Professional Authors

PoemsCorner Authors

မင်းက နှင်းဆီတွေဖိတ်ကျနေတဲ့ ပင်လယ်အတုဖြစ်တယ်

ငါ့ရဲ့ စက္ကူနှလုံးသားနဲ့အရုပ်တွေဆွဲလိုက်တာ မင်းနဲ့နှင်းဆီတွေ မွှေးမြသွားတယ် မမ
ဆောင်းရာသီက ပြန်သွားပေမဲ့ ငါချမ်းနေတုန်းပဲ၊ နာကျင်ခေါင်းလောင်းတွေအဆက်မပြတ်တုန်ခါနေတယ်
မင်းက နှင်းဆီတွေဖိတ်ကျနေတဲ့ပင်လယ်အတုဖြစ်တယ်၊ ဘာသာစကားဟာဟော်မုန်းပြောင်းလဲသွားတဲ့သစ်ပင်တစ်ပင်ဖြစ်ပြီး
ရင်သားတွေထွက်လာတယ်လို့ ငါအိပ်မက် မက်နေတာ၊ နိုးလာတော့ငါဟာ အရာရာကို မသိချင်ယောင်ဆောင်နေတဲ့
စက်ရုပ်တစ်ရုပ်ဖြစ်သွားတယ်၊ ငါ့လမ်းပေါ် မင်းရဲ့ သွေးတွေ မှောက်ကျသွားတယ်၊ အဲဒီသွေးတွေအပေါ်မှာ ငါသာယာနေမိတယ်
ကြယ်မဆန်တဲ့ အလင်းဟာ ငါ့ကိုရက်စက်တယ်လို့စွပ်စွဲပြီးတဲ့နောက် ငါ့ကမ္ဘာတစ်ခုလုံး စိမ်းမှောင်သွားတယ်
ငါလာနေပြီ၊ မမဟာ နှင်းဆီပွင့်တွေခေါင်ခိုက်တဲ့နေရာကိုရောက်နေတော့ ငါက မျက်ရည်နဲ့ စိုက်ထားတဲ့ ပန်းတွေ ယူသွားတာ
အပြန်ကျတော့ စကြ၀ဠာတစ်ခုလုံး ကျဆုံးသွားခဲ့တယ်၊ မတရားဘူးလို့ ငါက တသိမ့်သိမ့်ရှိုက်ငိုတတ်တဲ့ မြစ်ထဲကို
ကျမ်းစာတွေမျှောချလိုက်တာ ဘုရားသခင်ဟာ ဟားတိုက်ရယ်မောနေတော့တယ်၊ မင်းက ချစ်ဖို့ရာ မတတ်နိုင်ဘူးလား၊
ငါလည်းအတူတူပါပဲ၊ ပါရီရဲ့ ကဖေးဆိုင်ထဲက ခိုတွေ လှမ်းအော်လိုက်တော့ မမ က သူ့ ဆံပင်တွေကြားမှာ
နာမကျန်းမှုကို တမြတ်တနိုးပန်လိုက်တယ်၊ မင်းက နှင်းဆီတွေဖိတ်ကျနေတဲ့ ပင်လယ်အတုပဲ မမ၊
ငါကလည်း မင်းရဲ့ နွေရောင်ကမ်းပါးမှာ ပူနွေးဖို့ချောင်းနေတဲ့ ဆောင်းအတုဖြစ်တယ်…။

In: ကဗျာ Posted By: Date: Feb 20, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment