Professional Authors

နှင်းဆီ ဖတ်ဖို့ ကဗျာ

ဒဏ်ရာက နက်ပါ့မလား နှင်းဆီ…၊

နင့်ကို
တိမ်ပခြုပ်နဲ့ တောင်မှ မအုပ်မိုး
မချုပ်ခြယ်ရက်တဲ့ ကောင်
ည အမှောင်မှာ တိုးတိတ်ပျံ့ လွင့်
ငါတစ်ယောက်တည်းမို့ 
အထီးကျန်ခွင့်ကို မတောင်းဘဲ ရခဲ့ပြီ

ခေတ်အဆက်ဆက်
ချစ်သူကို လွမ်းဆွတ်ခဲ့ဖူးသူတွေထဲ
ကိုယ့်နာမည်ကိုယ်
ရင်ထဲမှာပဲ အက္ခရာစိုက်ထူ သိမ်းထားလိုက်မယ်

ရှိပါစေကွယ်…
တကယ်ဆို
ငါက သူတို့ လောက်တော့
သနား… တယ်….

ရေခိုးရေငွေ့ တွေလိုပါပဲ ၀မ်းနည်းခြင်းဟာ
ငါ့တစ်ကိုယ်စာအပေါ်မှာ တရစ်ရစ် ဖွဲ့ ထုံး
ပြီးမှ မိုးစက်ရိုင်းတွေလို တ၀ုန်းဝုန်း ဖြိုချ
အခုလို
လ မပြယ့်တပြယ် ညလေးမှာ
နင့်ပုံရိပ်လေးတွေသာ တောင့်တောင့်တတ
ငါ သိပ်သတိရနေတယ် နှင်းဆီ…

ငါ သိပ်သတိရနေတယ်

အညတရ နက္ခတ်နဲ့ လူက
စောင်းညှင်းသံတ၀က်၊ အလင်္ကာတစ်ခက်နဲ့ 
နတ်သမီးအိမ်မက်ကိုမှ
တပ်မက်နေမိ သတဲ့၊
ရယ်ပွဲ ဖွဲ့ ကြပေါ့ကွယ်….

ငါ့မှာက
မိုးခေါ်တေးသွား တပိုင်းတစ်စနဲ့ ကို
စို နေခဲ့ဖူးပါတယ်

ဒါဟာ စစ်ပွဲတစ်ပွဲဆို
မပါးနပ်တဲ့ ဗျူဟာတွေကို ချမှတ်ခဲ့သူဟာ
ငါပဲပေါ့
ည တခြမ်းရဲ့ လမ်းတွေထဲ
စမ်းတ၀ါးဝါးနဲ့ ပဲ ငါ နှုတ်ဆိတ်ခဲ့ရတယ်
သွားပါတော့ နှင်းဆီ ရယ်….၊
ငါ့ကို
ချန်ထားခဲ့ပါတော့…

ခွဲခွာခြင်းဟာ ငါတို့ နှစ်ယောက်အကြား
အလင်းတစ်ပွင့်စာ ပိုင်းခြားသွားခဲ့ပြီမို့ …..

အပြုံးလျော့လျော့ ရင်ခုန်သံတချို့ နဲ့ 
ငါ့မျှော်လင့်ချက် တစုံတရာအကြောင်း
ငါ သည်လိုပဲ
စာလုံးပေါင်းခဲ့လိုက်ပါတယ် နှင်းဆီ…

နင်သွားလိုရာ သွားနိုင်ပါပြီလေ…
နင်သွားလိုရာ
သွားနိုင်ပါပြီ….။

In: ကဗျာ Posted By: Date: Jul 4, 2014
Comment #1

Good!!!

commentinfo By: kyalsin at Jul 5, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment