Professional Authors

“အချစ်နဲ့….သုံးရာသီ”

ချစ်သူ
ဖွဲဖွဲလေးကျနေတဲ့ မိုးစက်များအောက်..
လမ်းလျှောက်ရအောင်….

တဖြောက်ဖြောက်နဲ့…မြေပေါ်ကို ခုန်ချ…..
ကြည်လင်တောက်ပတဲ့..
မိုးစက်တွေရဲ့ သံစဉ်အား…
အတူတူ..ခံစားလို့ပေါ့….

သီချင်းညည်းချင်ညည်း…
ကဗျာရွတ်ချင်ရွတ်…
ဘာကိုမှ ထိမ်းကွပ်နေဖို့မလိုဘူး….
စိတ်ထဲရှိတဲ့အတိုင်း…
မိုးကုပ်စက်ဝိုင်းအထိ .. ဒုန်းစိုင်းကြမယ်လေ…….

ချစ်သူ…
အေးမြတဲ့ မြူနှင်းများအောက်…
လမ်းလျှောက်ရအောင်….

ဆောင်းတွင်းရဲ့ လေပြေညင်းကြောင့်
ဘယ်လောက်ချမ်းချမ်း…
တစ်ယောက်နဲ့ တစ်ယောက်
အနွေးဓါတ်ပေးစွမ်းလို့ပေါ့…

ပန်းချီဆွဲချင်ဆွဲ…
ပန်းပုထုချင်ထု…
ဘာကိုမှ သတိပြုနေဖို့မလိုဘူး….
ကော်ဖီတစ်ခွက်ကို တူတူသောက်….
ခရေပန်းတွေ ကောက်ကြမယ်လေ……

ချစ်သူ…
နွေဦးရဲ့ နေခြည်နွေးအောက်…
လမ်းလျှောက်ရအောင်….

ဆည်းဆာရဲ့ အလှတရား..
ကျေးငှက်တွေရဲ့ အော်သံများကြားမှာ…
နှစ်ကိုယ်တူ ချစ်သမျှ…
လှစ်ဟ သီကြွေးလို့ပေါ့….

ဥသြပဲ အော်အော်…
လေရူးပဲ မြူးမြူး….
ဘာကိုမှ ဂရုစိုက်နေဖို့မလိုဘူး….
ချစ်သူပန်ဖို့..
ကံ့ကော်ဖူးတွေ..ခူးကြမယ်လေ……

ရာသီစက်ဝန်း….ဘယ်လိုပဲယွန်းပါစေ….
တို့နှစ်ယောက်ရဲ့…
နှစ်ပတ်လည်ရက်တွေကို…
ဒီအတိုင်းလေး လည်ပတ်
ပျော်ရွှင်စွာ ကျော်ဖြတ်ကြမယ်နော်…..……

လေးညှို့ရှင်
၂၁.၁၀.၂၀၁၃
(09:33 PM)

In: ကဗျာ Posted By: Date: Nov 6, 2013
Comment #1

<3

commentinfo By: ei lay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment