Professional Authors

ခိုနားရာ

      စားဝတ်နေရေးဒုက္ခကြားမှာ

အဲဒီအရိပ်ရွေ့သွားပုံက မြန်ဆန်လွန်းတယ်

ဟိုတကိုင်းကူး ဒီတကိုင်းကူးနဲ့

ရေကြည်ရာ မြက်နုရာနားခို

ဘယ်နေရာက သမီးတို့ထက် ပိုလုံခြုံဦးမှာလဲ

 

     အဖေ စိတ်နာသွားခဲ့သလား

အဖေအားကိုးတဲ့ အဖေ့မောင်နှမတွေက အစပေါ့

အဖေဘယ်တော့မှ မရခဲ့တဲ့ အမေ့ရဲ့ ကြင်နာခြင်းတွေ

အဖေကြောက်တဲ့ တစ်ပါတီစနစ်လည်း ပါတယ်…

ကွန်ပျူတာဆိုတာ ဘယ်လိုဟာကြီးတုန်းတဲ့

လယ်လေးရောင်းပေးတုန်းက မေးတဲ့စကား

ငါ့သမီးရယ် အဖေတို့ဆင်းရဲလွန်းလို့တဲ့

မငြီးရက် ငြီးရက်နဲ့….

 

     သမီးကလည်း မိုက်တယ်

အဖေ့ရဲ့ပုဆိုးနှစ်ထည် အကျီ င်္နှစ်ထည်

သမီးမှာ ဘွဲ့ငါးခုရထားတယ်

အဖေရေ….

နောင်တအရဆုံးသမိုင်းစာမျက်နှာမှာ

အဖေက စာလုံးမဲကြီးနဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူတယ်

 

     အဖေ ဒီအချိန်ဘာလုပ်နေရှာမလဲ

            တစ်မိသားစုလုံး စိုးရိမ်နေကြတယ် အဖေ

ဒီတခါ အဖေပြန်လာရင်လေ …

သမီးဖို့ ပဲဖြူလုံးကြော်လေး ၀ယ်ခဲ့ပါ

အဖေလည်း ကြိုက်တယ်မို့လား

အဖေ ပြန်လာရင်လေ…

အမေက အရင်လို  ထမင်းခူးကျွေးစေရမယ်

အဖေ ပြန်လာရင်လေ….

ကိုကြီးနဲ့မကြီးက အဖေ့ကို ခြေဆုပ်လက်နယ်ပြုစေရမယ်

အဖေ ပြန်လာရင်လေ…

အဖေကြိုက်တဲ့ မန်ယူအသင်းကို သမီးတို့ဇယားထိပ်မှာ ကြည့်ကြမယ်

အဖေ ပြန်လာရင်လေ…

ဒီမိုကရေစီဆိုတာ ဘာညာ သေချာ ရှင်းပြပေးမယ်

အဖေ ပြန်လာရင်လေ….

မိသားစုဆောင်းမီးဖိုလေးဘေးမှာ

အဖေ့အတွက် ပြောင်းဖူးဆေးလိပ်တွေ အဖေ့မြေးတွေက သေချာလိပ်ပေးကြလိမ့်မယ်

အဖေပြန်လာရင်လေ…

အဖေကြိုက်တဲ့ တွံ့တေးသိန်းတန် အတူတူ နားထောင်ပေးပါ့မယ်

အဖေပြန်လာရင်လေ….

……………………….

…………..

သမီးလိမ္မာပါတော့မယ် အဖေ

 

In: ကဗျာ Posted By: Date: Jan 24, 2014
Comment #1

ဖတ်ရှုအားပေးသွားပါသည်

commentinfo By: ei lay at Jan 24, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment