Professional Authors

ဝဋ်ဒုက္ခဟာ  မင်းခြေဖဝါးအောက်မှာ နင်းခြေခံရတဲ့ ပန်းတစ်ပွင့်ဖြစ်လိုခြင်းပဲ မမ

ဝဋ်ဒုက္ခဟာ 
မင်းခြေဖဝါးအောက်မှာ နင်းခြေခံရတဲ့ ပန်းတစ်ပွင့်ဖြစ်လိုခြင်းပဲ မမ

ချစ်ခြင်းမေတ္တာနဲ့ တိုက်စားခံလိုက်ရတဲ့ ကမ်းပါးငယ်
ပင်လယ်ရဲ့ ချန်ထားခြင်းခံရတဲ့ သောင်ပြင်မှာ
မရှိတော့တဲ့ခြေရာတွေ လိုက်ရှာနေမိသူ
မမရေ
ငါဟာ အထိအခိုက်မခံတဲ့ကမ္ဘာဆီက 
ရောက်လာခဲ့တာပေါ့

နှင်းဆီအသစ်တွေပွင့်တဲ့ စကြဝဠာမှာ
ငါ့အသက်ကိုဆွဲငင်နေတဲ့ သံလိုက်စက်ကွင်းတွေရှိတယ်
မျှော်လင့်ချက်တို့သေဆုံးရာ
ပြီးတော့…
အသစ်တစ်ဖန်မွေးဖွားရာ
အိပ်မက်နိုင်ငံတော်ဟာ မမရဲ့ဆံနွယ်တွေကြားမှာ တည်ရှိတယ်

မမရေ
မျိုးရိုးဗီဇ မကောင်းတဲ့မြေယာလို 
ငါ့ကို ခုတ်ထွင်လှဲ့
မွှေးမြဖို့ တာဝန်မကြေခဲ့တဲ့ ပန်းပွင့်တွေ
ငါ့ကို ရိတ်သိမ်းလှဲ့

လေရိုင်းတွေကြားက သိမ်မွေ့တဲ့ နှင်းဆီပျိုလေး
မမကိုယ်တိုင်ဟာ အလှတရားပဲ
မမကိုယ်တိုင်ဟာ ချစ်ခြင်းမေတ္တာပဲ
ဘဝတလျှောက်လုံး
ဗလာဖြစ်နေတဲ့ ဖဲချပ်တွေကို ရင်းနှီးသလို
ငါ ရင်းနှီးခဲ့တယ်
ငါကတော့ …
နာကျင်နေတဲ့ စမ်းချောင်းရယ်လေ
ကိုယ့်အရိပ်ကို
လရောင်လို့ ထင်မှားမိသူပေါ့

မမရေ
ကိုယ့်မလုံခြုံမှုနဲ့ကိုယ်
မိုးပြိုနေသူပါ
ကိုယ့်အသက်နဲ့ကိုယ်
ငြင်းဆန်နေသူပါ

မမရယ်လိုက်တဲ့အခါ
ကျောက်ဖြစ်သွားတဲ့ စိန်ပန်းတွေ
နီရဲနေအောင် သွေးယိုစီးကြတာ
မမကို ငါနားလည်တဲ့
ဟိုအရင်ကတည်းကပေါ့

မမရဲ့ မျက်ရည်ဟာ
ငါ့ ကင်ဆာဆဲလ်ပဲ
ငါ ရောက်နေတာ
မမ စွန့်ပစ်ခဲ့တဲ့ လမ်းပဲ
မမရဲ့ရှေ့မှာ
ကောင်းကင်တစ်ခုလုံး ပဲ့ကြွေလွင့်မျောခဲ့

မမရေ
ဝဋ်ဒုက္ခဟာ 
မင်းခြေဖဝါးအောက်မှာ နင်းခြေခံရတဲ့ ပန်းတစ်ပွင့်ဖြစ်လိုခြင်းပဲ 
အဲဒီလို တစ်နေ့လုံး မှောင်နေတဲ့ ရာသီမှာ
သစ္စာပန်းတွေလည်း အပြာရောင်ပြောင်းသွားခဲ့…။
In: ကဗျာ Posted By: Date: Jan 19, 2018

Leave Comments

Name*

Email*
Website
Email me whenever there is new comment