Professional Authors

ညီမလေး ဖတ်ဖို့ ရင်ခုန်သံ အမှတ်(၂)

(၁)
ပြီးသွားခဲ့ပါပြီ  ညီမလေးရေ
အဲ့ဒီ လေစိမ်းတွေ
ခပ်ကြမ်းကြမ်း ထိုးခွဲတာခံလိုက်ရတဲ့ နေ့က
ငါ့ သစ္စာတရားတွေပုံအောထားတဲ့
အဖြူရောင် သံယောဇဉ်တချို့ကို
နင်”ဇာတ်သိမ်းခန်း” လို့ ခေါင်းစဉ်တပ်လိုက်တယ်
အဖြစ်အပျက်တွေဟာ  သူ့နေရာနဲ့သူပါပဲ ကွယ်
ငါရေးနေတဲ့ ဘီလူးချော့တေးလည်း
ငါ့ကိုယ်ငါပြန်ဆိုပြခဲ့ပြီးပြီ
ငါဟာ ကြိုးကွင်းစွပ်အိပ်မက်တွေပဲ မက်ခွင့်ရတဲ့
ဒဏ်ရာသံတွေ လှိုင်နေတဲ့အရပ်က
ရာဇဝတ်သား တစ်ယောက်ရယ်ပါကွယ်
မေ့ပစ်လိုက်ပါတော့ ညီမလေးရေ
ဒါတွေအားလုံးကို နင်ဆက်ဆက် မေ့ပစ်လိုက်ပါ
တစ်ချိန်က ငါပြောပြဖူးတဲ့ ပုံပြင်လေးလို့သာ
သဘောထားလိုက်ပါကွယ်။        ။

(၂)
ဆက်မရေးဖြစ်တော့တဲ့
ကိန္နရီ ကိန္နရာ ကျောက်စာတွေအကြောင်း
မျက်ရည်တွေ စိုနေမယ့်
နင်မမှတ်မိတော့တဲ့ အင်္ဂါထောင့်လေးအကြောင်း
(ပြီးတော့)
ဗီလိန်လေး သိပ်ချစ်ခဲ့တဲ့ မင်းသမီးလေးအကြောင်း
ဒါတွေကို ငါထပ်ပြီး ပြောမပြရက်တော့ဘူးကွယ်
တကယ်ဆို ငါဟာ တိတ်ဆိတ် နေခဲ့သင့်တယ်။     ။

(၃)
အဆုံးသတ်ပေးနိုင်ဖို့အတွက်
အဝေးကို ပျံထွက်ခဲ့ပေမယ့်
ချစ်ရတဲ့သူရယ်…..
ငါ့မျှော်လင့်ချက်တွေဟာ
နင်ရှိတဲ့အရပ်မှာ ဝဲ လို့
ကျေနပ်လိုက်ပါတော့ကွယ်
ငါတို့အရင်က
လက်ချောင်းလေးတွေ ဖွက်ကစားခဲ့သလိုမျိုး
ငါ နင့်ကို မတွေ့အောင် ရှာရဦးမယ်။        ။

(၄)
ကိုယ့်ကိုယ်ကို ပြန်မျှားဖို့ အတွက်
ကိုယ် ကြိုက်တဲ့အစာ ကိုယ်ပြန်ရှာခဲ့ရသလိုပဲ
ငါ့ရင်ကိုခွဲမယ့်ဓားကို
ငါ့ပါးပေါ်တင် ငါ့မျက်ရည်တွေနဲ့သာ သွေးလိုက သွေးစေတော့
ပိုးဖလံတွေရဲ့ ရဲစွမ်းသတ္တိလိုမျိုး
မီး ကိုပဲ တိုးပါရစေ ညီမလေးရယ်
ငါတို့ အရင်က နားထောင်ခဲ့ဖူးတဲ့ ပုံပြင်လေးထဲကလိုပဲ
နင်ဟာ ငါ့ရဲ့ နောက်ဆုံး သစ်ရွက်ကလေး ဖြစ်တယ်။        ။

(၅)
စိတ်ကူးတွေနဲ့  ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်
ရုတ်တရက် ဆေးပြယ်သွားတယ် ညီမလေးရေ
ငါကြားဖူးခဲ့တာတွေသာ မှန်ခဲ့ရင်
လူဘဝဆိုတာ တိမ်တွေလိုပါပဲကွယ်
ဆုံစည်းရလိုက် ခွဲခွါရလိုက်နဲ့
အခိုးအငွေ့ သိပ်ဆန်လွန်းတယ်
နင်ဟာ ကောင်းကင် တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ အဲ့ဒီကောင်းကင်မှာ ချိတ်ဆွဲထားတဲ့
ကြယ်တံခွန်လေး ဖြစ်ချင်တယ်
နင့်အတွက်  ခြစ်ကုတ် ပြီး လင်းလက်ပေးပါရစေ။    ။

(၆)
ဧဒင်သစ်ဆီမှာ ပျံဝဲနေမယ့် လိပ်ပြာမလေးအတွက်
မျက်ရည်တွေ ရွှဲနေတဲ့ ဥယျာဉ်ကြီးလည်း
လက်မပြတော့ဘူးကွယ်
ပန်းခင်းတဲ့ လမ်းထက်က
ပန်းကျဲသောလက်ဖဝါးတစ်စုံအတွက်တော့
ပန်းရနံ့တွေဝေဆာနေတဲ့ အိပ်မက်တွေပဲ မက်သင့်ပါတယ်
ချစ်ခြင်းတရားဆိုတာ
မြေနိမ့်ရာ လှံ စိုက်တတ်တယ်လို့ပဲ ယုံကြည်ခဲ့ပါရစေ
သေချာတာ က
ငါ မမုန်းဘူး
နင့်ကို ဘယ်တော့မှ မမုန်းဘူး။       ။

(၇)
နင့်နှုတ်ခမ်းတွေကနေ စာလုံးပေါင်း ခဲ့ဖူးတဲ့
စိတ္တဇနမ်တွေအကြောင်းလည်း
ငါ ထပ်မမေးရဲတော့ဘူးကွယ်
ငါ့အခန်း မျက်နာကျက်ပေါ်က
နင့်ပုံရိပ်ခပ်ဟောင်းဟောင်းလေးတွေက
ငါ့မျက်ရည်တွေကို ခပ် ခပ် ပြီးယူလိုက်တိုင်း
ငါ ရင်ခွင်မှာ နင့် နမ်စားလေး  မြည်သံစွဲ သွားတယ်
ဆက်မရူးရဲတော့ဘူးးးးးးကွယ်
ငါမျော်လင့်တာက
ညီမလေးဆိုတဲ့ အဲ့ဒီ လေးပေသုံး(၄’ ၃”)လေး
ငါ့ ကောင်းကင်က ဘယ်တော့မှ ကြွေကျ မသွားဖို့ပဲ။       ။

(၈)
ဗီးနပ်စ် ကိုရည်စူး ပြီး
ဒီစာကို တိုးတိုးလေးဖတ်ဖို့ ငါနင့်ကို ပြောခဲ့ဖူးပါတယ်
တိတ်ဆိတ်နေခြင်းဟာ ငါ့အတွက် ဆေးတစ်ခွက်လိုပဲ
ဒါကြောင့်မို့ ငါ့နှလုံးခုန်သံ စိတ် စိတ်တွေကို
နင်ကြားမိမယ် မထင်ဘူးကွယ်
ဆက် မ မက်ဖြစ်တော့တဲ့ အိပ်မက်တွေကို
မြေမြုပ်ပစ်ဖို့ကြိုးစားရင်း
တချိန်က နင်ပေးခဲ့တဲ့ နင့်လက်ရေးလေးတွေကို
ခပ်နွမ်းနွမ်း အင်္ဂါထောင့်လေးမှာ
ငါတိုးတိုးလေး ပြန်ဖတ်ဖြစ်သေးတယ်။       ။

(၉)
ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေစာပင်လေးကို အားကျတယ်
အနိုင် အရှုံး မသဲကွဲဖို့ အတွက်
စစ်တုရင်ခုံ တစ်ခုလုံး ကိုဆွဲ လှန် မှောက် ပစ်ဖို့ထက်
ငါ နင့်ကို  အမြဲ အနိုင်ပေးချင်ခဲ့တာက ပိုပါတယ်ကွယ်
အချစ်ဆိုတာ စနစ်တကျလွဲချော် တတ်တဲ့အရာဆိုရင်
နင်ဟာလည်း ကံကြမ္မာအတိုင်း လိုက်ပြီးမှားခဲ့သူပါပဲ
ဘယ်လိုပဲဖြစ်ဖြစ် ရွှေယုန်လေးအတွက်
ရေတွင်းထဲက ကျားဆိုတာကို
ငါယုံကြည် ပေးခဲ့ရပြန်ပြီ။        ။

(၁၀)
နင်ဟာ မြစ်တစ်စင်း ဖြစ်ခဲ့ဖူးတယ်ဆိုရင်
နင် ကွေးကောက်သမျှ ငါလိုက် စီးဆင်းပေးခဲ့တာကိုယုံ
အသွေးအသားထဲ အထိ နစ်ဝင်ခဲ့ဖူးတဲ့ နင့်အား
ငါ ဘယ်ပုံဘယ်နည်းနဲ့ အသက်ရပ်လို့ရမလဲ ငါ့လည်ဆွဲရယ်
(သေချာတာက)
ဗီလိန်လေးဟာ မင်းသမီးလေးကို သိပ်ချစ်ခဲ့တယ်။         ။

(၁၁)
တစ်ချိန်က နင့်ကိုငါ ပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးလိုပါပဲကွယ်
နောက်ဆုံးမှာ မင်းသမီးလေးဟာ
တော်ဝင်မင်းသားလေးနဲ့ ထိမ်းမြှားဖို့အတွက်
ဗီလိန်လေးကို ထားသွားခဲ့တယ်…….
…………………………………………။

ဇော်သက်ဦး
2:32PM
(11.8.2013)။
________________________________________________________________________________________
Visit : http://www.zawthetoo.tk/2013/08/blog-post_11.html

In: ကဗျာ Posted By: Date: Aug 12, 2013
Comment #1

တစ်ချိန်က နင့်ကိုငါ ပြောပြခဲ့ဖူးတဲ့ ပုံပြင်လေးလိုပါပဲကွယ်
နောက်ဆုံးမှာ မင်းသမီးလေးဟာ
တော်ဝင်မင်းသားလေးနဲ့ ထိမ်းမြှားဖို့အတွက်
ဗီလိန်လေးကို ထားသွားခဲ့တယ်…….
…………………………………………။
အားပေးသွားပါတယ်နော်

commentinfo By: နွေ at Aug 13, 2013
Comment #2

ကိုယ့်ကိုယ်ကို ပြန်မျှားဖို့ အတွက်
ကိုယ် ကြိုက်တဲ့အစာ ကိုယ်ပြန်ရှာခဲ့ရသလိုပဲ
ငါ့ရင်ကိုခွဲမယ့်ဓားကို
ငါ့ပါးပေါ်တင် ငါ့မျက်ရည်တွေနဲ့သာ သွေးလိုက သွေးစေတော့
ပိုးဖလံတွေရဲ့ ရဲစွမ်းသတ္တိလိုမျိုး
မီး ကိုပဲ တိုးပါရစေ ညီမလေးရယ်
ငါတို့ အရင်က နားထောင်ခဲ့ဖူးတဲ့ ပုံပြင်လေးထဲကလိုပဲ
နင်ဟာ ငါ့ရဲ့ နောက်ဆုံး သစ်ရွက်ကလေး ဖြစ်တယ်။ ။

ငါမျော်လင့်တာက
ညီမလေးဆိုတဲ့ အဲ့ဒီ လေးပေသုံး(၄’ ၃”)လေး
ငါ့ ကောင်းကင်က ဘယ်တော့မှ ကြွေကျ မသွားဖို့ပဲ

နင်ဟာ မြစ်တစ်စင်း ဖြစ်ခဲ့ဖူးတယ်ဆိုရင်
နင် ကွေးကောက်သမျှ ငါလိုက် စီးဆင်းပေးခဲ့တာကိုယုံ

အကြိုက်ဆုံး စာသားတွေပါပဲ ကိုဇော်သက်ဦးရေ..။

commentinfo By: သစ်ခက် at Aug 14, 2013
Comment #3

အားပေးသွားတဲ့ သူတွေကို ကျေးဇူးအထူးတင်ပါတယ်ဗျာာ။ ဒါနဲ့ သစ်ခက် က ယခင် နိုးဆက် မဟုတ်လား။

commentinfo By: ဇော်သက်ဦး at Aug 15, 2013
Comment #4

ဟုတ်ပါတယ်အကို ကျနော် နိုးဆက်ပါ.. အခု Facebookမှာ ရေးဖြစ်တဲ့အခါ သစ်ခက်လို့နာမည်ပြောင်းလိုက်တာပါ…

commentinfo By: သစ်ခက် at Aug 15, 2013
Comment #5

Facebook မှာရေးတယ်ဆိုတော့ ကောင်းပါတယ် ကျွန်တော်လည်း ရေးပါတယ်။
http://www.facebook.com/zawthetoo ကိုအပ်ပေးပါ နိုးဆက်။

commentinfo By: ဇော်သက်ဦး at Aug 15, 2013
Comment #6

ညီမလေးဖတ်ဖို့ ဆိုပေမယ့် ကျွန်တော်လည်း ၀င်ဖတ်သွားတယ်

ဒီကဗျာလေးမှာတော့ မန့်ဖြစ်ခဲ့တယ်…အရင်အရေးအသားတွေထက် ပိုမိုက်လာတယ်

ကြိုက်စ်

commentinfo By: အသဲကွဲ မိုး at Aug 16, 2013
Comment #7

ကျေးဇူးတင်ပါတယ် မမိုး။ ကျွန်တော်လည်း စာဖတ်သူ နှစ်သက်မယ့် ကဗျာတွေပဲ ရေးချင်ပါတယ်။ ကျွန်တော့် ဘယ်ကဗျာကို မဆို လိုအပ်ချက်ရှိနေမှာပါ ။ မမိုး တို့ ဝေဖန်ပေး ပါလို့ တောင်းဆိုပါတယ်။

commentinfo By: ဇော်သက်ဦး at Aug 16, 2013
Comment #8

အစအဆုံးကိုနှစ်သက်စွာခံစားသွားပါတယ် Bro
ကဗျာကောင်းလေးတစ်ပုဒ်ပါ … ။ 🙂

commentinfo By: loafer at Aug 16, 2013
Comment #9

လူ့ဘဝဆိုတာ တိမ်တွေလိုပါဘဲ ” မှန်လိုက်တာ like 🙂

commentinfo By: Tway at Aug 17, 2013
Comment #10

အချစ်ဆိုတာ စနစ်တကျလွဲချော်တတ်တဲ့အရာ
အရမ်းမိုက်တယ်ဗျာ အရေးအသားက
အားပေးသွားပါကြောင်း ~

With respect,
RAY

commentinfo By: X - ray at Aug 18, 2013
Comment #11

အားလုံးကို ကျေးဇူးပါဗျာာ။ အားရှိစရာပါ။

commentinfo By: ဇော်သက်ဦး at Aug 18, 2013
Comment #12

အရမ်းမိုက်တယ်ဗျာ….အားပေးနေတ.်ဗျို. 😀

commentinfo By: tabound at Aug 24, 2013
Comment #13

အရမ်ခံစားရတယ်ကွာ

commentinfo By: khinelay at Aug 24, 2013
Comment #14

ဟုတ်..။ အားလုံး ကျေးဇူးပါခင်ဗျ။

commentinfo By: zawthetoo at Aug 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment