Professional Authors

ခင်ဗျား ကိုယ်တိုင် ကဗျာလား ?


အစီအစဉ်တကျ မရှိ
အတိုင်းအဆ မသိ
ခံစားချက်ပေါင်းစုံ အတွက်
စကားလုံး မလုံလောက်တော့သလို
မြည်သံစွဲတွေ ထပ်ဖြည့်လို့
အသည်းကွဲမှ ကဗျာလား?

ပေါက်ကွဲသံစဉ်တွေ
တရကြမ်း ဖြည့်သိပ်လို့
ခပ်ကြမ်းကြမ်း ဒဲ့ဖိမှ ကဗျာလား?

အကောင်းလောကဓံမှာ
အချစ်ကြွေးတွေ ပေးဆပ်လို့
စွဲလမ်းရသ တသသ ကဗျာလား?

သမိုင်းထွက်
ကျောက်စာတစ်ချက်လို..
ပကာသနမဖက် သဘာဝမက်တဲ့
စုတ်ချက်တစ်ချက်လို..
အရောင်စုံတဲ့ ကဗျာ လား?

ရုန်းကန်ရင်း ပေါက်ကွဲထွက်လာသလို..
ခံစားရင်း သီဆိုနေသလို..
ကြိုးညှိရင်း တေးသီနေသလို..
ငို ရယ် မဲ့ ပြုံး
စွယ်စုံသုံးနိုင်တဲ့ ကဗျာ လား။?

တကယ်တော့
ကဗျာဝိဥာဉ်အစစ်ဆိုတာ
ဘာလဲ ?

မေးခွန်းတွေ ထပ်ပြီးရင်းထပ်
လိုအင်တစ်ခုအတွက်
ခဏတာ ချသုံးပေးမယ့်
ရုပ်ထွက်တစ်ခုမဟုတ်သင့်တဲ့
ကဗျာ………………………
တစ်ခဏတိုင်း မှတ်မှတ်ရရဖြစ်စေမယ့်
စိတ်ရဲ့ ထွက်ပေါက်တွေတိုင်းကို
တစ်ယောက်တစ်မျိုးစီ ရွတ်ဆိုတတ်တဲ့
ကဗျာ………………………
နေ့တွေတိုင်းက စကားလုံးတွေသာ ဖြစ်ခဲ့မယ်ဆိုရင်
မနက်ဖြန်အတွက်
ခင်ဗျား က ဘယ်လို ရသပေးမှာလဲ ?
ခင်ဗျားကိုယ်တိုင်က ကဗျာတစ်ပုဒ်လား ?
……………………..…………
လေးစားစွာ
~HM@မေချစ်ခင်(28-Aug-13)
❤ Poems ❤ Also join @–►www.facebook.com/maychitkhinpoems

In: ကဗျာ Posted By: Date: Aug 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment