ့
အို ထမင်းစားခဲ့
အို အသက်ရှူခဲ့သူများသို့
ဆိုက်ဗေးရီးယားရောက်
သစ္စာတရားဟာ
ကျန်းမာလျက်ရှိကြောင်းသတင်းရတယ်။

အိမ်ရယ်
အိပ်ယာရယ်
သံယောဇဉ်များရယ်
ချစ်သောသူရယ်
ပူပင်ပေမယ့်ခဏခွဲခဲ့ရ
ပြန်ဆုံကြတော့ပိုလို့နွေးမယ်။

ခြေထောက်များရဲ့အောက်
သမန်းညက်လောက်အောင်
‘ဆက်လျှောက်ကြ’
‘လျှောက်ကြ’
‘လျှောက်ကြ’

လျှပ်တခါပြက်
မျက်တောင်တခါခတ်တိုင်းအံ့ဘွယ်ပ
ဝါကျ၊ပုဒ်မ
စကားလုံး၊သွေးနံ့
အဖြူသန့်စပွဲခင်း
ဟင်းခွက်ပေါင်းငါးရာ
မုသာဝါဒနဲ့
ဘာသာဗေဒတခုလေ
ကမ်းနားရေစပ်မှာထိုင်နေရဲ့။
‘အလို’
ကိုင်းပင်ကဗျိုင်းတောင်
တောင်ပံလန့်ပျံပြေးသွားတယ်။

အို .. လူ့သမိုင်း
စောင့်ဆိုင်းမှုသမာဓိ
ပြည့်သမြဲပြည့်ဝတော်မူပါအရှင်။

ဟိမ၀န္တာ
ဂန္ထ၀င်မြောက်တောအုပ်
လမ်းရှုပ်သည်ဖြစ်စေ
ရှင်းသည်ဖြစ်စေ
ရွှေပြည်တော်ကြီးနီးပါပြီ။

‘လူ့ဘ၀ကား
အိပ်မက်မျှသာဖြစ်၏’
သစ်ပင်ပျိုပင်စည်တို့၌
ထိုစာပိုဒ်အားတွေ့ရမည်
ငါရေးသားခဲ့ခြင်းဖြစ်ပေသည်။ ။

အောင်ချိမ့်

/*ကဗျာဆရာ အောင်ချိမ့်၊ ဖော်ဝေး၊ မောင်ချောနွယ်တို့ရဲ့  သစ်ရွက်အသေများပေါ်က ရက်စက်သောဂီတ ဆိုတဲ့ စာအုပ်ကပါ။။ အဲဒီစာအုပ်ကို ဘယ်ကနေ Download လုပ်ထားလဲဆိုတာ လုံးဝစဉ်းစားလို့မရတော့ဘူးးးးး :(။ အဲဒါကြောင့် စာအုပ်မှာပါတဲ့ ထုတ်ဝေမှုမှတ်တမ်းကို ပဲ ပြန်ပြီး Credit ပေးလိုက်ပါတယ်။။

ထုတ်ဝေမှုမှတ်တမ်း

 

မြန်မာကျူးပစ်စာစဉ် : ချစ်တဲ့ကဗျာ (၆)

ကဗျာပုဒ်ရေ : ၁၄ ပုဒ်

ထုတ်ဝေခြင်းး ပထမ အကြိမ်

ထုတ်ဝေကာလး ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလ

အုပ်ရေး ကန့်သတ်မထား

စုစည်းသူး မနော်ဟရီ

မျက်နှာဖုံးပန်းချီး မောင်ဒီ

အတွင်းပန်းချီး ဘိုကြည်

စာအုပ်အပြင်အဆင်း ကိုထက်

*/

Leave Comments

Name*

Email*
Website
Email me whenever there is new comment