Professional Authors

စိတ္တဇည

 

တိတ်ဆိတ်ခြင်းကို ဖြိုခွဲတွန်းလှန်ဖို့

ခွေးဟောင်သံကို နားစွင့်ခဲ့တဲ့ ည….။

 

အလဲအကွဲ တွန့်ကြေနေတဲ့ ဒီလရောင်က

သေသူတို့ရဲ့ နှလုံးသားကို

ပြန်လည်အသက်သွင်းပစ်လိုက်တဲ့ ည….။

 

တစိမ့်စိမ့်ကျနေတဲ့ ရေတံခွန်ထိပ်နားက

ရှိုက်သံ တိုးတိုးကြားတယ်

လျှပ်စီးတလက်လက်ကြားမှာ

မျက်ရေစမ်းချောင်းတို့

ပင်လယ်ထဲ ခပ်ကြမ်းကြမ်း စီးဝင်ခဲ့တဲ့ ဟောဒီည….။

 

သွေးရူးသွေးတန်းလန့်နိုး

ငါ့ကိုယ်စောင့်နတ် ငါ့ဆီက ပြန်ရှာမတွေ့တော့တဲ့

အလင်းမဲ့ ည….။

 

ပြန်လာပါ….ငါ မရပ်မနား ဆုတောင်းကြည့်လိုက်တယ်

ဝိုးတ၀ါး အိပ်မက်နဲ့ ကောင်းကင်ကို မော့ကြည့်မိတော့

ကြွေကျပေးစရာ ကြယ်တစင်းတလေတောင် မပွင့်ဝေနိုင်တဲ့ ည…..။

 

ထိတ်လန့်တကြားနဲ့ အိပ်ဆေးဘူးကို လိုက်စမ်းတော့

လက်ထဲမှာ ပါလာတာက မြွေတကောင်

မရုန်းမကန် ငါ့ကို ညှို့ဖို့ ကြိုးစားတယ်

သူ့မျက်လုံးနဲ့ အလင်းတခုခုများရမလား စူးစမ်းကြည့်တော့

အမှောင်သည်းသည်းက ငါ့ကို ဖမ်းယူ

ပိုးစုန်းကြူးတွေတောင် သူတို့အလင်းကို လွှတ်ချထားတဲ့ ည….။

 

ညမွှေးပန်းတို့လည်း ခေါင်းငုံ့လို့

ညင်ညင်သာသာပဲ အမှောင်ကို လက်နက်ချကြတယ်

တဖြည်းဖြည်းနီးလာတဲ့ တွန်းလှည်းကြိတ်သံ…

အပြေးအလွှားလိုက်ကြည့်မိတော့

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ငါ့ဝိညာဉ်ကိုယ်ပွားဟာ

ထာဝရငြိမ်းချမ်းသွားတော့မလိုမျိုး

သက်ပြင်းတို့တဖွားဖွားနဲ့ ကိုယ့်မျက်ရည်ကိုယ် ပြန်ရှာမတွေ့တော့တဲ့ ည……။

 

ကုန်းဆင်းအတိုင်း လိမ့်ကျသွားတဲ့

ဒီမီးတောက်တွေ ငါ့ခနာကိုယ်အပိုင်းအစတွေကို

တမြေ့မြေ့ ၀ါးမြို

အရေးတကြီး ငြိမ်းသက်ဖို့ ကြိုးစားတော့

တစက် နှစ်စက် …..

နောက်တော့ တဝေါဝေါ

မျောပါမသွားအောင်

လှမ်းဆွဲလိုက်တဲ့ ကောက်ရိုးတမျှင်က ငါ့ကို လွှတ်ချသွားတဲ့ ည….။

In: ကဗျာ Posted By: Date: Jun 12, 2013
Comment #1

good

commentinfo By: raindrops at Jun 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment