Professional Authors

ဆွဲအားကောင်းတဲ့ ဘဝ ကောင်းကင်

  

ဆွဲအားကောင်းတဲ့ ဘဝ ကောင်းကင်

 
ကိုယ့် ဘဝ အမြင်မှာ…

ကျဉ်းမြောင်းတယ် ကျယ်လွန်းတယ်ဆိုတာ

ခွဲခြားနိုင်တဲ့ စွမ်းအားတွေ မကွယ်ပျောက်စေနဲ့…


ရှေ့တိုး မလား နောက်ဆုတ် မလား

ကိုယ် ကိုယ်တိုင် မသိနိုင်သေးတဲ့အခါ

ပရိယာယ်များလွန်းတဲ့ နှောင်ကြိုးတွေထဲမှာ

ဆုပ်ကိုင် ရစ်ပတ်မမိစေနဲ့…


အနိုင် အရှုံး နှစ်ခုကြားမှာ

ကိုယ့် ကိစ္စနဲ့ ကိုယ် ဗျာများနေတဲ့အခါ

မာယာတွေ ခင်းကျင်းတဲ့

ကျော့ကွင်းမှာ ကျင်လည် ကျက်စားမနေပါနဲ့..


လေလာရာကို ယိမ်းနွဲ့တတ်တဲ့

အတွင်း အပြင် နှစ်ခုဟာ

ထာဝရ မတည်မြဲဘူးဆိုတာ သိခဲ့ရင်

လွတ်လွတ် လပ်လပ် ပျံသန်းတာ

အကောင်းဆုံး ပျံသန်းခြင်းပါပဲ…။



ငုတ်မိ သဲတိုင် တတ်နိုင် ဖျားရောက်ပေါ့…

ဘဝနဲ့ မကိုက်ညီတဲ့အခါ

ကိုယ့် ဒူးကို ကိုယ် ချွန်လို့

ကိုယ့်ဝန် ကိုယ်ထမ်းရင်း

အချိန်ဆိုတာ…

ကုန်မှန်းမသိ ကုန်ဆုံးသွားပါလိမ့်မယ်…။


ဒါပေမဲ့…

ဘဝကို အိတ်သွန် ဖာမှောက်ပြီး

ကမ္ဘာမြေကြီးပေါ်မှာ အန်ချလိုက်တဲ့အခါ

ဆန္ဒတွေဟာ ဒီမြေပေါ်မှာ ဆန့်မယ်မထင်ပါဘူး…။


သို့သော်…

လိုရင်းကို ဖြည့်စွတ်

ပိုနေတာတွေ စွန့်ပစ်လို့

အမြင့်တတ်ဖို့ ကြိုးစားနေတုန်း

တော်တာ မတော်တာ မစဉ်းစားပဲ

ရူးသွပ်မှုကို ဦးစားပေးခဲ့ရင်တော့

အမှားဆိုတာ ဖြစ်လာမှာပေါ့..။


တခုတော့ ရှိတယ်..

သည်ခရီးဟာ မပြီးဆုံးသေးဘူး…

ခန့်မှန်းရခက်လွန်းလို့ မရေရာ မသေချာနဲ့

ကွယ်လွန်သွားတဲ့ နေ့ရက်တွေဟာ

အတိတ်ရဲ့ သမိုင်းဖြစ်ခဲ့

တွေးလိုက်တိုင်း ကျေနပ်မှု မရှိတဲ့

ဘဝ အစိတ်အပိုင်းဟာ

နာရီတွေသာ ကုန်ဆုံးသွားခဲ့တယ်…။


ဒါပေမဲ့…

ဖြစ်ချင်သလို မဖြစ်နိုင်ပေမဲ့

ဖြစ်သင့် ဖြစ်ထိုက်တဲ့

ဘဝဆိုတဲ့ နာရီ လက်တံပေါ်မှာ

ရလာဒ်ကောင်းတွေကို

အကောင်အထည် ဖော်ဆောင်နေတုန်း…။

 

 
တက္ကသိုလ်မြတ်မင်း 

 

In: ကဗျာ Posted By: Date: Sep 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment