Professional Authors

တစ်စစီ ကောက်တပ်ထားသော ကျွန်တော့် ကော်ပတ်ရုပ်ကလေး

(၁) တစိတ်တပိုင်းလောက်တော့
ငါမယူတော့ပါဘူး
သူတဝက် ကိုယ်တဝက်နဲ့
ထက်ပိုင်းပြတ်ခံစားချက်တွေ
ကိုယ်စီ ကိုယ်ငှ
နင်ဘဲ အပြည့်ဝ ပျော်ပါစေတော့

(၂) ကိထ္ထိရ ကမ်းပါးမှာ
အိပ်မက်ကို ရွက်ကုန်ဖွင့်
ဘဝနဲ့ တက်ကုန်ခတ်
ရင်ဘတ်မှာ ချစ်ခြင်းလို့
ရေးထွင်းတဲ့ လှေငယ်
ဟိုးရှေ့ ဆိပ်ကမ်းမှာ
သစ္စာတွေ အပြည့်ခပ်မယ်

(၃) ကျေးဇူးပြု၍ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ
ကျေးဇူးပြု၍ ကျွန်တော့်ကို ဥပက္ခာပြုပေးပါ
ကျေးဇူးပြု၍ ကျွန်တော့်ကို ဘေးဖယ်ပေးပါ
ကျေးဇူးပြု၍ ကျွန်တော့်ကို ချန်လှပ်ပေးပါ

ဒါမှမဟုတ်
ကျေးဇူးပြု၍ ကျွန်တော့်ကို စောက်ရူးလို့ ပြောပါ

(၄) နှလုံးသားက တစ်ရှိုက်
ကျွန်တော်က တစ်ရှိုက်နဲ့
အဲ့ဒီစီးကရက်ကို ကိုက်ထားတဲ့
နှုတ်ခမ်းထောင့်မှာ သွေးတွေအုံ့လာပြီ

(၅) မနေ့က မိုးမအုံ့ဘူး
ငါတစ်ယောက်ထဲ
သည်းသည်းမဲမဲရွာချလိုက်တယ်
ဒါကြောင့်
ဒီနေ့ ငါ့ခေါင်းအုံးလေး နေပူလှန်းထားရတယ်

(၆) အလွမ်းတော့အလွမ်းဘဲ
ကိုယ်တိုင် မွေးဖွားထုဆစ်ခဲ့ရတော့
အလွမ်းဟာ လွင့်မပစ်ရက်နိုင်အောင်
လွမ်းစရာကောင်းနေတယ်

(၇) ကောင်းသောမနက်ခင်းပါ

နှုတ်ဆက်ဖို့
နှုတ်ပျက်နေသော
ပါးစပ် လူမှုရေးမှာ
ထမင်းငတ်ခဲ့ပြီ
ဒီနေ့သည် ငါ မဟုတ်ခဲ့

(၈) ချစ်သူကတော့
ခွင့်တောင်းပါတယ်
မှတ်မှတ်ရရ
စာတစ်တန် ပေတစ်တန်
ခွင့်မပြုခဲ့လို့
ခွဲခွာခြင်းဟာ
ငါရေးထိုးထားသော လက်မှတ်

(၉) အလိုက်မပေးဘဲ

အသဲကွဲခဲ့တယ်
အိနြေ္ဒမရဘူးဆိုပြီး
ခြောက်ကြိုးပေါ်
ပုလင်းလျှောက်တော့
သီချင်းနာမည် ၂၅

(၁၀) လင်းတော့လင်းနေတယ်
နယူတန် မသိခဲ့ဘူး
ဟဲမင်းဝေး မရေးခဲ့ဘူး
ဘော့စတွန် မဆိုခဲ့ဘူး

ငါ့ဟာငါ ငိုခဲ့တာဘဲ
သမိုင်းဟာ ပထဝီပေါ်မှာ
ငိုချင်းရှည်နဲ့ အတည်တကျ ။

(၁၁) သွေးနဲ့ မရေးခဲ့ဘူး

ဒါပေမဲ့ အက္ခရာတိုင်းက
ရိုင်းခဲ့တယ်
အမှားပြင်ဆင်ချက်မှာ
ရဲခဲ့တယ်လို့ ဖတ်ပေးပါ

(၁၂) ကံကြမ္မာကို မိုးကြိုးပစ်ချမှ
ဘဝမှ ထ က တယ်
မင်းတကယ်ပျော်နေပြီလား
ငါ မ သိ ဘူး …

(၁၃) လုပ်သလိုဖြစ်မလာတဲ့အခါ
ဖြစ်သလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်
ဖြစ်သမျှအရာတိုင်း ငါလုပ်ခဲ့တာ

(၁၄) ကောင်မလေးရေ …
အိပ်မက်နဲ့ တွက်တဲ့ပုစ္စာထဲ
အနန္တကိန်းထွက်တဲ့
သခ်ာၤဟာ ငါပါဘဲ …

(၁၅) မြက်ဖျားကနေလျှောကျသွားတဲ့
နှင်းရည်စက်ကလေးကို
မြက်ပင်လေးက ကိုင်းနေအောင်လွမ်းသလို
ငါကလည်း မျက်ရည်တွေ ဝိုင်းနေအောင် လွမ်းတယ်

(၁၆) မနက်ဖြန်ရဲ့
ပြုစားခြင်းမှာ
ငါဟာ အငွေ့သက်သက်
တိတ်တခိုး လောင်ကျွမ်းရသူ

(၁၇) ဖြစ်နိုင်ရင်

ငါ့အတိတ်တွေ

အားလုံးကို

မှင်နီနဲ့

ကန့်လန့်ခြစ်ပြီး

“ တစ် ” လို့

ထအော်ပစ်လိုက်ချင်တယ် …

(၁၈) အနုပညာမြှောက်မမြှောက်တော့မသိဘူး
ငါကောက်လာတဲ့ ခရေပန်းခြောက်လေးတွေမှာ
မီးတောက်နေတဲ့ အိပ်မက်တွေကပ်ပါလာတယ် …

(၁၉) ခြသေ့င်္တော့ ခြသေ့င်္ပေါ့
လည်ဆံမွှေးမပါတော့တာတော့
ခေတ်ပြောင်းလာလို့ မဖြစ်နိုင်ပါဘူးလေ
ငါကတော့အခုချိန်ထိ
ကြွေကျသွားတဲ့ ထန်းသီးပေါ်မှာ
ဘယ်ကျီးနားသလဲ ခြေရာရှာနေမိတုန်း

(၂၀) ကိုရွှေဘုန်းကပြောတော့
လူပါကွယ် နည်းနည်းနဲ့ ကျဲကျဲတော့ စိတ်ညစ်တာပေါ့ တဲ့
ငါလည်း လူပါဘဲကွယ် နည်းနည်းနဲ့ ကျဲကျဲတော့ ဆဲဖြစ်မှာပေါ့

(၂၁) နင်အော်ပေးလိုက်တဲ့ ကျောက်ရုပ်အသံမှာ
ဘယ်သူလာပုတ်ပုတ် ကျောက်ဖျက်လုပ်မရတော့
အဲ့ဒီကစားပွဲက ငါအလိုလိုထွက်လိုက်ရပြီ

နေမင်းဝေး (ခ) မောင်ရေခဲ
အခိုက်အတန့် ရေးမိသော ကဗျာတိုလေးများ စုစည်းမှု

In: ကဗျာ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment