Professional Authors

13 နာရီ 13 မိနစ်

ပန်းတို့သည်ကား ပန်ဆင်သူအား ရွေးချယ်ပိုင်ခွင့်မရှိ..

No Flower is allowed to choose its owner.

(1) တားမြစ်နယ်မြေဖြစ်တယ်…

စိတ်အင်အား စေတသိတ်နဲ့

အသေပိတ်ထားတဲ့နယ်ပယ်..

အဘယ့်ကြောင့် သူမသည် ၀င်ရောက်ခဲ့သနည်း..။

 

(2) ဖိနပ်သံသည် ကြမ်းလွန်း၏။

တစ်လှမ်းချင်းမှာ အင်အားပါသည်..

စစ်သည် တစ်သိန်း၏ အားအင်မျိုးကို

ဖိနပ်ကြိုးနှင့်တွဲချည်ထားသော မိန်းမဖြစ်၏

သူမ..မည်သူနည်း..။

 

(3)

ဇွန် ၇ ရက်၏ မိုးစက်များကို

ကျောပိုးအိတ်ထဲမှ သူမဆွဲထုတ်လိုက် သည်..

တောက်ကြွားသော ဆံပင်များကို ဖြတ်ခနဲခါရင်း

သီချင်းကို တိုးတိုးညင်းညင်းဆိုနေ၏..

မည်သူနည်း

ထိုမျှ ရဲတင်းသော မိန်းမသည် မည်သူနည်း။

 

(4)

သရော်လိုသော မျက်ဝန်းများက လင်းချင်း ထင်ရှားလှချေရဲ့။

ခနဲ့တဲ့တဲ့ အပြုံးကို နှုတ်ခမ်းနှစ်လွှာကြားမှာပင် ကျွမ်းကစားပြသည်

အဘယ်သော ယုံကြည်ခြင်းတို့သည်

သူမ ဦးခေါင်းကို လိုသည်ထက် ပိုမော့ထားစေသနည်း..။

 

(5) သေဆုံးရတော့မဲ့ ရာဇ၀တ်သားလို

ကြွေလွင့်ရတော့မဲ့ ကြယ်မွှားတစ်လုံးလို

အလင်း ဆိတ်သုဉ်းတော့မဲ့ မီးရှုးတစ်စ လို

ကိုယ့်ကို သူမကြည့်ခြင်းဖြစ်၏

တူညီသော သတ္တိသည်ကား ကိုယ့်မှာမရှိခဲ့.

ခေါင်းငုံ့ထားခဲ့ရသည်။

 

(6)

ဤမိန်းမ၏ မျက်ဝန်းများသည် ရှည်လျား၍

မျက်တောင်တို့ကား ကွေးညွှတ်ထင်ရှားလှ၏။

ဒဏ္ဍာရီပေါင်းများစွာကိုလည်း

ဆံနွယ်တွေထဲ သိုဝှက်ထားခဲ့ဟန်တူသည်။

ခြေလှမ်းတွေက ပန်းတို့ဖြင့် စကားပြောသည်အထိ

ဝတ်ရုံဖြူဖြူက မြူတို့နှင့် ဆော့ကစားသည်အထိ

အသက်ရှုသံငွေ့ငွေ့က

လေညင်းတို့နှင့် ထိတွေ့ပျော်ဝင်ကြသည်အထိ

ကိုယ်ငေးကြည့်နေမိ၏။

 

(7)

ဟော..

ခပ်တည်တည်ဖြင့် ပီကေတစ်ခုထုတ်ဝါးနေပြန်ပြီ…။

 

(8)

ရိုင်းစိုင်းဆိုးသွမ်းသော ကလေးတစ်ယောက်နှင့်တူစွာ

သိမ်မွေ့ ကျွမ်းကျင်သော သူသတ်တစ်ယောက်နှင့်တူစွာ

ထက်လှစွာသော ဓားတစ်လက်နှင့်တူစွာ

ခြောက်ခြားဖွယ်လည်း ရှိလွန်းသောမိန်းမဖြစ်၏။

 

(9)

ဟီရိုးရှီးမားမှာကျသော အနုမြူဗုံးမှ ၀င်စားသော မိန်းမ ဖြစ်သလား

(ဒါမှမဟုတ်)

ကင်ဂျုံအီရဲ့ စမ်းသပ်မှုမှာ ဖွားမြင်လိုက်သော မိန်းမဖြစ်သလား

(ဒါမှမဟုတ်)

နတ်ဘုရားယောင်ဆာင်တဲ့ စုန်းကဝေမ ဖြစ်သလား

ဒါမှမဟုတ်)

စုန်းကဝေယောင်ဆောင်တဲ့ နတ်ဘုရားမဖြစ်သလား.။

ကိုယ့်ရင်ခွင် တားမြစ်နယ်မြေပေါ် သူမ ကျူးကျော်ခဲ့လေပြီ…။

 

(10)

လက်နက် မပါသော ထိုသူမသည်

သယံဇာတမရှိသော မြေပေါ်

အဘယ့်ကြောင့် မဖိတ်ခေါ်ပဲ လာခဲ့သနည်း။

ဘုရားသခင်၏ လက်တော်သည်

အဘယ့်ကြောင့် တားမြစ်ဆီးကာခြင်း မရှိခဲ့သနည်း။

နှလုံးသားထံမှ အရေးပေါ်သတိပေးချက်ကို ဖတ်ရန်

အဘယ့်ကြောင့် ကိုယ်မေ့လျော့ခဲ့သနည်း..

ကိုယ့်ကောင်းကင်မှ ကြယ်တို့သည်

သူမဆံနွယ်ပေါ် အဘယ့်ကြောင့် ကြွေဆင်းလိုကြသနည်း..။

 

(11)

တောက်ပ စိုရွန်းသော မျက်ဝန်းတို့ဖြင့်

ထိုသူမသည် ကိုယ့်အားမော့ကြည့်ခဲ့လေပြီ.

. ကိုယ်သေရတော့မည်လော..

 

(12)

ကိုယ်…..သေ….ရ….တော့…..မည်…..လော……။

 

(13)

ဘုရားသခင်..

ကိုယ့်ရင်ခွင်ပေါ်သက်ဆင်း၍

ထိုမိန်းမ၏ နာမည်အား ရေးထွင်းတော်မူပါလော့

ပျက်ပြယ်ခြင်းကား အလျဉ်းမရှိပါစေ.။

 

နမ်းရှိုက်ခံရသောအခါ ပန်းသည် ကြွေပျော်၏

A flower is pleasant to fall when it is kissed.

 

နိုးဆက်

In: ကဗျာ Posted By: Date: Jun 16, 2013
Comment #1

တော်တော် ကျူးကျူးကျော်ကျော်နိုင်လွန်းတဲ့ မိန်းကလေးပဲ ကိုနိုးဆက်ရေ။

commentinfo By: ဇော်သက်ဦး at Jun 16, 2013
Comment #2

မိုက်တယ် ကိုဆက်

အားပေးလျက်ပါ။

commentinfo By: ပန်း at Jun 16, 2013
Comment #3

အား​ပေးသွားတယ်​ဗျ

commentinfo By: မာန်​ခက်​ဝင့်​ at Jun 17, 2013
Comment #4

သူမဟာ မျက်ဝန်းကတစ်ဆင့် အနက်ရှိုင်းဆုံးနှလုံးသားထိ
စီးဆင်းသွားခဲ့ပြီ. . သူမအား အသင်သာလျှင်ဖိတ်ခေါ်သူဖြစ်၏ 🙂

မိငြိဏ်းခက်

commentinfo By: မိငြိဏ်းခက် at Jun 21, 2013
Comment #5

🙂

commentinfo By: 13th at Jun 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment