Professional Authors

မေမေသို့

#မေမေသို့

(၁)
မှားခဲ့ပါတယ် ..
အတ္တတွေတနင့်တပိုးနဲ့
လောကထဲတိုးဝင်
စုံလုံးကန်းမျက်ဝန်းတစ်စုံဟာ
မေ့မေ့ကို မေ့ထားခဲ့မိတယ် ..
သား … မှားခဲ့ပါတယ် .. ။

မြို့ပြရဲ့ အရိပ်အောက်မှာ
နေ့ရက်တွေ ဝါးမြိုခံခဲ့ရတယ်
အိမ်ပြန်ချိန်ကိုတော့ .
သတိမရခဲ့ဘူးလေ …
သား… မှားခဲ့ပါတယ် ..။

(၂)
ပျားရည်ဆမ်းထားတဲ့
လူတွေရဲ့ စကားပန်းတွေ
သားရဲ့ နံဘေး ဝေဝေဆာအောင် ပွင့်ခဲ့ဖူးတယ်
ဒါပေမယ့်
မေမေ့ရဲ့ အိပ်ရာဝင်တေးလောက်
မချိုမြိန်ဘူးလေ ။။
သား.. မှားခဲ့ပါတယ် ..။

တစ်ကိုယ်ရည်လျှောက်ခဲ့တဲ့လမ်းမှာ
လမ်းတွေဟာကြမ်းတမ်း
ခရီးလည်း ပန်းခဲ့ပါပြီ
လျှောက်ရင်း ပျောက် ခဲ့ တဲ့ သားရဲ့ညတွေမှာ
ကြယ်တွေလည်း အစင်းလိုက်ကြွေ
လမင်းတောင် မနေရဲ…
မှောင်မိုက်ခြင်းတွေ ကြီးစိုးခဲ့တာလည်း
ကြာခဲ့ပြီမေမေ … ။

(၃)
လက်ခုပ်သံ စည်း ချက်
သားရဲ့နားမှာ ပဲ့တင်
သြော် မေမေ ..
သားဘာလုပ်လုပ် အားပေးခဲ့တယ်နော်..
တောင်းဆိုမှုမပါတဲ့ မေ့မေ့ မျက်ဝန်းနဲ့
ခွင့်လွှတ်တဲ့ မေမေ့ရဲ့ အပြုံးကို သားလွမ်းတယ်..။

နာရီသံ ပဲ့တင်ထပ်
တစ်ချက်ချက်နဲ့
သားရဲ့ နားထဲ
မေမေလည်းသားကို လွမ်းနေတယ်တဲ့ ..။

(၄)
ခပ်ရွဲ့ရွဲ့အမေး
မင်းဘာဖြစ်ချင်လဲဆိုရင်
သား..ဖြေမယ်
ကိုယ့်သေတွင်းကိုယ်တူး..
ကိုယ့်မှတ်တိုင်ကိုယ်စိုက်ပြီး
မေမေချစ်တဲ့သားဆိုပြီး
မှတ်တိုင်မှာ ကမ္ဗည်းထိုးစေမယ်မေမေ..။

တကယ်ပါမေမေ..
သားရဲ့အိမ် အပြန်လမ်းမှာ
ပန်းတိုင်းပွင့်စေရမယ်

(၅)
တိမ်စိုင်တွေအုံ့မှိုင်း
ရှစ်ခွင်တိုင်းရဲ့
ဒီကောင်းကင်အောက်မှာ
သား မေမေ့ကို လွမ်းနေတယ်ဆိုတာ
တစ်လောကလုံးသိစေ..။

မြေပြင်ကသဲတစ်ဆုပ်
ကိုင်ဆုပ်လို့မေတ္တာပို့မယ်
မေမေတစ်ယောက် ချမ်းမြေ့ပါစေ။
(ပုခတ်လွှဲသောလက်ရှင်တိုင်း ချမ်းမြေ့ပါစေ။)

(၆)
သက္ကရာစ်တွေနောက်ပြန်လှည့်
တစ်ခါ ပြန် ငယ် ခွင့်ရမယ်ဆိုရင်
နွေးထွေးတဲ့ မေမေ့ရဲ့ပုခတ်ထဲ
သားပြန်ကွေးနေချင်တယ် ..။

မျှော်လင့်ချက်တွေ တောင်းဆုပြု
မေမေရှိရာအရပ်
သား.. မရောက်ရောက်အောင်
ပြန်ခဲ့မယ် မေမေ …။
သား ရောက်အောင် ပြန်ခဲ့မယ် ။

သုခေတ်

In: ကဗျာ Posted By: Date: Jan 4, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment