Professional Authors

သူမသည် ကဗျာတစ်ပုဒ်ဖြစ်သည် ……..

သူမသည် ကဗျာတစ်ပုဒ်ဖြစ်သည် ……..

Section-1
ကျွန်တော်ချစ်တဲ့နံနက်ခင်း
သူ့မရဲ့အသံလေးနဲ့ နိုးချင်တယ် …..
ဒါ ဟာ ဖြူစင်သော .. အတ္တ ။

ကျွန်တော်ချစ်တဲ့နေ့ခင်း
ကျွန်တော့်ရဲ့ရှေ့မှာသူမ
အချိန်ပြည့်ရှိနေစေချင်တယ်..
ဒါ ဟာ ဖြူစင်သော….. ဆန္ဒ။

ကျွန်တော့်ရဲ့ညနေ
သူမ အရိပ်တွေနဲ့
ဝေဖြာနေစေချင်တယ်
ဒါ ဟာ ယူချင်သော … တောင်းဆု။

Section – 2
စိုစွတ်တဲ့နှင်းတို့ရေ
ဒီကောင်ကိုမှ အေးချမ်းစေရော့လား
အတွေးတို့ရိုက်ခတ် … သူမသည်ကျွန်တော့အတွက်…
လင်းလတ်ဖြာဝေနေတတ်သော နွေဦးရာသီတစ်ခု။

ထစ်ချုန်းသံတစ်ချို့နဲ့
လှလှပပ ပေါက်ကွဲပြတတ်သော
မိုးပြေးလေးများရဲ့ အရှင်သခင်
သူမဟာ ကွက်ကျားမိုးနဲ့ ကျီစယ်တတ်တဲ့
မှိုင်းညို့နေတတ်သော …
ချစ်စရာ .. မိုးဦးရာသီတစ်ခု….။

သူမသည် …
ဟေမန်ဝတ်ရုံ ခြုံထားသော
နှင်းစက်တို့ရဲ့ မေတ္တာနဲ့
စိတ်နှလုံးကို အေးချမ်းစေတတ်သော
ဆောင်းဦး ရာသီတစ်ခု … ။

Section – 3
သူမသည် …
ကောင်းကင်တစ်ခုရဲ့ကြွေးကြော်သံနဲ့
လှိုက်ဖိုအောင်ဟစ်ကြွေးတတ်တဲ့
မိုးကြိုးလို မျက်စောင်းတစ်စုံကိုပိုင်ဆိုင်ထားသော
လေညှင်းရဲ့ တမန်တော်လည်းဖြစ်တယ်..။

သူမသည် …
ဝိဥာဉ်ကို ဖမ်းစားတတ်သော
အိမ်မက်တို့ဖြင့်
တီးခတ်လေ့ရှိတဲ့..
စောင်းတစ်လက်လည်းဖြစ်တယ် … ။

သူမသည် …
မူနွဲနွဲ့ …
အိပ်ချင်နေတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားပြီး
နရီတွေကို ခိုးယူချင်နေသော
တယောတစ်လက်လည်းဖြစ်တယ် …။

Section – 4
သူမသည် …
လှပစွာ ဟစ်ကြွေးတတ်သော
ပန်းတစ်ပွင့်ရဲ့ ရနံ့နဲ့
လေးညှင်းကို ဖြားယောင်းတတ်သော
နတ်ဘုရားတစ်ပါးလည်းဖြစ်တယ် .. ။

သူမသည် …
တိတ်တဆိတ်နဲ့
မထင်မှတ်လောက်အောင် ရဲရင့်တတ်သော
ခြင်္သေ့မလေးလည်းဖြစ်တယ် …။

သူမသည် …
ပဟေဋိဆန်တဲ့ ပုံပြင်တစ်ပုဒ်လို့
တစ်ခါတစ်ခါ …..
မှုံရီပြာဝေနေတတ်သော ….
ဒိုင်ယာရီတစ်အုပ်လည်းဖြစ်တယ်…။

Section – 5
သူမသည် …
ခံစားချက်တွေကို
သိမ်းထားတတ်သော
ကျယ်ပြန့်တဲ့ …
ပင်လယ်တစ်ခုလည်း ဖြစ်တယ် …။

သူမသည် …
နားလည်ရခတ်တဲ့
အကိုင်းအခက်တွေကို ထုဆစ်တတ်သော
ခတ်ဆစ်တစ်ပုဒ်လည်းဖြစ်တယ် ..။

သူမသည် …
မူးယစ်ရီဝေစေသော
ချယ်ရီရနံ့နဲ့
ပြင်းရှုတဲ့ ဝိုင်တစ်ခွက်လည်းဖြစ်တယ် …။

Section – 6
သူမသည် …
မာနဆူးတို့ဝန်းရံထားတဲ့
နှင်းဆီတစ်ပွင့်လည်းဖြစ်တယ်….။

သူမသည် …
နူးညံ့စွာ …
တယုတယ .. ဖြူစင်နေတတ်သော..
စံပယ်တစ်ပွင့်လည်းဖြစ်တယ် …။

သူမသည် …
နေ့စဉ်မှတ်တမ်းတစ်ခုလို
တစ်ခုတ်တရဖြစ်စေတဲ့
အတွေ့အကြုံတွေကို သိမ်းစုထားသော
ကျွန်တော်နေ့စဉ်ဖတ်ချင်တဲ့
အတွေးအခေါ်စာအုပ် တစ်အုပ်လည်းဖြစ်တယ် … ။

Section – 7
သူမသည် …
ကျွန်တော်သူ့ကို
ဘယ်လောက်ချစ်ကြောင်း
အသံသွင်းထားချင်တဲ့
အသံဖမ်းစက်တစ်လုံးဖြစ်တယ် …။

သူမသည် …
ကျွန်တော့်အတွက်
ဝေါဟာရကြွယ်ဝသော
အဘိဒါန်တစ်အုပ်လည်းဖြစ်တယ် …။

သူမသည် …
တစ်ကြိမ်တစ်ခါ ပေါ်လာတတ်သော
နေရောင်နဲ့ဖျန်းပတ်ထားတဲ့
ဆည်းဆာ ပန်းချီကားတစ်ချပ်လည်း .. ဖြစ်တယ်…။

Section – ?
သူမသည် …
ကျွန်တော် … အချိန်တိုင်း
ဖတ်ချင်နေသော …
ကဗျာ…တစ်ပုဒ် ဖြစ်သည်။
သူမသည် ကျွန်တော့်အတွက်
ကဗျာတစ်ပုဒ်ဖြစ်သည်။

သုခေတ်
(ည – ၁၂ နာရီ ၁၄ မိနစ်)
၂၅-၁-၂၀၁၅

In: ကဗျာ Posted By: Date: Feb 1, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment