Professional Authors

သစ်ဆွေးရုပ်ကြွင်း

 

“နှင်း”  ပြဇာတ်ထဲက

ပြတ်သွားတဲ့ စောင်းကြိုးဟာ

ငါ့ဒဏ္ဍာရီကို ဆွဲလှန်

အမြင့်ပျံငှက်ကလေးကို အတောင်ချိုးခဲ့တယ်.။

 

စိုက်ပျိုးစရာ မဲ့သွားတဲ့

လယ်သမားကြီး တစ်ယောက်ပါ..

သိမ်ငယ်ခြင်းတွေနဲ့ထုဆစ်

ကောင်းကင်နဲ့ မြေပြင်ကြားက

သောကမျှားတွေနဲ့

တရစပ် အပစ်ခံရတယ်..

နှင်း ရယ်…

အချစ်မြတ်ဆုံးမြေကို

စစ်တပ်သုံး စီးဝင်လာတဲ့ ဆောင်းဟာ

သံချောင်းတစ်ချက် မခေါက်ခဲ့ပါဘူး..။

 

တကယ်တော့

အဲဒီဆောင်းက ရထားတစ်စင်းပါ

အမှားအယွင်း တွေကို ဥသြဆွဲ

ကိုယ့်ကို

တစစီ ကြိတ်ခွဲသွားတယ်..

 

မျက်ဝန်း မျက်ခုံး

နှလုံးသား..

လက်ကြားထဲက သစ္စာ

အားလုံးကိုသတ်

မင်းနာမည်တွေ အဖျက်ခံရတယ်..

အဲဒီ တစ်ရက်မှာတောင်

မင်းကို  မမေ့ရက်ခဲ့ပါဘူး နှင်းရယ်..

 

နှင်းဆိုတာ

ကမ္ဘာဦးကတည်းက ကျိန်စာနဲ့

ခပ်နက်နက် ၀င်လာတဲ့ ဆူး

အခုနေ ငါ့ရင်ကိုပြန်တူးရင်

အချစ်ဟာ ခြူးတစ်ပြားစာ မလျော့ပါဘူး..

မယုံမရှိနဲ့ နှင်းရယ်.

ငါ့အလောင်းဟာ

ကဗျာတစ်ပုဒ် ငုံထားလိမ့်မယ်.။

 

နွေဦး မနက်နဲ့

ငှက်တို့ရဲ့ တောင်ပံလှိုင်းတွေ

လေပြည်မှာ တဝေါဝေါ ပြန်ဝဲ

ခေါင်းလောင်းမကွဲခင် ရာသီဟာ

ကြည်လင် နေခဲ့တယ်…။

 

အချစ်ရဲ့ တန်ခိုးတော် အကြောင်း

စည်ဝေအောင် ရေးခြစ်

လမ်းဘေးက အုတ်ခုံအိုဟာ

ကဗျာ စီးတဲ့မြစ်ကြီးပေါ့…

ဆယ့်ကိုးနစ် မပြည့်တစ်ပြည့် ကောင်လေးဟာ

ဆယ့်ကိုးနှစ်လွန် အိပ်မက်တွေကို ရှိုက်သွင်းတယ်။

 

နှင်းရယ်

အဲဒီတုန်းက ဆောင်းဟာ

ကြောင်တစ်ကောင်နဲ့မခြားခဲ့ပါဘူး

ကိုယ့်ခြေရင်းမှာ ပွတ်သပ်

ကျမ်းစာကို တိုးတိုးလေးဖတ်နေခဲ့တယ်.

ဘယ်နတ်ဘုရားကများ

ဆောင်းရဲ့ ဓါးကို ၀ှက်ပေးခဲ့ပါလိမ့်.။

 

မိုးတွေ ခြိမ်းလို့

မြက်တွေ အယိမ်းဆုံးနေ့..

လောကရဲ့ အပြင်းထန်ဆုံး လက်နက်ဟာ

နာမည်တစ်လုံး ရွက်လာတယ်..

“နှင်း” တဲ့

ကျိန်စာရထားရဲ့ ဘီးမှာ

ဆူးပွင့် စိမ်းစိမ်းတွေနဲ့ပေါ့..။

 

နှင်းရယ်…

သစ်ပင်ကြီးရဲ့ ရိုကျိုးမှုနဲ့

ခါးရိုးချိုးပြီး နှုတ်ဆက်ခဲ့တာပါ..

ကိုယ့်မှာသာ

တစ်သက်လုံးစာ ပြန်မတ်ခွင့်မရတော့..။

 

ကျောက်ခေတ်ရဲ့ သမိုင်းစာရွက်ထဲ

ပထမဆုံး ပွင့်လာတဲ့ ရနံ့…

ကောင်းကင်ရဲ့ လင်းသန့်တဲ့ သွေးနဲ့

ကောင်းချီးပေးခံရခဲ့ပါသလား

နှင်းရယ်..

မင်းရဲ့ အသက်ရှုသံကို

ဝတ်ဆံနဲ့ မှားပြီး ကဗျာရေးမိတဲ့

ပထမဆုံး လူသားဟာ ငါပါ.။

 

ခြေနဲ့လက်ကို သံကြိုးခတ်ပြီး

ကြေးတိုက်ထဲ ထိုးထည့်ထားလည်း

စံချိန်ကျိုးအောင် ပျော်ခဲ့ဖူးတယ်..

 

မျက်တောင်တစ်ခတ်ကို ရဖို့

ပင့်သက်နဲ့ လေးတင်တဲ့သူ လို့

ပထမဆုံး ကဗျာလေးမှာ ရေးဖူးတယ်..

နှင်းရယ်…..

အဲသည် လေးသည်တော်..

ဘယ်သူမှ ပြန်ရှာမတွေ့အောင်

ချော်ကျခဲ့ပါပြီ..။

 

ကိုယ်..နောက်ကျခဲ့တယ်..

လူမိုက်ကို ချိုးဖို့

အလှဆုံး ပန်းကိုပျိုးမှန်းသိရင်

အဲ့ဒီ ဖန်ဆင်းရှင်ကို

ကိုယ် အော်ဟစ်ပြောင်လှောင်ခဲ့ပါသေးတယ်.။

 

အခုတော့…နှင်းရေ

သုညနဲ့စပြီး

သုညနဲ့ပြန်ဆုံး..

ကိုယ့်တစ်ကိုယ်လုံးက သုညတွေ

အနန္တထိ ပြန့်ကျဲသွားတယ်.။

 

စစ်နိုင်တဲ့ ဆောင်းဟာ

ကြယ်တစ်သောင်းကို ခေါ်သွားတယ်

ရှုံးနိမ့်ရတဲ့အထဲ

ပိန်းပိတ်အောင် မှောင်မိုက်လိုက်ရ…

တစ်ဝက်အဖဲ့ခံပြီး ကျန်ရစ်ခဲ့ရတဲ့လက

ကိုယ့်ကို ပြုံးမပြနိုင်ရှာဘူး.။

 

မိုးတွေ စွေတယ် နှင်းရယ်…

ချမ်း ခိုက် ရှ အက်

ညနက်တွေမှာ

နှင်းတွန်သံတွေ ကြားတယ်..

အနက်ရောင် မုန်တိုင်းပျိုးချိန်မှ

အပါးလွှာဆုံး ဖွဲ့စည်းပုံနဲ့လူ

အေးစက်စက်နှင်းတွေကိုက

မီးစ လိုပူနေခဲ့ပါတယ်.။

 

အဓိပတိ လမ်းကလေးဟာ

ခပ်ကြမ်းကြမ်း ချေမှုန်းခံထားရတယ်ထင်ပါရဲ့

စစ်တလင်း လို အသံနဲ့

ခေါင်းလောင်းအို ကြီးကို တောင်းပန်ရှာတယ်..

အလွမ်းတွေ မုန်တိုင်းကြမ်းပြီးတဲ့နောက်

ဟောသည် ကျောင်းကြီးမှာ

ရင်ဘတ် ဘယ်နှစ်ခုများ ရှင်သန်ကျန်ရစ်ခဲ့ပါသလဲ..။

 

သံယောဇဉ်အနွယ်ဆိုတာ

မိုးဒဏ် လေဒဏ် ခံဖို့ သက်သက်ပါပဲ..

ကျောင်းဆောင်အပေါ်ဆုံးထပ်က

ကဗျာတိုကလေးဟာ

တံပိုးသံစဲအောင် စောင့်နေလိမ့်ဦးမယ်နှင်းရယ်.။

 

နှင်းရယ်…

ငါဟာ လူညံ့ပါ…

သင်ပုန်းတစ်ရာ

ဆရာတစ်သောင်းဆီ

ကိုယ့်အရှုံးတွေ ကျောင်းပြန်အပ်ရဦးမယ်.။

 

ဝါကျင့်ကျင့် စာရွက်ပေါ်က

စိမ်းဖန့်ဖန့် မျက်ရည်စတွေ

ဘယ်ကာလ အထိ

အသက်ရှည်နေတော့မှာလဲ..

နင့်လက်နဲ့ ချွန်ခဲ့တဲ့ ခဲတံဟာ

နင့်နာမည်ကိုပဲ ပေါင်းတတ်ခဲ့တယ်။

 

ခက်လှချည်ရဲ့ နှင်းရေ

ပျက်စီးသွားတဲ့ ငါ့တိုင်းပြည်မှာ

လောကဓံ ရိုင်းတွေ ထင်ရာစိုင်းကြပြီ..

တိမ်ကို သတ်တဲ့လက်တွေလည်း

ငါ့ကို ပွေ့ချီကြပြီ..။

 

ဒီည နောက်ည

ကျောင်းတော်က ကောင်းကင်မှာ

ပုလဲတွေ ခရော့မယ်.

အို

အထီးကျန် အလွမ်းငွေ့တွေ ပူခြစ်..

ငါ့ကြောင့်ဖြစ်တဲ့ မိုးရေ

ကျေးဇူးပြုပြီး..

ငါ့ကို နစ်အောင် ပြန်ရွာပါ.။

 

သစ်ခက် အဆွေး တစ်ခုရဲ့

ခပ်ရေးရေး အနာဂါတ်

ဖိနပ်ကလေး သဲကြိုးပြတ်သွားတယ်..

သွားပါတော့ နှင်းရယ်..

အရှေ့တူရူမှာ မြူတွေလွင့်ကျဲ

ကောင်းမြတ်ခြင်း နေ့သစ်တွေ

မင်းကိုတွဲ ဖို့စောင့်နေခဲ့ပြီပဲ.။

 

ထားခဲ့ပါ

အလွမ်းတစ်ခုရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း

ဆောင်းမနက်ခင်းမှာ

တစ်ဘ၀လုံးရင်းပြီးရတဲ့ နှင်း ကင်ဆာအတွက်

ငါ့အရှုံးတွေ ပွက်ပွက်အံလိုက်ပါ့မယ်..။

 

သွားပါတော့ နှင်းရေ

သစ်ဆွေး ကျောက်ရုပ် တစ်ရုပ်လို

အဓိပတိ လမ်းမှာ ဒူးတုပ်

မင်းသွားဖူးတဲ့လမ်းမမှာ

ဖိနပ်လုပ် ပေးခဲ့ရသူကို မေ့လိုက်ပါတော့..။

 

နိုးဆက် နေ့

In: ကဗျာ Posted By: Date: Oct 26, 2013
Comment #1

အရမ်း ကောင်းတယ် ကျွန်တော် က တော့ ကြိုက်တယ်
တကယ့် ခံစားချက် လား ဆိုတာ သိချင်တယ်…
ဖြစ်နိုင်ရင် ကျွန်တော် email ထဲ ကို ပို့ ပြီး ပြောပြ ပေး ပါ

commentinfo By: စိုင်းသီဟ at Oct 28, 2013
Comment #2

သွားပါတော့ နှင်းရေ

သစ်ဆွေး ကျောက်ရုပ် တစ်ရုပ်လို

အဓိပတိ လမ်းမှာ ဒူးတုပ်

မင်းသွားဖူးတဲ့လမ်းမမှာ

ဖိနပ်လုပ် ပေးခဲ့ရသူကို မေ့လိုက်ပါတော့..။
………………………………………………………..
………………………………မေ့လိုက်ပါတော့……….။

commentinfo By: နွေ at Nov 18, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment