Professional Authors

သူ့ကို လွမ်းတော့…

သူ့ကို လွမ်းတော့…

ကျလိကျလိ.. တီးတိုးတွတ်တွတ်
ပျံသန်းဆော့တဲ့ ငှက်ကလေး
မေးသယောင်
မမအပြုံးဖျော့တော့လွန်းသည်
ဘယ်ဇာ့ငေးမှိုင်နေသနည်းတဲ့

ငှက်ငယ်ရယ်
သူ့အပြုံးမမြင် သူ့အသံမကြား
ပူဆွေးသောက သူနဲ့ဝေးရ
ကြင်သူကွေကွင်း ဆင်းရဲခြင်းကြောင့်
အပြုံးဘယ်မှာ လန်းနိုင်မလဲ…။ ။

ထက်ကောင်းကင်ဝယ်
ထိန်ထိန်ညီးတဲ့ စန္ဒာလမင်း
မေးငေါ့သယောင်
လူတွေလူတွေ
ရွှင်ကြည်နှစ်ခြိုက် မအိပ်စက်ဘဲ
တိုးတိုးတိုင်တည် ငြီးလို့ငိုသလဲတဲ့

အော် လမင်းရယ်
အလွမ်းလေ ..အလွမ်းတဲ့
လွမ်းခြင်း နှိပ်စက်ခံရသူအဖို့
မြင်လွှာကြိတ်မှိတ် စိတ်တင်းအိပ်လည်း
သူ့အရိပ်ပဲ အာရုံစွဲလို့
သူ့အကြောင်းပင် တရစ်ဝဲ၀ဲ
အတွေးထဲဝယ် လွှမ်းမိုးလေတော့
မှေးစက်ဘယ်မှာ ပျော်ပါ့မလဲ
ဖိုးရွှေလသာ
တိုင်တည် ငြီးငြီး အားကိုးမိပေါ့
သူ့ထံ ဒီစကားပါးပေးပါလေ
မေလွမ်းနေကြောင်း သူသိစေ

THIT
10.4.2014

In: ကဗျာ Posted By: Date: Apr 10, 2014
Comment #1

ဘယ်ဇာ့ငေးမှိုင်နေသနည်းတဲ့………………..ရခိုင်တိုင်းရင်းသားတွေ ရဲ့ အသုံး ဟု ယူဆမိပါသည်
သို့သော် ဘယ်ဇာ့ အစား အဇာ့ ဟု သာ သုံးသည်ဟုလည်း ထင်ပါသည်

commentinfo By: nate thit at Apr 10, 2014
Comment #2

ကျေးဇူးတင်ပါတယ် ထောက်ပြပေးလို့.. ရခိုင်တွေ သုံးမသုံးတော့မသိဘူးရှင့်.. ကာရန်နဲ့ အဆင်ပြေလို့ ထည့်သုံးလိုက်တာပါ

commentinfo By: Karyan Thit at Apr 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment