Professional Authors

ပန်းချီကားနီနီ (သုခမိန်လှိုင်)

အဖေ့ပန်းချီကားထဲမှာ
မြေနီလမ်းကလေးရှိတယ်
သစ်ပင်နီနီ
ညနေနီနီ
တောင်တန်းနီနီ
လှပနေသော အနီများ။

မြေနီလမ်းကလေးကလည်း
အမြဲပြန့်ပြူးနေတာပဲ။

သစ်ပင်နီနီကလည်း
အမြဲခိုင်မတ်နေတာပဲ။

ညနေနီနီကလည်း
အမြဲမှောင်ကျမသွားဘူး။

တောင်တန်းနီနီကလည်း
အမြဲတည်တံ့နေလျက်ပါ။

ကျွန်တော်
အရှုံးများနှင့်
ပြာနှမ်းသွားတိုင်း
အဖေ့ပန်းချီကားထဲ
ဝင်သွားလိုက်တာပဲ
ပြန်ထွက်လာရင်
ကျွန်တော် အနီ။

ကျွန်တော်
ခေါင်းငိုက်စိုက်ချရသော
အမောများနှင့်
ဖြူရော်သွားတိုင်း
အဖေ့ပန်းချီကားထဲ
ဝင်ရောက်ချွေးသိပ်လိုက်တာပဲ
အဆိုးများစွာ
မြေလွတ်မြေရိုင်းမကျန်
ပေါက်ရောက်တတ်သော
လောကကြီးထဲသို့
ပြန်ရောက်လာတိုင်း
ကျွန်တော်သည် အနီ။

မလွယ်သော
လောကဓံကြိုးဝိုင်းထဲမှ
မမြင်ရသော
လက်သီးချက်များဖြင့်
ဖူးပွင့်ခဲ့ရသော ကျွန်တော်သည်
အဖေ့ရဲ့အနီ
ပန်းချီကားတစ်ချပ်ပါပဲ။

သုခမိန်လှိုင်

Leave Comments

Name*

Email*
Website
Email me whenever there is new comment