Professional Authors

နောက်ပြန်လည်တဲ့နာရီ

သိပ္ပံလမ်း
ခုနစ်ဆယ့်ရှစ်လမ်း
မီးနီစောင့် 
လမ်းလျှောက်ဖြတ်ခဲ့တယ်….။
အောင် က ကွမ်း
မျိုး က ကွမ်း
တက်မက်လွန်းတဲ့ပါးစပ်
ရှိပါစေ 
သူတစ်ပါးပိုင်ဆိုင်မှုများ
အတင်းအဓ္ဓမတပ်မက်ခြင်းမဟုတ်
သာမန်လို သာမန်
လောက၀တ်နဲ့ တန်တယ် …။
တစ်ချို့
ကွေ့ဝိုက်ကြ
တစ်ချို့ဖြောင့်တန်းကြ
အမှောင်ဟာလှသလား
ည ဆိုတဲ့ ပညတ် က လှတာလား …။
မိန်းတက္ကသိုလ်လမ်း
အောက်မေ့ရင်
အောက်မေ့စရာလမ်းပေါ့
မအောက်မေ့ရင်
သာမန် လမ်းပေါ့ 
ဆေးလိပ်တွေသောက်တုန်းက
ဖြတ်တော့နော်ဆိုတဲ့စကားတစ်ခွန်း
ဆေးလိပ်လိုက်လုတတ်တဲ့
လက်ကလေးတစ်ဖက်
မီးခြစ်ဖွက်ပြီး
ပြုံးတတ်တဲ့ အပြုံး
အောက်မေ့ရင်
အောက်မေ့စရာလမ်းပေါ့
မအောက်မေ့ရင်
သာမန် လမ်းပေါ့ ..။
ခုနစ်ဆယ့်သုံးပေါ် 
ဝတ်လစ်စလစ်ယဉ်ကျေးမှုဟာ
ကမ္ဘာကြီးပိုမိုပူနွေးလာမှု
အကြောင်းပြပြီး
တရားဝင်အလံထူပေါ့
ဖရန့်က ကျဆိမ့်တစ်ခွက်နဲ့
အတိတ်တို့ကို 
ပြန်တူးဖော်ရအောင်
ထိုင်ပါမိတ်ဆွေ……။
ညနေနဲ့အတူ ဆွေးနွေးခဲ့
ကျုံးဘေးက သံတိုင်လေးတွေရဲ့
ထိပ်တွေကွေးနေတဲ့အကြောင်း
တောင်ပေါ်နဲ့တောင်အောက်
အပူချိန်ကွာခြားမှုအကြောင်း
ဓိရာမိုရ် ရဲ့ သီချင်းတစ်ပုဒ်အကြောင်း
ရက်ကွန်း အင်္ကျီ တစ်ထည်အကြောင်း
မနက်မနက်တွေ ကျူရှင်မတက်ဖြစ်တဲ့အကြောင်း
ကျွန်တော်ဟာ ဖောင်တိန်တစ်ချောင်း
ဆိုရင်
ဒီကဗျာအတွက်
ဒီမှာပဲ မင် ကုန်လိုက်ချင်တဲ့အကြောင်း …………။

In: ကဗျာ Posted By: Date: Jul 8, 2015
Comment #1

နှစ်​သက်​မိတယ်​ ခင်​ဗျာ . . . .

commentinfo By: အသဲကွဲ မိုး at Jul 31, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment