Professional Authors

“ ရင်ကွဲမိုးတွေနဲ့ အိမ်ဆောက်ခဲ့တဲ့ လူတစ်ယောက်”

နတ်မိမယ်တစ်ပါးရဲ့ ပြုစားခြင်းခံခဲ့ရသူ
သူ့အတွေးတွေနဲ့သူ စစ်ဖြစ်နေခဲ့
ဘီလူးတစ်ကောင်ရဲ့ ရိုးသားခြင်းတွေနဲ့
သူ့ကိုယ်သူတည်ဆောက်
ငါ……ဘီလူး ကွလို့ ကြုံးဝါးရဲတာ
မင်းတစ်ကောင်ပဲရှိတယ်…။ ။

အချိန်မတန်ပဲ ပွင့်တဲ့ပန်းကို
နှာခေါင်းရှုံကြသလိုမျိုး သူတို့ရဲ့အကြည့်
သိမ်ငယ်တတ်တဲ့နှလုံးသားမှာ
ရင်စည်းခံရဲ့တဲ့ သတ္တိတွေ သူ့ရင်ထဲပျိုးထားခဲ့
ရိုက်ချိုးတိုင်းမကျိုးတဲ့စိတ်ဓာတ်နဲ့
သူ့နှလုံးသား အသားမာတတ်ခဲ့
မိုးရာသီရောက်တိုင်းလည်းကော်ဖီတစ်ခွက်သောက်ရင်း
ဇကောလောက်မှ ဇောက်မနက်တဲ့အလွမ်းတွေပဲ
ထိုင်ထိုင်ငေးနေခဲ့
မင်းကိုယ်မင်း သိုးကျောင်းသားဆိုတာ သတိရစမ်းပါကွာ…။ ။

မင်းလည်းမင်းဝေဒနာနဲ့မင်း
ငါလည်း ငါ့သောကနဲ့ငါ
အိပ်မက်ဦးတိုင်းက မလှပပါဘူးကွာ
မင်းရဲ့နှင်းဆီဝါလေးကော ခ၀ါချလိုက်ပြီလား
ငါတို့ဖောက်ကြရမယ့်လမ်းမှာ
ငါတစ်ယောက်တော့ အမောဆို့နေပေါ့
သွေးစိမ်းရှင်ရှင်တွေလည်း မဖောက်ချင်
မစားသာဘူး ငါ့ကောင်ရေ…
မင်းရဲ့မိုးရာသီလေး နွေးထွေးစေမယ့်
ရင်ငွေ့ပေးမယ့်သူ ဖန်ဆင်းနိုင်ပါစေ
ငါတို့ရဲ့ သမိုင်းစာမျက်နှာကို
အစဉ်လိုက် ပြန်လှန်မကြည့်ချင်တဲ့အခါ
အဲ့ဒီတစ်ဆောင်းလုံး ဖြစ်နိုင်ရင်
ငါ့ဒိုင်ယာရီကနေ မောင်းထုတ်ချင်တယ်
ထားလိုက်ပါတော့ ဘီလူးရာ……
မေ့ထားလိုက်ပါတော့
ကိုယ့်ကိုကိုယ် လိမ်ညာမှုတွေဖန်ဆင်းမိခဲ့တဲ့ကြောင်းကိုပေါ့…။ ။

ဘီလူးရေ….
အိပ်ယာဝင်လည်း မစောစေနဲ့
အိပ်ယာဝင်ပုံပြင်တွေလည်း မတွေးမိစေနဲ့
ငါတို့ရဲ့ ခရီးပြင်းနှင်ခဲ့ရတဲ့ရာဇ၀င်အကြောင်းလည်း
မမေ့မိစေနဲ့
ငါရဲ့ပန်းနုရောင်စိုက်ခင်းလည်း ပိုးဖျက်လို့မျိုးသုန်းကုန်ပြီ
အသစ်တစ်ဖန်ပြန်လည်ရှင်သန်ဖို့ အချိန်ကျပြီကွ…..။ ။

ဘီလူးရေ….
မိုးတွေရွာတဲ့ မိုးရာသီဆိုတာ
ပျော်စရာလည်းကောင်းတယ် ငိုချင်စရာလည်းကောင်းတယ်
ဒါပေမယ့်
မုန်တိုင်းတွေတော့ မပျိုးမိစေနဲ့…..။ ။

                                ဇင်သော့

In: ကဗျာ Posted By: Date: Sep 4, 2013
Comment #1

so taste!

commentinfo By: အောင်ကျော်ဖြူ at Sep 9, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment