Professional Authors

ချစ်ခြင်း၏ ပဉ္စမမြောက်အရပ်၌

နာကျင်မှုတွေက စိတ္တဇတိုက်ဆိုင်မှုတွေအောက်
မိုင် ၅၀ လောက်နစ်မြုပ်ပိတ်ဖုံးနေရတယ်
တချက်တချက်ဆောင့်ဆောင့်တတ်လာတဲ့
သွေးခုန်နှုန်းတိုင်းမှာ တံခါးစောင့်မရှိဘူး

ပထမဆုံးခုန်ကျော်ရမဲ့မီးကွင်းကိုကြည့်ရင်း
ကျားလည်း ကျားအလျောက်
ကြောက်တော့ကြောက်နေရှာမှာဘဲ
အိပ်ဖန်စောင့်ရင်ထဲမှာလည်း
နေရောင်ခြည်ကို ချစ်ပိုင်ခွင့်ရှိပါသေးတယ်
ငါ့သီချင်းသံတွေ အလွမ်းဘက်ကို
Key ချိန်းသွားတာ ငါမသိလိုက်ခြင်းဟာ
သေဆုံးခြင်းနဲ့ တိုက်ရိုက်အချိုးကျတယ်

အောက်ဆီဂျင်ဖြစ်ဖြစ် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖြစ်ဖြစ်
သက်ပြင်းစစ်စစ်မှာ အရောင်အဆင်းမရှိဘူး
နာကျဉ်းမှုတွေသာ ပျော်ဝင်ရောစပ်ထားတယ်

အရာရာချိုမြိန်ခဲ့တဲ့ ငါ့ရဲ့ ဝိညာဉ်မလေးရေ
မျက်ရည်သွေးတွေနဲ့ ခြယ်မှုန်းထားတဲ့
ဂန္တဝင်ပန်းချီကားချပ်ပေါ်မှာ
တိမ်သားတစ်စလို လွင့်ပျံလူးလွန့်နေပါတော့

နှိုးစက်မဆန်ခဲ့တဲ့ မိုးရေဆိုတာ
လူမုန်းများဖို့ သက်သေမလိုဘူး
တိတ်တိတ်ကလေးဘဲရွာရွာ
ထစ်ထစ်ချုန်းချုန်းဘဲရွာရွာ
ငါတို့ဟာ ပင်လယ်ဆီကို
ခြေဦးလှည့်ပြီးသား မြှားတွေဆိုတာတော့ မမေ့နဲ့ဦးလေ

အတိတ်တွေကို လျစ်လျူရှူခဲ့မိလို့
အခုသူတို့အရွယ်ရောက်လာတော့
ငါတို့အနာဂတ်ကို ဓားထောက်ခြိမ်းခြောက်ကြပြီ
ဘဝဆိုတာက ရုပ်ရှင်တွေလို
ဖလင်ရှိသလောက်ရိုက်လို့ရတဲ့ ဇာတ်လမ်းမျိုး မဟုတ်သလို
သူတို့ညားကြလေသတည်းနဲ့
စာတန်းထိုးပြီး ဇာတ်သိမ်းလို့လည်း မရခဲ့ဘူးလေ

နင့်နှလုံးသားပေါ်မှာ ပန်းနုရောင်မျဉ်းကြောင်းလေးရှိတယ်
ချစ်ခြင်းရဲ့ အနားသတ်ကမ်းစပ်ဆိုပါစို့
အဲ့ဒီတစ်ဖက်က အလံဖြူဖြူလေးကတော့
ကျိန်စာဆူးလို့ ရူးသွားရှာပြီ

၂၁ရာစုထဲရောက်တာတောင်
Methanol ထည့်မှ မောင်းလို့ရမဲ့
အင်ဂျင်တစ်လုံးလို ဘဝကအနောက်ဖက်ကို
ဒရွတ်ဆွဲချခံနေရတယ်
ဆားတစ်ဇွန်းနဲ့ ပုလင်းထဲဝင်ပြီး
ဈေးတက်ချင်ပေမဲ့လည်း
ဓာတ်ပြုပုံနည်းစနစ်အလွဲကြီးထဲမှာ
စိတ်ဓာတ်တွေ ပေါလောမျောခဲ့ရတယ်

ငါသိသလောက်အနုသုခုမသဘောတရားဆိုတာ
မင်းအပြုံးလေးမှာ စ ပြီး
မင်းရယ်သံလေးမှာ ဆုံး သွားခဲ့တယ်

နှုတ်ခမ်းလေးရဲ့ ‘ ဖျက် ‘ ကနဲ အပွင့်မှာ
ငါ့မျှော်လင့်ချက်တို့ စကြာဝဠာပန်းတွေလိုယိမ်းဝေ့နိုးထလာကြ …
……………..
……………..
မျက်လုံးလေးရဲ့ ‘ ဖျက် ‘ ကနဲ အပိတ်မှာ
ငါ့တစ်ဘဝလုံး မီးမှိတ်ချလို့ ညနက်တွေဘဲ ကျန်ခဲ့ကြ …
……………..
……………..
နိယာမတစ်ခုလောက်ချပြဖို့
အဲ့ဒီမျက်လုံးပေါ်မှာ ပြုံးတတ်တဲ့နှုတ်ခမ်းလေးပါ
ကန့်လန့်ဖြတ် တင်ပေးပါလား

စေ့စေ့စပ်စပ်ဖိခြစ်လိုက်တာတောင်
မီးမတောက်ခဲ့ရတဲ့ နတ်သမီးမီးခြစ်ထဲက
မီးခြစ်ဆံလေးတစ်ချောင်းလိုဘဲ
လွင့်ပစ်ခဲ့တဲ့သူကိုတောင် စိတ်နာခွင့်မရှိခဲ့ဘူး

လောကကို အလိုမကျတိုင်း
အခန်းတံခါးကို ဂျက်ထိုးပြီး
ပိတ်အော်ပစ်လိုက်တယ်
သွေးမထွက်တဲ့ ဒဏ်ရာတွေက
ပိုနာတယ်ဆိုတဲ့ အကြောင်း ….

အဲ့ဒီသောကြာညနေခင်းကတော့
လေထဲကို Circuit အဟောင်းတွေ ပစ်တင်လိုက်တယ်
ဘယ်သူတွေ နေလုံးကြီးကို download လုပ်သွားတာလဲ
အမှောင်တွေ ဖွေးဖွေးလှုပ်အောင် သည်းလာပြီ

ပြက္ခဒိန်စာရွက်ပေါ်မှာ
ကလေးလေးက လက်ကလေးနှစ်ချောင်းနဲ့
လမ်းလျှောက်ရင်း နောက်တကွက်ကို ကူးလိုက်တယ်
ဒီလိုနဲ့ဘဲ ငါတို့ ဝေးကွာခြင်းလည်း
အသက်တစ်ရက်ကြီးသွားခဲ့ပြန်တယ်…  မိန်းကလေးရေ ။       ။

ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ၁၈၉ ရက်အကြာ …

In: ကဗျာ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment