Professional Authors

ဗီးနပ်စ်၏ သမီးပျိုအား – ရည်စူးကျောက်စာများ

ငါရှာနေတာ ကဗျာမဟုတ်ဘူး …
ငါ့ဘဝတစ်လျှောက်ပြိုးပြိုးပြက်ပြက်နဲ့ …
အပြိုင်အဆိုင်လင်းလက်ကြမယ့် နေမဝင် ကောင်းကင်တစ်ခု …

ငါရေးနေတာ ကဗျာမဟုတ်ဘူး …
လူတိုင်း အမြတ်တနိုးထားနေတဲ့
ရတနာသိုက်ကြီးတစ်ခုအကြောင်း …

ငါဖယ်တွယ်နေတာ ကဗျာမဟုတ်ဘူး …
အလှဘုရင်ဗီးနပ်စ်ရဲ့ သမီးပျိုအတွက် ထွန်ယက်စိုက်ပျိုးထားတဲ့ …
မရင့်မှည့်သေးတဲ့ လှပျိုမှုတွေ …
(၂)
ငါ့ကို လှဲပြိုလိုက်ပါ ကောင်မလေးရာ …
သူစိမ်းဆန်တဲ့ အရေးအသားတွေနဲ့ ငါ့ကလောင်တွေကို
ရိုက်ချိုးပစ်လိုက်စမ်းပါ …

နောက်ထပ် ငါ့ကို …
မျက်ရည်နဲ့ ဂမ္ဘီရဆန်ဆန် အကြည့်တွေသာ
အပ်နှင်းလှည့်ပါ …

ဒီကောင် …
အသည်းကွဲသမားရဲ့ ကြမ်းပြင်မှာလေ …
နှင်းမကြွေဘူး …
မိုးမဝေဘူး …
နေမသာဘူး …
ခပ်ဖျော့ဖျော့မျက်ရည်တွေကတော့ အချိန်တိုင်းအတွက်ပေါ့ …
အဖြူရောင်တစ်စင်း ပက်ပင်းတိုးမိရင်လည်း …
ဒီကောင်မျက်လုံးက ငိုမှာပဲ …
အနီရောင်တစ်လုံး ပြုံးတာတွေ့မိရင်လည်း …
ဒီကောင့်မျက်ရည် ပြိုမှာပဲ …
ဆက်လက်ပြီး ဒီကောင်ကတော့ …
အချိန်တိုင်းအတွက် …
“ပါးပြင်နှစ်ဖက်ရဲ့ စိုစွတ်ခြင်း …” ပဲ …။
(၃)
နံပါတ်စဉ်မတပ်ရသေးတဲ့ ရာသီသုံးပါး …
ပြုံးထားစမ်းပါ …
အမြဲလိုလို …
သစ်ရွက်တွေပေါ်မှာ ပြိုလဲနေတဲ့ ငါ့အတွက် …
အမြစ်ကြီးကြီးတစ်ခုကို ဆုပ်ကိုင်ထားဖို့ ဆိုတာ…
လုံးဝမဖြစ်နိုင်ဘူး …
မိုးတိမ်တစ်ပွင့်ချင်းစီကို နာမည်ခေါ် …
လို့ …
တကယ်တော့ ငါဟာ …
စိုစွတ်ခြင်းရဲ့ အသည်းကွဲသူ တစ်ယောက် …
ငါ့အတွက် ကဗျာဟာ လိုအပ်လာတယ် …
နေရာအနှံ့က ကောင်းကင်အချပ်စီတိုင်းကို …
တစ်ချပ်စီ …တစ်ချပ်စီ …
တလှပ်လှပ်ခွာရင်း …
ကောင်မလေး …
လမ်းခွဲတဲ့နေ့က ငါ …
မျက်ရည်တွေပေါ် သီချင်းတွေကျူး …
ကောင်းကင်တစ်ခုနဲ့ ကခုန်ရူးခဲ့ရတယ် …
ဆက်လက်မွေးဖွားလာတဲ့ ငါ့မနက်ခင်းတိုင်းဟာ …
နေခုနစ်စင်းတို့ရဲ့ တည်နေရာ …
တစ်ခုလို …
စပ်လောင် အိုက်ကြောင်တယ် …
(၄)
ဒီတော့ …
ကောင်မလေး …
မင်းနားလည် …။…။…
အသည်းကွဲတဲ့ လူမှာ ဘယ်တော့မှ …
ဦးဏှောက်မရှိဘူး …
သူဟာ …
ကိုယ့်မျက်ရည်ကို ပြန်သောက်သုံးနေတဲ့ လူတစ်ယောက် …

In: ကဗျာ Posted By: Date: Jun 11, 2010
Comment #1

“နေခုနစ်စင်းတို့ရဲ့ တည်နေရာ …
တစ်ခုလို …
စပ်လောင် အိုက်ကြောင်တယ် …”

ဘယ်လိုရှာတွေ့ တာလဲ……………အားပါလိုက်တာဗျာ

commentinfo By: puhtuzin at Jun 12, 2010
Comment #2

ထိတယ်ဗျာ…

(၄)….

commentinfo By: ကိုဇင် at Aug 27, 2010
Comment #3

သိပ်ကောင်းတဲ့ကဗျာလေးဗျာ
ကျွန်တော်နှစ်သက်စွာအားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Apr 8, 2012
Comment #4

ကောင်းလိုက်တာ ဗျို့……. အသည်းကွဲတဲ့လူမှာဘယ်တော့မှဦးဏှောက်မရှိဘူး……

ကြိုက်တယ်ဗျာ..

commentinfo By: နိုးဆက် နေ့ at Jan 20, 2013
Comment #5

အသည်းကွဲတဲ့ လူမှာဘယ်တော့မှ … ဦးဏှောက်မ ရှိဘူး… သူဟာ … ကိုယ့်မျက်ရည်ကို ပြန်သောက်သုံးနေ တဲ့ လူတစ်ယောက်။
အားပါတယ်ဗျာ။

commentinfo By: အရိပ်ကလေး at Jan 20, 2013
Comment #6

R lar larr

heart ko a g g hti de.

commentinfo By: ei lay at Jan 21, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment