Professional Authors

နှလုံးသားက ပေးတဲ့အသိ

 

မနေ့ တုန်းက…

ကိုယ့်နှလုံးခုန်သံကိုယ်ပြန်နားထောင်ကြည့်ခဲ့မိ။

 

Lub-dub, Lub-dub, …နဲ့ 

နရီစည်းဝါးကိုကိုက်လို့ 

ပုံမှန်နှလုံးခုန်သံပါပဲကလား…

နှလုံး အပေါက်ကျဉ်းတဲ့အသံ၊ မလုံတဲ့အသံတွေ မရှိ

ငါ့နှလုံးသားလေးက အကောင်းပကတိပါပဲကလား…

Lub-dub, Lub-dub, …

 

ငါဟာ အင်မတန်ကံကောင်းတဲ့လူပါပဲကလားလို့ 

ပထမဆုံးအနေနဲ့ 

ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်

ကံကိုကျေးဇူးတင်မိတယ်

(ကိုယ်သာ ခရစ်ယာန်ဆိုရင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ရမှာပေါ့)

ဒီလို ကောင်းကောင်းမွန်မွန်နဲ့ မွေးလာပေးတဲ့ မိဘတွေကို လဲ ကျေးဇူးတင်မိတယ်

နှလုံးရောဂါဖြစ်ရလောက်အောင် stress မရှိတဲ့ အဖြစ်ကိုလဲ ကျေနပ်မိတယ်

 

ကြည့်စမ်း…

Lub-dub, Lub-dub, … နဲ့ 

စည်းချက်မှန်မှန် လှုပ်ရှားပေးနေပါရောလား

သူ့ သခင်မအတွက်လေ။

 

Lub-dub, Lub-dub, …

ချစ်ဖို့ ကောင်းတဲ့ နှလုံးသားလေးက

ချစ်စဖွယ် လှုပ်ရှားတဲ့အသံလေး။

 

ကိုယ့်နှလုံးသားလေးက

ကိုယ်အသက်ရှင်သန်ရေးအတွက်

သူ့ ခမျာ စက္ကန့် မလပ် မရပ်မနား အလုပ်လုပ်ပေးနေရှာတာ။

 

ကိုယ်ကကော…

ကိုယ့်ဘဝရှင်သန်ရေးအတွက်

ကိုယ့်ဘဝလေး အဓိပ္ပါယ်ရှိရှိနေရဖို့ အတွက်

မရပ်မနားမဟုတ်တောင်

တက်တက်ကြွကြွ မကြိုးစားသင့်ပေဘူးလား။

 

ကဲ…

Lub-dub, Lub-dub, …

တွေဝေငေးမော ပျင်းရိပြီးတော့

အချိန်ဖြုန်းနေတာတွေ ရပ်သင့်ပြီ။

Lub-dub, Lub-dub, …

ပူဆွေးဝမ်းနည်း တမ်းတပြီးတော့

အချိန်ဖြုန်းနေတာတွေ တော်သင့်ပြီ။

 

အသက်ဆက်လက်ရှင်သန်ရေးအတွက် Lub-dub, Lub-dub, …

ဘဝရှင်သန်ရပ်တည်ရေးအတွက် Lub-dub, Lub-dub, …

 

 

မှတ်ချက်။   ။အင်္ဂလိပ်လူမျိုးတွေ ဖော်ထုတ်ခဲ့လို့ သာ Lub-dub, Lub-dub, … လို့ ရေးနေရပေမယ့်

မြန်မာတွေသာ ရှေးဦး တီထွင်သူတွေဖြစ်ခဲ့မယ်ဆိုရင် ဒိန်းတပ်-ဒိန်းတပ်လို့ ရေးရလေမည်လားမသိ။

In: ကဗျာ Posted By: Date: Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment