Professional Authors

စစ်ပွဲများ (၁) (ခရမ်းပြာထက်လူ)

အဖေ ရှေ့တန်းတိုက်ပွဲက ပြန်လာပြီဆို
ကျွန်တော်တို့တစ်အိမ်လုံး မီးကုန်ယမ်းကုန် ပျော်ကြတယ်။

ဘာဘီကျူးမီးပုံကြီးအောက်မှာ
အဖေ့ ပုခုံးပေါ်က ကြယ်တွေ တလက်လက်တောက်ပ။

အမေက
အဖေ့ရဲ့ ဦးထုပ်ကို အသာအယာ လှမ်းချွတ်ကာ
ခြေဖျားလေး အသာထောက် အဖေ့ရဲ့ နဖူးကို ညင်ညင်သာသာလေး မော့နမ်းလို့။

ကျွန်တော်တို့က
အဖေ့ပေါင်ပေါ်ကို အလုအယက်တက်ထိုင်ကာ
အဖေ့ရင်ဘတ်ထဲ တိုးဝင် အဖေ့အောင်ပွဲတွေကို အငမ်းမရ တူးဆွလို့။

ဘေးအိမ်က ရေဒီယိုထဲမှာတော့
ခြေပြတ် လက်ပြတ်တွေ
မိဘမဲ့သွားတဲ့ ကလေးတွေ
ပျောက်ဆုံးနေတဲ့ အလောင်းတွေနဲ့ အပျက်အစီးတွေအကြောင်း တစ်ညလုံး တင်ဆက်လို့။ ။

ခရမ်းပြာထက်လူ (၂၀၁၃၊ မေလ Treasure Land မဂ္ဂဇင်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment